သက်ရှိထင်ရှား တိပိဋကသုံးပုံအောင် ဆရာတော် ၁၀ ပါး ဟောကြားမည့် (သုတဗုဒ္ဓ အထူးတရားပွဲ) စက်တင်ဘာ ၂၇  ရက်မှ အောက်တိုဘာ ၆ ရက်အထိ ၁၀ ည ကျင်းပမည်

သက်ရှိထင်ရှား တိပိဋကသုံးပုံအောင် ဆရာတော် ၁၀ ပါး ဟောကြားမည့် (သုတဗုဒ္ဓ အထူးတရားပွဲ) စက်တင်ဘာ ၂၇  ရက်မှ အောက်တိုဘာ ၆ ရက်အထိ ၁၀ ည ကျင်းပမည်
Published 27 August 2019

တိပိဋကဓရ တိပိဋကကောဝိဒ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက (တိပိဋကသုံးပုံအောင်) သက်ရှိထင်ရှား ဆရာတော် ၁၀ ပါးက ဟောကြားမည့် (သုတဗုဒ္ဓ အထူးတရားပွဲ) ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် တံတားလေးလမ်းဝ နဝဒေးရုပ်ရှင်ရုံအနီး ဇမ္မူသီရိဗိမာန်၌ စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၆ ရက်အထိ ၁၀ ညတိုင်တိုင် ညစဉ် ၇ နာရီခွဲတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ တိပိဋကဆရာတော်တွေက မင်းကွန်းဆရာတော်ကြီးက စပြီးတော့ စုစုပေါင်း မြန်မာနိုင်ငံမှာ ယနေ့အချိန်ထိ ၁၄ ပါးရှိပြီပေါ့နော်။ ရေးဖြေရော အာဂုံရော နှစ်ခုလုံး အောင်တာဆိုရင်။ ဒီအထဲမှာ ပျံလွန်တော် မူသွားတာ လေးပါးရှိပြီပေါ့။ အဲဒီတော့ သက်ရှိထင်ရှား ၁၀ ပါးရှိတယ်ပေါ့။ အခုနောက်ဆုံးအောင်တဲ့ ဆရာတော်ဆိုရင် ကမ္ဘောဇ ဆရာတော်ပေါ့ ၁၄ ပါးမြောက်။ ကျွန်တော်တို့ ကိုးပါးကတည်းက ပူဇော်လာတာပေါ့။ အခုနှစ်ပိုင်း ကမ္ဘောဇဆရာတော် ပေါ်ထွန်းလာတော့ ၁၀ ပါးပေါ့။ ကျွန်တော်တို့ ပူဇော်လာတာ ဒီနှစ်ဆိုရင် ရှစ်နှစ်မြောက်ပေါ့။ တစ်နှစ်မှ ကြားထဲမှာ မပျက်သေးဘူး” ဟု ယင်းပွဲအား ကြီးမှူးကျင်းပသည့် သာသနမာမက အဖွဲ့မှ အမှုဆောင် တစ်ဦးဖြစ်သူ ကိုဝင်းထွဋ်ကြည်က ပြောကြားသည်။

