ရှမ်းပြည်နယ်မြောက်ပိုင်း ပဋိပက္ခများကြောင့် ကုန်သွယ်မှုကြီးမားစွာ ထိခိုက်နေပြီး ယခင် တစ်ရက်ပျမ်းမျှ ဒေါ်လာခြောက်သန်းခန့် ကုန်သွယ်နေသည့် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းတွင် ဒေါ်လာခုနစ်သိန်းခန့်သာ ကုန်သွယ်နိုင်ပြီး ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်း၌ ကုန်သွယ်မှုရပ်ဆိုင်းနေ

ရှမ်းပြည်နယ်မြောက်ပိုင်း ပဋိပက္ခများကြောင့် ကုန်သွယ်မှုကြီးမားစွာ ထိခိုက်နေပြီး ယခင် တစ်ရက်ပျမ်းမျှ ဒေါ်လာခြောက်သန်းခန့် ကုန်သွယ်နေသည့် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းတွင် ဒေါ်လာခုနစ်သိန်းခန့်သာ ကုန်သွယ်နိုင်ပြီး ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်း၌ ကုန်သွယ်မှုရပ်ဆိုင်းနေ
မူဆယ်သို့ သွားရောက်ရန် ကွတ်ခိုင်မြို့အနီးတွင် စောင့်ဆိုင်းနေကြသည့် ကုန်တင်ယာဉ်များကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
မူဆယ်သို့ သွားရောက်ရန် ကွတ်ခိုင်မြို့အနီးတွင် စောင့်ဆိုင်းနေကြသည့် ကုန်တင်ယာဉ်များကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
Published 24 August 2019
ဖြိုးဝေ

ရှမ်းပြည်နယ်မြောက်ပိုင်း ပဋိပက္ခများကြောင့် ကုန်သွယ်မှုကြီးမားစွာ ထိခိုက်နေပြီး ယခင်တစ်ရက်ပျမ်းမျှ ဒေါ်လာခြောက်သန်းခန့် ကုန်သွယ်မှုပြုနေသည့် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းတွင် ဒေါ်လာ ခုနစ်သိန်းခန့်သာ ကုန်သွယ်နိုင်ပြီး ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်း၌ ကုန်သွယ်မှု ရပ်ဆိုင်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က သြဂုတ် ၂၄ ရက်တွင် ပြောကြားသည်။

“ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို ကြည့်မယ်ဆိုရင် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးဇုန်ပါ ပြတ်တောက်သွားတဲ့ အနေအထား ရှိနေပါတယ်။ ပြတ်တောက်သွားတဲ့ အတွက်ကြောင့် ပြည်သူတွေလည်း ထိခိုက်မှုရှိပါတယ်။ မဖြစ်ခင်ကာလနဲ့ လောလော ဆယ်နားနေရတဲ့ အထူးသဖြင့် ဒီနေ့အထိ ကုန်သွယ်မှုဟာ လားရှိုးနဲ့ မူဆယ်၊ ချင်းရွှေဟော်မှာ ကုန်သွယ်မှုအခုထိ မပို့နိုင်ပါဘူး။ ဒါကြောင့် မူဆယ်ကုန်သွယ်ရေးဇုန် ၁၀၅ မိုင်မှာ၊ ချင်းရွှေဟော်မှာ မဖြစ်ခင်ကာလမှာ ဆိုရင် တစ်ရက်ကို ပျမ်းမျှ ဒေါ်လာခြောက် သန်းဖိုးလောက် ဆောင်ရွက်နိုင်ပါတယ်။ ၁၅ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီနေ့မှာ ကုန်သွယ်မှုက ဒေါ်လာငါးသန်းပါ။ ဒါက မူဆယ်နဲ့ ကုန်သွယ်မှုကို ပြောတာပါ။ ၁၉ ရက်နေ့မှာဆို ကုန်သွယ်မှု ပမာဏဟာဆိုရင် မဖြစ်ခင် ၁၅ ရက်က ဒေါ်လာငါးသန်းကနေပြီး ၁၉ ရက်မှာ နေ့စဉ်ဒေါ်လာခုနစ်သိန်းလောက် ပဲ ရှိပါတယ်။ ဆောင်ရွက်နိုင်ပါတယ်။ ပြော မယ်ဆိုရင် တန်ဖိုးအရ သွင်းကုန်၊ ထုတ်ကုန် ကြီးမားစွာ ထိခိုက်ပါတယ်။ ချင်းရွှေဟော်ကို ကြည့်မယ်ဆိုရင်လည်း မဖြစ်ခင် တစ်ရက်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်း၊ ၁ ဒသမ ၃ သန်းနီးပါးလောက် နေ့စဉ်ဆောင် ရွက်နေရာကစပြီး ၁၅ ရက်နေ့မှာဆို ငါးသိန်း လောက်ပဲ ဆောင်ရွက်နေပါတယ်။ ၁၆ ရက်မှာဆို ဒေါ်လာသုံးသိန်းကျော်ပဲ ဆောင်ရွက်နိုင်ပါတယ်။ ၁၇ ရက်မှာဆို ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း ကုန်သွယ်မှုမပြုနိုင်တာ ယနေ့အထိပဲ ဖြစ်ပါတယ်” ဟု ဒေါက်တာသန်းမြင့်က ပြောကြားသည်။

မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှာ နယ်စပ်ကုန်သွယ်ရေး စခန်းများတွင် အကြီးဆုံးဖြစ်ပြီး လက်ရှိတိုက်ပွဲများကြောင့် ကုန်သွယ်ရေး လုပ်ငန်းများသာမကာ အခြေခံ အဆောက်အအုံများဖြစ်သည့် လမ်းတံတားများ ပျက်စီးမှု၊ ပြည်သူများ ထိခိုက်နစ်နာမှု ရှိနေသည့်အပြင် ကုန်သွယ်မှုနှင့် ဆက်စပ်နေသည့် အလုပ်အကိုင် အားလုံးမှာလည်း ရပ်ထာ ရသဖြင့် အဆိုပါလုပ်ငန်းများ ထိခိုက်သည့်အပြင် အဆိုပါလမ်းပိုင်းမှာ မန္တလေးနှင့် ချိတ်ဆက်နေသဖြင့် စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ခရီးသွားများပါ အသွားအလာ ရပ်ဆိုင်းနေရသဖြင့် စီးပွားရေး၊ လူမှုရေးအားလုံးပါ ထိခိုက်ရကြောင်း ဒေါက်တာသန်းမြင့်က ဆိုသည်။

ထို့ပြင် ပြည်တွင်းအထည်ချုပ် လုပ်ငန်းများမှာလည်း အဆိုပါနယ်စပ်မှ ကုန်ကြမ်းတင်သွင်း၍ ပြည်ပသို့ တင်ပို့နေရခြင်း ဖြစ်သည့်အတွက် အထည်ချုပ်ကဏ္ဍမှ ပြည်သူများ၊ အမျိုးသမီးများ မထိခိုက်စေရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“နယ်စပ်ကုန်သွယ်ရေးကိစ္စ အဆင်ပြေစေဖို့အတွက် ပြည်ထောင်စုအစိုးရနဲ့ ပေါင်းစပ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါကတော့ တနင်္သာရီ၊ မွန်၊ ကရင်မှာ အခုဖြစ်ပေါ်နေတဲ့ ရေဘေးကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်ပေါ်နေတဲ့ ကိစ္စတစ်ခုရှိပါတယ်။ နောက်တစ်ချက်ကတော့ မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မူဆယ်၊ လားရှိုး၊ မန္တလေးလမ်းကြောင်းမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေး ကိစ္စရပ်တွေ ရှိပါတယ်။ ဒီအခြေအနေတွေအ တွက် စီးဆင်းမှုတွေရဲ့ဆုံချက်ဟာ ရန်ကုန်မြို့မှာ ဖြစ်ပါတယ်။ ရန်ကုန်ကနေမှတစ်ဆင့် ကုန်ကြမ်းတွေ တင်သွင်းလာတယ်။ ရန်ကုန်မှာ ကုန်ချောထုတ်လုပ်ပြီး ရေကြောင်းလမ်းကနေ ပြည်ပကို ထွက်ခွာသွားတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီလုပ်ငန်းစဉ်တွေအဆင် ပြေဖို့အတွက် ပြည်ထောင်စုအစိုးရနဲ့ ဆက်လက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဓိက ကျွန်တော်တို့ ရန်ကုန်မှာ ကြုံနေရတာက အထည်ချုပ် လုပ်ငန်းတွေ ဖြစ်ပါတယ်။ အထည်ချုပ် လုပ်ငန်းတွေက ကုန်ကြမ်းကို နယ်စပ်ကုန်သွယ်ရေးကနေ တရားဝင် တင်သွင်းလာပြီး ထုတ်လုပ်ပြီးတော့ နိုင်ငံတကာကို ရေကြောင်းကနေ ထွက်ခွာသွားတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီကဏ္ဍ စဉ်ဆက်မပြတ် ရှင်သန်ဖွံ့ဖြိုးနိုင်ဖို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီအပေါ်မှာ မှီခိုနေတဲ့ အခြေခံပြည်သူတွေ၊ အမျိုးသမီးတွေ အထည်ချုပ်လုပ်ငန်း မှာ ပါဝင်နေတဲ့သူတွေ ရပ်တည်နိုင်ဖို့ အခန်း ကဏ္ဍနဲ့ပတ်သက်ပြီး ဆက်လက် ဆောင်ရွက်သွားမယ်ဆိုတာ ပြောလိုပါတယ်။ ပြည်ထောင်စုအစိုးရ ကိုယ်တိုင်က ဒီအခြေအနေ အတွက် ဆောင်ရွက်ပေးနိုင်တာ ရှိပါတယ်။ ဒီအတွက် ပြည်ထောင်စု အစိုးရဘက်က နိုင်ငံတော် လုံခြုံရေးနဲ့ ယှဉ်တွဲပြီးတော့ ဒီကိစ္စတွေကို ဆက်လက် ဆောင်ရွက်နေတယ်ဆိုတာ ကျွန်တော် ကြားနေရပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။