ရှမ်းပြည်နယ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး အသုံးပြုရန် ထုတ်ပေးထားသော မော်တော်ယာဉ်၏ အပိုတာယာအတွင်းမှ မူးယစ်ဆေးဝါး အကျိုးအကြေများ တွေ့ရှိခဲ့ပြီး ယင်းသို့ တွေ့ရှိခဲ့သဖြင့် ဂုဏ်သိက္ခာ ထိခိုက်စေကြောင်း ပြည်နယ်ဝန်ကြီး ပြောကြား

ရှမ်းပြည်နယ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး အသုံးပြုရန် ထုတ်ပေးထားသော မော်တော်ယာဉ်၏ အပိုတာယာအတွင်းမှ မူးယစ်ဆေးဝါး အကျိုးအကြေများ တွေ့ရှိခဲ့ပြီး ယင်းသို့ တွေ့ရှိခဲ့သဖြင့် ဂုဏ်သိက္ခာ ထိခိုက်စေကြောင်း ပြည်နယ်ဝန်ကြီး ပြောကြား
ကားအပိုတာယာအတွင်းမှ တွေ့ရှိသည့် မူးယစ်ဆေးဝါးများကို သက်ဆိုင်ရာက စစ်ဆေးနေစဉ် (ဓာတ်ပုံ- ဦးစိုင်းရှဲန်တစ်လုံ)
ကားအပိုတာယာအတွင်းမှ တွေ့ရှိသည့် မူးယစ်ဆေးဝါးများကို သက်ဆိုင်ရာက စစ်ဆေးနေစဉ် (ဓာတ်ပုံ- ဦးစိုင်းရှဲန်တစ်လုံ)
Published 27 August 2019
စည်သာ (တောင်ကြီး)

တရားရုံးအမှု ပြီးပြတ်ကာ ဘဏ္ဍာသိမ်းထားသော မော်တော်ယာဉ်၏ အပိုဘီးတာယာအတွင်းမှ မူးယစ်ဆေးဝါး အကျိုးအကြေများ တွေ့ရှိခဲ့သဖြင့် မိမိ၏ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦး အနေဖြင့် မော်တော်ယာဉ်အသစ်ကိုသာ အသုံးပြုသင့်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး က ပြောကြားသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ အသုံးပြုနိုင်ရန် အစိုးရက ထုတ်ထားပေးသော FORTUNER မော်တော်ယာဉ်၏ အပိုတာယာဘီးအား လေဖြည့်ရန်အတွက် သြဂုတ်၂၅ ရက် နံနက် ၁၁ နာရီခန့်တွင် ယာဉ်မောင်း ဦးရဲဝင်းသည် လေထိုးဆိုင်တွင် ဖြုတ်ယူကြည့်ရှုစဉ် အတွင်း၌ မူးယစ်ဆေးဝါးဟု ယူဆရသောပစ္စည်းများ တွေ့ရသဖြင့် ဝန်ကြီးထံ ပြောကြားခဲ့ကြောင်း၊ ဝန်ကြီးကလည်း ဝန်ကြီးချုပ်ထံ သတင်းပို့ခဲ့ပြီး ဝန်ကြီးချုပ် ညွှန်ကြားချက်အရ  သက်ဆိုင်ရာ တာဝန်ရှိသူများက ဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်း စစ်ဆေးခြင်း၊ အတည်ပြုခြင်းများ ပြုလုပ်ခဲ့ပြီး အမှုဖွင့်လှစ် စစ်ဆေးနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊စွမ်းအင်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပြောကြားသည်။

အဆိုပါ မော်တော်ယာဉ်သည် အမှုပြီးပြတ်ခဲ့သဖြင့် တရားရုံးမှ နိုင်ငံတော်ဘဏ္ဍာ သိမ်းဆည်းထားခြင်းဖြစ်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အမိန့်စာဖြင့် လားရှိုးမြို့ ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနမှ ရှမ်းပြည်နယ်အစိုးရသို့ ၂၀၁၆ ခုနှစ် သြဂုတ်လ၌ ထုတ်ထားပေးခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ရရှိစဉ်က ဘီးလေးဘီးလုံးကို တာယာအသစ်လဲ၍ စီးခြင်းဖြစ်ကြောင်း၊ FORTUNER မော်တော်ယာဉ်၏ အပိုဘီးသည် ထိုင်ခုံအောက်တွင် ဝှက်ထားခြင်းဖြစ်သဖြင့် တော်ရုံ မသိနိုင်ကြောင်း၊ ယခင်က တစ်ကြိမ်မျှ စစ်ဆေးခဲ့ခြင်းမရှိဘဲ ယခုမှ အပိုဘီးကို စစ်ဆေးကြည့်ချိန် သိရှိရသဖြင့် ကံကောင်းခြင်း ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။

“ကားတွေ သုံးတာကြာပြီဆိုတော့ ကားဆရာကို သွားစစ်ဆေးဖို့ ပြောတာပေ့ါ။ အပိုဘီးကို လေဖြည့်ဖို့ ထုတ်လိုက်ချိန်မှာ လေဖြည့်လို့ မရဘူးဆိုတော့ အထဲမှာပစ္စည်းရှိတယ်ဆိုပြီး ပြောပြတယ်။ ဝန်ကြီးချုပ်ကိုလည်း အကြောင်းကြားတယ်။ ဝန်ကြီးချုပ်ကလည်း ရဲကို လှမ်းခေါ်လိုက်တာပေ့ါ။ အိမ်မှာ စစ်ကြည့် ဖြုတ်ကြည့်တာပေ့ါ။ ကားထဲမှာလည်း အကုန်လုံးကို ဖြုတ်စစ်တာပေ့ါ။ ဆေးတွေကလည်း မွနေတာပေ့ါ။ ခြောက်ကီလိုကျော် ရှိတာပေ့ါ။ ကားရဲ့ မှတ်တမ်းအချက်အလက်တွေကို ပြန်စစ်တယ်။ လားရှိုး တရားရုံးကနေ သွားယူလာတာပေါ့။ ကားဘီးလေးလုံးကို အသစ်လဲလိုက်ပြီး မောင်းလိုက်တာပေ့ါ။ ကားဘီး မှတ်တမ်းထဲ ရေးထားတာ မတွေ့ဘူး။ ကားမှတ်တမ်းဟောင်းကို ပြန်စစ်ပါလို့ ပြောလိုက်တယ်။ မထင်မှတ်တဲ့ ကိစ္စလေးတွေမှာ နောက်ဆုံးမှာ သူများတွေ ရဲ့ အထင်လွဲတာ ဖြစ်လာတာပေ့ါ။ ကျွန်တော့်အကြောင်းကိုလည်း အားလုံးသိပါတယ်။ ကျွန်တော်က ရှမ်းတိုင်းရင်းသားလည်း ဖြစ်တော့ မဟုတ်တာလည်း မလုပ်တတ်ဘူး။ ရိုးရိုးရှင်းရှင်း ဘဝကို ဖြတ်သန်းနေတယ်။ ကျွန်တော့်ဖြစ်စဉ်က ဘာမှမဟုတ်ပေမဲ့ အပြင်မှာထွက်နေတဲ့ သတင်းကတော့ အထင်လွဲစရာ ဖြစ်တာပေ့ါ။ ပစ္စည်းတွေကလည်း သုံးလို့မရတဲ့ ပစ္စည်းတွေပေ့ါ။ သက်ဆိုင်ရာ က ဆက်လက် ဆောင်ရွက်သွားပါမယ်”ဟု ဦးစိုင်းရှဲန်တစ်လုံက ဆိုသည်။

အပိုဘီးတာယာအတွင်း မူးယစ်ဆေးဝါး အကျိုးအကြေများသည် ပျက်စီးနေပြီး စုစုပေါင်းအလေးချိန် ခြောက်ကီလိုကျော် ရှိကြောင်း၊ မူးယစ်တပ်ဖွဲ့က ယခင် အမှုတွဲဟောင်း၏ အချက်လက် စုံစမ်းနေကြောင်း  သိရသည်။

“မူးယစ်က သိမ်းထားတာ၊ မူးယစ်က အမှုဖွင့်ရမှာ၊ အခုတော့ မဖွင့်သေးဘူး။ ရှေ့က အမှုကို စုံစမ်းနေတယ်။ အမှုအမှတ်တို့  တရားရုံးတို့နဲ့ ချိတ်ပြီးလုပ်နေတယ်။ တရားရုံးတို့ ဘာတို့ ရတော့မှ ဖွင့်လို့ရမယ်။ မူးယစ်က တရားလိုလုပ်ပြီး ဖွင့်မယ်။ အချက်အလက်တွေ မပြည့်စုံသေးတော့ အမှုလာမဖွင့်သေးဘူး။ ဖွင့်ရင်တော့ အမှတ် ၁ မှာပဲ ဖွင့်ရမယ်။ အခုထိတော့ မဖွင့်သေးဘူးပေါ့နော်”ဟု တောင်ကြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်နိုင်က ပြောကြားသည်။