အရေးကြီးသည့် ဆည် ၄၂ ခုရှိပြီး ယင်းဆည်များ၏ ကြံ့ခိုင်မှုကို ပုံမှန်စစ်ဆေးသည့်အပိုင်း အားနည်းနေကြောင်းနှင့် ဆည်တည်ဆောက်ချိန်တွင် ပစ္စည်းခိုခြင်းများအပြင် တည်ဆောက်ပြီးစီးပါက စောင့်ကြည့် ထိိန်းကျောင်းသည့်အပိုင်း၌ အားနည်းလျက်ရှိဟု လွှတ်တော်ကိုယ်စားလှယ် ပြောကြား

အရေးကြီးသည့် ဆည် ၄၂ ခုရှိပြီး ယင်းဆည်များ၏ ကြံ့ခိုင်မှုကို ပုံမှန်စစ်ဆေးသည့်အပိုင်း အားနည်းနေကြောင်းနှင့် ဆည်တည်ဆောက်ချိန်တွင် ပစ္စည်းခိုခြင်းများအပြင် တည်ဆောက်ပြီးစီးပါက စောင့်ကြည့် ထိိန်းကျောင်းသည့်အပိုင်း၌ အားနည်းလျက်ရှိဟု လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 23 August 2019
စိုးမင်းထိုက်

အရေးကြီးသည့် ဆည် ၄၂ ခုရှိပြီး ယင်းဆည်များ၏ ကြံ့ခိုင်မှုအား ပုံမှန်စစ်ဆေးသည့်အပိုင်းတွင် အားနည်းနေကြောင်းနှင့် ဆည်တည်ဆောက်ချိန်တွင် ပစ္စည်းခိုခြင်းများအပြင် တည်ဆောက်ပြီးစီးပါက စောင့်ကြည့် ထိန်းကျောင်းသည့်အပိုင်းတွင် အားနည်းလျက်ရှိဟု မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက ပြောကြားခဲ့သည်။

သြဂုတ် ၂၃ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနတို့မှ ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသော တမံကြီးများကို အန္တရာယ်ကင်း လုံခြုံစိတ်ချစေရေး မည်ကဲ့သို့ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်နေသည်ကို သိရှိလိုကြောင်း မေးမြန်းစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးထွန်းထွန်းဦးက “လုပ်တာတော့ သူတို့ ပုံမှန်လုပ်တာပဲ။ သို့သော်လည်း ပေါ့ပေ့ါဆဆ လုပ်တယ်ဆိုရင် တော်တော်ဆိုးရွားတဲ့ အကျိုးဆက်တွေ ပြည်သူပြည်သား ခံရမှာစိုးလို့ ဒီဥစ္စာကို မေးတာပါ။ ဝန်ကြီး ဖြေသွားတာကတော့ သူတို့  Regulatory Checking လုပ်တဲ့ဟာကို အသားပေးပြီး ဖြေသွားတာပေ့ါ။ တကယ်တမ်းတော့ ကျွန်တော် လေ့လာသလောက်တော့ အားနည်းပါတယ်။ ဗမာပြည်ရဲ့အကျင့်ကိုကလေ ဖြစ်လာမှ ပြူးတူးပြဲတဲ ထလုပ်တာပေ့ါ။ ကြိုတင်ပြင်ဆင်မှု အားနည်းတဲ့အတွက် အဲဒါအဓိက လုပ်စေလို့ မေးတာပါ။ အဓိကကတော့ အဲဒီဆည်ရှိတဲ့ ဒေသပြည်သူတွေ Awareness ပေ့ါ။ နောက်ပြီး သတင်း၊ အဲဒီအပိုင်းမှာတော့ တော်တော်လေး အားနည်းတယ်။ ဥပမာ ဆည် ဘယ်လိုရှိလဲ၊ ရေ ဘယ်လိုရှိလဲ၊ ရာသီဥတု ဘယ်လိုရှိလဲပေ့ါနော်။ ရေကြီးနိုင်ခြေပိုင်းမှာ အဲဒီပိုင်းမှာတော့ တော်တော်လေးကို အားနည်းတယ်။ အဲဒါကြောင့် အထူးအလေးထားပြီး လုပ်စေချင်လို့ ပြောတာပါ။ ဆည်က ၂၄၂ ခု ရှိတယ်။တကယ်တမ်း ဖိဖိစီးစီး ထိန်းရမယ့် ဆည်က တအားမများဘူး။ ဆည်မြောင်းဘက်မှတာ ၃၅ ခု၊ လျှပ်စစ်ဘက်မှာ ခုနစ်ခု။ တကယ်တမ်း ထိန်းမယ်ဆိုရင် သိပ်မခက်ဘူး”ဟု လွှတ်တော်၌ ပြောကြားသည်။