စက်တင်ဘာ ၂၇ ရက်တွင် ဘဒ္ဒန္တဣန္ဒပါလ (ရမ္မာဝတီဆရာတော်)၊ စက်တင်ဘာ ၂၈ ရက်တွင် ဘဒ္ဒန္တသုန္ဒရ (စွန်းလွန်းဆရာတော်)၊ စက်တင်ဘာ ၂၉ ရက်တွင် ဘဒ္ဒန္တဝီရိယာနန္ဒ (ကမ္ဘောဇဆရာတော်)၊ စက်တင်ဘာ ၃၀ ရက်တွင် ဘဒ္ဒန္တအဘိဇာတာဘိဝံသ (စစ်ကိုင်းဆရာတော်)၊ အောက်တိုဘာ ၁ ရက်တွင် ဘဒ္ဒန္တဣန္ဒာစရိယ (ဘုတလင် ဆရာတော်)၊ အောက်တိုဘာ ၂ ရက်တွင် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ (မော်ကျွန်းဆရာတော်)၊ အောက်တိုဘာ ၃ ရက်တွင် ဘဒ္ဒန္တဝံသပါလာ လင်္ကာရ (မြင်းမူဆရာတော်)၊ အောက်တိုဘာ ၄ ရက်တွင် ဘဒ္ဒန္တဂန္ဓမာလင်္ကာရ (မြင်းခြံဆရာတော်)၊ အောက်တိုဘာ ၅ ရက်တွင် ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ (ရေစကြိုဆရာတော်)၊ အောက်တိုဘာ ၆ ရက်တွင် ဘဒ္ဒန္တသိရိ န္ဒာဘိဝံသ (ယောဆရာတော်) တို့က ရက်အလိုက် ဟောကြားသွားမည် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က ပုံမှန်တရားပွဲတစ်ခု ဆိုတာထက်ကို ဒီဆရာတော်ကြီးတွေကို တစ်စုတဝေးတည်း တစ်နေရာထဲမှာ ဖူးတွေ့ရဖို့ မလွယ်ပါဘူး။ နံပါတ် ၁ အချက်က ဆရာတော်ကြီးတွေကို တစ်စုတဝေးတည်း ဖူးမြော်ရန်၊ နံပါတ် ၂ အချက်က ဆရာတော်ကြီးတွေဟောတဲ့ ဒီဓမ္မအနှစ်သာရကို တစုတဝေးတည်း နာကြားရန်၊ နံပါတ် ၃ က ဆရာတော်ကြီးတွေရဲ့ နှလုံးအိမ်ထဲမှာရှိတဲ့ ဓမ္မခန္ဓာပေါင်း ၈၄၀၀၀ တရားတော်တွေ၊ သုတဗုဒ္ဓဆိုတဲ့ ဂုဏ်တွေ သံဃဂုဏ်တွေ ဒီအရာတွေကို တစုတဝေးတည်း ထိုင်ပြီးတော့ ကြည်ညိုပူဇော်လို့ ရနိုင်တယ်ပေါ့။ ဒီလိုရည်ရွယ်ချက်တွေပေါ့။ အဲရည်ရွယ်ချက်တွေနဲ့ ကျွန်တော်တို့က ကျင်းပတာပါ” ဟု  သာသနမာမကအဖွဲ့မှ ကိုဝင်းထွဋ်ကြည်က ပြောကြားသည်။

နှစ်ပေါင်း ၇၀ ကျော်အတွင်း တိပိဋကဓရ တိပိဋကကောဝိဒ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက  (တိပိဋကသုံးပုံအောင်) ဆရာတော်များမှာ ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ (မင်​းကွန်းဆရာ​တော်​ ) ၁၃၁၅ ခုနှစ်​၊ ၁၉၅၃ ခုနှစ်​မှ စတင်ကာ ၁၄ ပါးပေါ်ထွက်ခဲ့ပြီး သက်ရှိထင်ရှားမှာ ၁၀ ပါးသာ ကျန်ရှိတော့ကြောင်း သိရသည်။ ထိုအထဲမှ မင်​းကွန်​းဆရာ​တော်​ကြီးမှာ ပိဋကတ်သုံးပုံလုံး ဂုဏ်ထူးများဖြင့်ချည်း လေးနှစ်နှင့်အပြီး ဖြေဆိုအောင်မြင်၍ (၀ိသိဋ္ဌ-မဟာ) ဂုဏ်ထူးဘွဲ့ (ဗုဒ္ဓသာသနဝိသိဋ္ဌတိပိဋကဓရ မဟာတိပိဋကကောဝိဒ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက) ကို တစ်ပါးတည်း ရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent