၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်း အပိုဒ် ၂၅ တွင် ပါဝင်သည့် ပြဋ္ဌာန်းချက်သည် နှုန်းထားများနှင့် အခွန်လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းဖြစ်၍ ပယ်ဖျက်သင့်ကြောင်း NLD လွှတ်တော် ကိုယ်စားလှယ် အကြံပြု

၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်း အပိုဒ် ၂၅ တွင် ပါဝင်သည့် ပြဋ္ဌာန်းချက်သည် နှုန်းထားများနှင့် အခွန်လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းဖြစ်၍ ပယ်ဖျက်သင့်ကြောင်း NLD လွှတ်တော် ကိုယ်စားလှယ် အကြံပြု
စက်တင်ဘာ ၄ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို တွေ့ရစဉ်
စက်တင်ဘာ ၄ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို တွေ့ရစဉ်
Published 5 September 2019
စိုးမင်းထိုက်၊ စည်သူ

၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်း အပိုဒ် ၂၅ တွင်ပါဝင်သည့် ပြဋ္ဌာန်းချက်သည် နှုန်းထားများနှင့် အခွန်လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းဖြစ်၍ ပယ်ဖျက်သင့်ကြောင်း NLD ပါတီ၏ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၇) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာပြည့်ဖြိုးက အကြံပြုဆွေးနွေးသည်။

စက်တင်ဘာ ၄ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းပါ အပိုဒ် ၂၅ ပါ အဆိုပြုချက်အား ပယ်ဖျက်သွားဖို့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အပိုဒ် ၂၅ မှာ အပိုင်း နှစ်ပိုင်းက ရောထွေးနေပါတယ်။ တစ်ပိုင်းကတော့ ဝင်ငွေခွန် စည်းကြပ်မှု လွတ်ကင်းနေတဲ့ ဝင်ငွေအပေါ် ၃၀ ရာခိုင်နှုန်းနဲ့ ဝင်ငွေခွန် စည်းကြပ်ရမယ်လို့ ပါပါတယ်။ သို့ရာတွင် ဒုတိယအပိုင်းအနေနဲ့ နိုင်ငံသား မည်သူမဆို အခြေပစ္စည်းတစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းအသစ် တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံတိုးချဲ့ ဆောင်ရွက်ခြင်း တို့အတွက် အသုံးပြုသည့် ဝင်ငွေမှ ဝင်ငွေရလမ်း တင်ပြနိုင်သည့် ဝင်ငွေရှိပါက ယင်းဝင်ငွေအား နုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ်တွင် လည်းကောင်း၊ ဝင်ငွေရလမ်း တင်ပြနိုင်ခြင်း မရှိပါက အသုံးပြုသည့် ဝင်ငွေအပေါ်တွင် လည်းကောင်း အောက်ဖော်ပြပါ အခွန်နှုန်းထားအတိုင်း ဝင်ငွေခွန် စည်းကြပ်ရမည်။ အသုံးပြုသည့် ဝင်ငွေအားလုံးအပေါ် ဝင်ငွေရလမ်း အတိအကျ တင်ပြနိုင်ပါက ဝင်ငွေခွန် ထမ်းဆောင်ရန်မလိုပါဟု ဖော်ပြထားပါတယ်”ဟု ဒေါက်တာပြည့်ဖြိုးက ဆွေးနွေးသည်။

