MTV သီချင်းဗီဒီယိုဆုပေးပွဲ၏ တစ်နှစ်တာအကောင်းဆုံး သီချင်းဗီဒီယိုဆုကို တေလာဆွစ်ဆွတ်ခူး

MTV သီချင်းဗီဒီယိုဆုပေးပွဲ၏ တစ်နှစ်တာအကောင်းဆုံး သီချင်းဗီဒီယိုဆုကို တေလာဆွစ်ဆွတ်ခူး
Published 28 August 2019

၂၀၁၉ ခုနှစ် MTV သီချင်းဗီဒီယိုဆုပေးပွဲတွင် ပေါ့ပ်အဆိုတော် တေလာဆွစ်က တစ်နှစ်တာအကောင်းဆုံး သီချင်းဗီဒီယိုဆုအပါအဝင် ဆုသုံးဆု ဆွတ်ခူးခဲ့သည်။

အရီယာနာဂရန်ဒီသည်လည်း ဆန်ခါတင်စာရင်းတွင် ဖော်ပြခံရသည့် ဆု ၁၀ ဆုအနက် တစ်နှစ်တာအကောင်းဆုံး အဆိုတော်ဆုအပါအဝင် ဆုသုံးဆု ဆွတ်ခူးခဲ့သည်။ အရီယာနာဂရန်ဒီသည် ဥရောပဖျော်ဖြေပွဲခရီးစဉ်ကြောင့် သြဂုတ် ၂၆ ရက်က ကျင်းပခဲ့သည့် MTV သီချင်းဗီဒီယိုဆုပေးပွဲသို့ မတက်ရောက်နိုင်ခဲ့ပေ။ 

နယူးဂျာစီပြည်နယ် Newark မြို့ရှိ Prudential စင်တာတွင် သြဂုတ် ၂၆ ရက်က ကျင်းပခဲ့သည့် MTV သီချင်းဗီဒီယိုဆုပေးပွဲတွင် ဆယ်ကျော်သက် အော်တာနေးတစ်အဆိုတော် ဘီလီအိုင်းလစ်ရှ်သည် တက်သစ်စအဆိုတော်ဆုနှင့် Best Editing ဆုကို ဆွတ်ခူးခဲ့သည်။ တက်သစ်စအဆိုတော် တစ်ဦးဖြစ်သည့် Lil Nas X သည် ဘီလီရေးဆိုင်းရပ်စ်နှင့် တွဲဖက်သီဆိုထားသည့် Old Town Road သီချင်းဖြင့် Best Direction ဆုကို ဆွတ်ခူးခဲ့သည်။ ကာဒီဘီသည် အမျိုးသားရက်ပ်အဆိုတော်များကို ကျော်တက်ပြီး Money သီချင်းဗီဒီိယိုဖြင့် တစ်နှစ်တာအကောင်းဆုံး ဟစ်ဟော့ပ်သီချင်းဗီဒီယိုဆုကို ရရှိခဲ့သည်။ ရှောမန်ဒက်စ်နှင့် ကာမီလာကာဘယ်လိုတို့၏ Senorita သီချင်းဗီဒီယိုသည် Best Cinematography ဆုနှင့် Best Collaboration ဆုကို ဆွတ်ခူးခဲ့သည်။ အမေရိကန်ပေါ့ပ်ဂီတလောကတွင် အောင်မြင်မှုရရှိခဲ့သည့် ကေပေါ့ပ်အမျိုးသား အဆိုတော်အဖွဲ့ BTS သည် အကောင်းဆုံးအဖွဲ့ဆုနှင့် အကောင်းဆုံးကေပေါ့ပ်ဆုကို ဆွတ်ခူးခဲ့သည်။

ယခုနှစ် MTV သီချင်းဗီဒီယိုဆုပေးပွဲ၏ ဖျော်ဖြေပွဲအစီအစဉ်ကို ပေါ့ပ်အဆိုတော် တေလာဆွစ်က လတ်တလောထွက်ရှိခဲ့သည့် အယ်လ်ဘမ်တွင်ပါဝင်သည့် Lover သီချင်းဖြင့် ဖျော်ဖြေမှုကို စတင်ခဲ့သည်။ သြဂုတ် ၂၃ ရက်က ဖြန့်ချိခဲ့သည့် ဆွစ်၏အယ်လ်ဘမ် Lover သည် ယခုနှစ်၏ ရောင်းအားအကောင်းဆုံး အယ်လ်ဘမ်ဖြစ်လာနိုင်သည်ဟုလည်း ခန့်မှန်းချက်များထွက်ရှိခဲ့သည်။ မိုင်လေဆိုင်းရပ်စ်သည်လည်း အသစ်ထွက်ရှိထားသည့် Slide Away သီချင်းဖြင့် ဖျော်ဖြေခဲ့သည်။ ယခုနှစ်သီချင်းဗီဒီယိုဆုပေးပွဲတွင် Ava Max၊ CNCO၊ ရှောမန်ဒက်စ်၊ ကာမီလာကာဘယ်လို၊ Lizzo၊ Jonas Brothers၊ Lil Nas X၊ Missy Elliott တို့လည်း ဖျော်ဖြေခဲ့သည်။

အမေရိကန်ရက်ပ်အဆိုတော် Missy Elliott သည် Michael Jackson Video Vanguard ဆုကို ဆွတ်ခူးခဲ့ပြီး ယင်းဆု ပထမဆုံးအကြိမ် ရရှိသည့် အမျိုးသမီးရက်ပ်အဆိုတော် ဖြစ်လာခဲ့သည်။

Most Read

Most Recent