သီလဝါ အထူးစီးပွားရေးဇုန်နှင့် မျက်နှာချင်းဆိုင် ရန်ကုန်ဘက်ခြမ်းတွင် အထူးစီးပွားရေးဇုန်တည်ထောင်ရန် စီမံကိန်းဖြစ်နိုင်ခြေတွက်ချက်ထားပြီး ရင်းနှီးမြှုပ်နှံမည့် ယင်းစီမံကိန်းများကို Yangon Project Bank အတွင်း ထည့်သွင်းထားကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

သီလဝါ အထူးစီးပွားရေးဇုန်နှင့် မျက်နှာချင်းဆိုင် ရန်ကုန်ဘက်ခြမ်းတွင် အထူးစီးပွားရေးဇုန်တည်ထောင်ရန် စီမံကိန်းဖြစ်နိုင်ခြေတွက်ချက်ထားပြီး ရင်းနှီးမြှုပ်နှံမည့် ယင်းစီမံကိန်းများကို Yangon Project Bank အတွင်း ထည့်သွင်းထားကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား
Malaysia Myanmar Connect (MMC) 2019 အခမ်းအနားကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
Malaysia Myanmar Connect (MMC) 2019 အခမ်းအနားကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 31 August 2019
ဇေယျာငြိမ်း

သီလဝါအထူးစီးပွားရေးဇုန်နှင့် မျက်နှာချင်းဆိုင် ရန်ကုန်ဘက်ခြမ်းတွင် အထူးစီးပွားရေးဇုန်နှင့် မြို့သစ်စီမံကိန်းများ တည်ထောင်နိုင်ရန် စီမံကိန်းဖြစ်နိုင်ခြေများ တွက်ချက်ထားပြီး ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်မည့်  ယင်းစီမံကိန်းများကို Yangon Project Bank ရန်ကုန်စီမံကိန်းဘဏ်)အတွင်း ထည့်သွင်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ရန်ကုန်မြို့ဟာ ပင်လယ်ဘက်ကို မျက်နှာမူထားတာဖြစ်ပါတယ်။ ရန်ကုန်မြစ်ရဲ့ အရှေ့ဘက်ခြမ်းဟာ သီလဝါအထူးစီးပွားရေးဇုန်ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ဟာ သီလဝါအထူးစီးပွားရေးဇုန်ရဲ့ မျက်နှာချင်းဆိုင်ဘက်အခြမ်းမှာ ဒီဘက်ခြမ်းတစ်ခုလုံးဟာ ရန်ကုန်မြို့ရဲ့ မြို့သစ်စီမံကိန်းတွေ ရန်ကုန်မြို့ရဲ့ အထူးစီးပွားရေးဇုန်တွေကို ဆက်လက်တည်ဆောက်နိုင်ဖို့အတွက် အခွင့်လမ်းကောင်းတွေအများကြီးရှိနေသေးတဲ့ အခြေနေကောင်းတွေဖြစ်ပါတယ်။ဒါကြောင့်မို့ ဒီကဏ္ဍနယ်ပယ်တွေမှာ ရင်းနှီးမြှုပ်နှံဆောင်ရွက်နိုင်ဖို့အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ စီမံကိန်းတွေ စနစ်တကျစီစဉ်ပြီး ရန်ကုန်ရဲ့Project Bank တစ်ခုကို ထူထောင်ခဲ့ပါတယ်။ ဒီအထဲမှာ စီ မံကိန်း ၈၀ လောက်ကို စီမံကိန်းဖြစ်နိုင်ခြေတွေကို အကြမ်းဖျင်း ဆောင်ရွက်ထားတာ ရှိပါတယ်” ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက  ပြောကြားသည်။

သြဂုတ် ၃၀ ရက်က ရန်ကုန်မြို့ရှိ WYNDHAM GRAND HOTEL YANGON ၌ ပြုလုပ်သည့် Malaysia Myanmar Connect (MMC) 2019  အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့၏ အနောက်တောင်ဘက် အခြမ်း၊ ရန်ကုန်မြစ်၏ အနောက်ဘက်ခြမ်းမှာ ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေကြောင်း၊ ထို့အပြင် ရန်ကုန်မြို့၏ကဏ္ဍအသီးသီး၌ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန် များစွာ ကျန်ရှိနေကြောင်း သိရသည်။

“ရန်ကုန်မြို့ကို ကြည့်မယ်ဆိုရင် ရန်ကုန်မြစ်ကြီးရဲ့ အနောက်တောင်ဘက်အခြမ်းကို ကြည့်မယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်ရေး ဘာမှမရှိသေးပါဘူး”   ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များ အဆင့်မြှင့်တင်နိုင်ရေး  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ထန်းတပင်စက်မှုဇုန်စတင်တည်ဆောက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

ထို့ပြင် သန်လျင်မြို့နယ်အတွင်းရှိ မြေဧက ၄၀၀ ပေါ်တွင် စက်မှုဇုန်တည်ထောင်ခြင်းကို ပြည်တွင်းကုမ္ပဏီနှစ်ခုနှင့် တရုတ်ကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရထံ လာရောက်ဆွေးနွေးထားကြောင်း သြဂုတ် ၁၃ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

အဆိုပါ သန်လျင်စက်မှုဇုန်စီမံကိန်းနှင့်ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုအဆင့်မှာ သာရှိနေသေးပြီး မည်သည့်နေရာတွင် အကောင်အထည်ဖော်ဆောင်ရွက်မည်ကို မသတ်မှတ်ရသေးကြောင်းနှင့် စီမံကိန်းနှင့် ပတ်သက်ပြီး နိုင်ငံတော်အကြီးအကဲများနှင့် ပညာရှင်များ၏ လမ်းညွှန်ချက်များရယူပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်တည်ထောင်ရန် လျာထားသည့်မြေနေရာများတွင် ငွေရှင်ကြေးရှင်များက လယ်ယာမြေများ လာရောက်ဝယ်ယူနေမှုများကို  တောင်သူလယ်သမားများအနေဖြင့် မရောင်းချရန် သြဂုတ် ၁၃ ရက်က ပြုလုပ်သည့် ရန် ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဒေါ်နော်ပန်းသဥ္ဇာမျိုးက ပြောကြားသည်။

ယင်းကဲ့သို့ ရောင်းချခဲ့ရသောဖြစ်စဉ်များလည်း ရှိခဲ့သည့်အတွက် ငွေရှင်ကြေးရှင်များ၏ ငွေကစားသည့်ဒဏ်ကို ခံခဲ့ရမှုများလည်း ယခင်ကရှိခဲ့ကြောင်း၊ထို့ကြောင့် တောင်သူလယ်သမားအစစ်အမှန်များက နိုင်ငံတော်က စေတနာထားပြီး ဖော်ဆောင် ပေးခဲ့သောအကျိုးကျေးဇူးများကို မရရှိမည်ကို စိုးရိမ်ကြောင်း ဒေါ်နော်ပန်းသဥ္ဇာမျိုးက ဆိုသည်။                                         

 

Most Read

Most Recent