ဆက်လက်၍ ၎င်းက “ဆိုလိုရင်းကို သုံးသပ်ကြည့်မယ်ဆိုရင် နှုန်းထားတွေနဲ့ အခွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ TAX Holiday သို့မဟုတ် Tax Amnesty လုပ်ခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နှစ်စဉ် အခွန်အကောက်ဥပဒေတွေမှာလည်းပဲ Tax Amnesty ရယ်လို့ သီးသန့် မဖော်ပြပေမဲ့ မထိရောက်သေးတဲ့ အခွန်သက်သာမှုနှုန်းတွေနဲ့ နှစ်စဉ်ပါဝင်နေတာ ဖြစ်ပါတယ်။၂၀၁၅ ခုနှစ်မှာ ထူးခြားတာ တွေ့ရပါတယ်။ ရာခိုင်နှုန်းတွေ လျော့နေတာရှိပါတယ်။ အခုဥပဒေကြမ်းမှာတော့ ယခင်နှစ်တွေထက် ပိုမိုလျှော့ပေါ့ထားတဲ့ အခွန်နှုန်းထားတွေ ပါဝင်လာတာ ဖြစ်ပါတယ်။ ဥပဒေကြမ်းပူးပေါင်းရဲ့ ပြင်ဆင်ထားချက်ကတော့ ၁၅ ရာခိုင်နှုန်းအလွှာ တစ်ခု ထပ်မံတိုးလိုက်တာပဲ ဖြစ်ပါတယ်။ ဒါကို အထူးလေ့လာ တွေ့ရှိချက်အနေနဲ့ အခွန်လွတ်ငြိမ်းခွင့်ပေးထားတာ မဟုတ်ဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဘယ်လိုပဲပြောပြော ဒါဟာ Tax Amnesty,Tax Holiday  ပါ။ အာရှနိုင်ငံတွေ အပါအဝင် နိုင်ငံတော်တော်များများရဲ့ အခွန်ပြုပြင်ပြောင်းလဲမှုတွေမှာဆိုရင် ကျွန်တော်တို့နိုင်ငံလိုပဲ မထိရောက်တဲ့ နှုန်းထားတွေနဲ့ နှစ်စဉ်လိုလို Tax Amnesty လုပ်ကြပါတယ်။ သုံး ရာခိုင်နှုန်း၊ ငါး ရာခိုင်နှုန်းနဲ့ ၂၀၁၈-၂၀၁၉ တုန်းက ဥပဒေကြမ်း ပါတာကို ပယ်ဖျက်ခဲ့တဲ့ပုံစံ ဖြစ်ပါတယ်။ ပထမ ခြောက်လ၊ ဒုတိယ ခြောက်လ နဲ့ ဆောင်ရွက်တဲ့ကိစ္စ ဖြစ်ပါတယ်။ သို့သော်လည်းပဲ ကြိုတင်ပြင်ဆင်မှု မရှိတာ၊ မပြည့်စုံတာ၊ လွှတ်တော်က ကန့်ကွက်တာကြောင့် ပါလာခဲ့ခြင်း မရှိပါဘူး”ဟု ဆိုသည်။

ထို့ပြင် တိုင်းပြည်စီးပွားရေး လိုအပ်ချက်အရ လုပ်တော့မည်ဆိုပါက ထိရောက်အောင်လုပ်ဖို့ လိုမည်ဖြစ်ကြောင်း၊ ယခု ဥပဒေကြမ်းပါ သက်သာခွင့်ပြုခြင်းသည် တိုင်းပြည်၏ စီးပွားရေးကို အထောက်အကူ ဖြစ်စေမည်။ တစ်နည်းအားဖြင့် အခွန်ပိုရလာမည့် အချက်ဖြစ်သည်ကို သဘောမတူ၍ ပယ်ဖျက်ရန် ဆွေးနွေးရခြင်း မဟုတ်ကြောင်း၊ အထိုက်အလျောက်အခွန်များ ပိုရလာမည် ဖြစ်ကြောင်း၊ သုံး ရာခိုင်နှုန်း၊ ငါး ရာခိုင်နှုန်းဆိုသည့် အခွန်လွှာများတွင် အိမ်ရာပိုင်ဆိုင်မှုများ၊ ကားပိုင်ဆိုင်မှုများ စသည်တို့ ဝင်လာမည် ဖြစ်ကြောင်း၊ သို့ရာတွင် ပိုရရှိလာမည့် အခွန် နှင့် အကျိုးဆက်မှာ မရေရာကြောင်း၊ ယခု သွားနေသည့် Tax Reform  ပုံစံမှာ ရှုပ်ထွေးမှုများ ရှိလာမည် ဖြစ်ကြောင်း၊ ၁၀ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်းအလွှာနှင့် ငြိမည့််သူများ ဝင်လာမည် မဟုတ်ကြောင်း နောက်တစ်ကြိမ် ထပ်မံစောင့်နေဦးမည် ဖြစ်ကြောင်း၊ အခွန်ပြောင်းလဲမှုနှင့် ပတ်သက်၍ ပြင်ပ၌ ကြားနေရသည့် အိမ်ခြံမြေလုပ်ငန်း အေးစက်နေခြင်းများ၊ ဘဏ်များ အကျပ်အတည်းဖြစ်နေခြင်း များရှိနေကြောင်း၊ ဗဟိုဘဏ်အနေဖြင့် ပုဂ္ဂလိကဘဏ်များကို နိုင်နိုင်နင်းနင်း လုပ်ရန် လိုအပ်ကြောင်း ဒေါက်တာပြည့်ဖြိုးက ဆွေးနွေးသည်။

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၈) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းက ၂၀၁၉ ခုနှစ် အခွန်အကောက် ဥပဒေတွင် ပါဝင်သည့် ပုဒ်မ ၂၅ နှင့်ပတ်သက်၍ ကန့်ကွက် ဆွေးနွေးမည် ဖြစ်ကြောင်း၊ ယင်းပုဒ်မသည် အကြောင်းအမျိုးမျိုးကြောင့် အခွန်ရှောင်ခဲ့သူများ၊ လျော့နည်း ပေးဆပ်ခဲ့သူများကို အထူးအခွင့်အရေး တစ်ရပ်အနေဖြင့် ဖန်တီးပေးထားသည့် ပုဒ်မဖြစ်ကြောင်း၊ အခြားနိုင်ငံများတွင် ဥပဒေတစ်ရပ် ပြဋ္ဌာန်းပြီး Tax Amnesty ပေးလေ့ရှိကြောင်း ဆွေးနွေးသည်။

“ကျွန်တော်တို့ဆီမှာ အခုလိုပဲ စည်းကြပ်မှုကနေ လွတ်ကင်းနေတဲ့ ဝင်ငွေလို့ခေါ်တဲ့ ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့ ဝင်ငွေကို ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ရှစ်ရာခိုင်နှုန်းနဲ့ ငါးနှစ်ဆက်တိုက် ပေးခဲ့ဖူးပါတယ်။ မနှစ်က ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်တုန်းကလည်း အခုလိုပဲ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေကို ချေးယူထားတဲ့ ငွေတွေပြန်ဆပ်ဖို့ ဘဏ်တွေက နှိုးဆော်ခဲ့ပါတယ်။ အဲဒီတော့ ဆောက်ထားတဲ့ အိမ်တွေကို ရောင်းဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ ဖြစ်သင့်တဲ့စျေးထက် အများကြီးမြင့်တဲ့ စျေးကွက်ကြောင့် ရောင်းမထွက်ပါဘူး။ ဒီတော့ ရောင်းထွက်ဖို့အတွက် လျှော့စျေးနဲ့ အခွန်ဆောင်ခိုင်းပြီး ဒီအိမ်တွေ ရောင်းထွက်ဖို့ အခုလိုပဲ ဥပဒေပုဒ်မ တစ်ခုထည့်ပြီး ကုစားဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီအစီအစဉ် ပျက်သွားခဲ့ပါတယ်။ အဲဒီတုနး်ကလည်း ကန့်ကွက်ခဲ့ပါတယ်။ ဒါဟာ ကုထုံးမဟုတ်ဘဲ အနာသက်သာအောင် ပရုတ်ဆီလူးတဲ့ အခြေအနေမျှသာဖြစ်ခဲ့လို့ ဖြစ်ပါတယ်။ အခုလုပ်နေတာက Tax Amnesty မဟုတ်ဘူးလို့ ပြောပါတယ်။ ကျွန်တော့်အမြင်ကတော့ အဲဒီထက်တောင် ပိုဆိုးနေပါတယ်”ဟု ဦးမျိုးဝင်းက ဆိုသည်။

၂၀၁၉ ခုနှစ် အခွန်အကောက်ဥပဒေ၏ ပုဒ်မ ၂၅ ကိုကြည့်ပါက ပုဒ်မ တစ်ခုတည်း၌ ရှေ့နောက် နှစ်မျိုး ဖြစ်နေကြောင်း၊ ယင်းအပေါ်တွင် ညှိနှိုင်းမှုများအရ အဂတိများ ဖြစ်လာနိုင်ကြောင်း၊ ဥပဒေတစ်ရပ်သည် ၀ိ၀ါဒကွဲနေ၍ မရကြောင်း၊ အခွန်ရှောင်မည့် အစီအစဉ်များအား ထိန်းချုပ်မည့် အစီအစဉ်ရှိပြီလား ဆိုသည်မှာ မေးစရာဖြစ်နေကြောင်း ဦးမျိုးဝင်းက ပြောကြားသည်။

 

 

Most Read

Most Recent