သို့ရာတွင် လက်ရှိ ဆည်များအတွက် အရာရှိအဆင့်များ ထားသည်ကို မတွေ့ရကြောင်း၊  ဆည်အစောင့်လောက်သာ ထားကြောင်း၊ မိုးတွင်းကာလ၌  ဆုံးဖြတ်ချက်ပေးနိုင်သည့် အရာရှိအဆင့်ကို ဆည်များတွင် ထားရန်လိုကြောင်း ၎င်းကဆိုသည်။

“အဲဒီအလံလောက်ကတော့ ဘာမှမလုပ်မဖြစ်ပါဘူး။ အရေးရယ်၊ အကြောင်းရယ်ကျမှ သူက အလံနီတို့၊ အစိမ်းတို့ ပြဖို့ ထားတာပေ့ါ။ တကယ်တမ်းကျတော့ ဒီထက်မက အားစိုက်ပြီး ဆောင်ရွက်ဖို့ လိုပါတယ်။ တကယ်တမ်း အရေးကြီးတဲ့ဆည် ၄၂ ခုမှာ ပြည့်စုံ လုံလောက်တဲ့ဟာ မရှိသေးဘူး။ ရေပိုလွှဲက ရေလျှံကျတာက ဘာမှမဆန်းဘူး။ အဓိကအချက်က အဲဒီဆည်တွေရဲ့ ကြံ့ခိုင်မှုရယ်၊ ပုံမှန်စစ်ဆေးမှုပေ့ါ။ အဲဒီအပိုင်းမှာ အားနည်းတယ် အဲဒါလေးက လုပ်ကို လုပ်ရမယ့်ကိစ္စလေ။ မိုးမတိုင်ခင် လုပ်ရမယ့် ကိစ္စလေ။ ဒါပေမဲ့ မနှစ်က သင်ခန်းစာပေါ့။ ဆွာရဲ့သင်ခန်းစာ။ သူတို့ စစ်တော့ စစ်တယ်။ ကောင်းတယ်ပဲ ပြောသွားတယ်။ မကြာဘူး။ တစ်ရက်တည်းပဲ။ နောက်ရက်ကျတော့ တန်းဖြစ်တာပဲ။ ဒါမျိုးတွေ ဖြစ်မှာစိုးလို့ ကျွန်တော်တို့ ကိုယ်စားလှယ်တွေက သတိပေးတာပေ့ါနော်။ စပြီး ဆည်ဆောက်မယ် ဆိုကတည်းက ကိုယ်က ပညာရပ်ဆိုင်ရာတွေ ဘူမိဗေဒ လုပ်ရတာပဲလေ။ တော်တော်များများကလေ အဲဒီအချက်ကြောင့် ဖြစ်တယ်ဆိုတာ ဗမာပြည်သမိုင်းမှာ မရှိပါဘူး။ နဂိုတည်းက မရှိဘူး။ ဘာသွား အားနည်းလဲဆိုတော့ အဲဒီတည်ဆောက်တဲ့အချိန်မှာ ပစ္စည်းခိုတာမျိုးတွေ၊ နောက် ပေ့ါဆတာမျိုးတွေ၊ နောက်ပြီးရင် ဆည်ပြီးရင် စောင့်ကြည့် ထိန်းကျောင်းတဲ့အပိုင်းမှာ ဗမာပြည်က အားနည်းတယ်။ ဆောက်တဲ့အချိန်မှာပဲ မဲတင်းပြီးတော့ ဂရုစိုက် ဆောက်ကြတယ်။ ဆောက်ပြီး ပြန်ထိန်းတဲ့ အပိုင်းမှာကျတော့ ဗမာရဲ့အကျင့်က ပစ်စလက် ခတ်ထားကြတယ်။ ဖြစ်မှကို ပြူးပြူးပြဲပြဲ လုပ်ကြတယ်”ဟု  ဦးထွန်းထွန်းဦးက ပြောကြားသည်။

အဆိုပါ မေးမြန်းမှုများနှင့် ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနတို့အနေဖြင့် တည်ဆောက် ထိန်းသိမ်းထားသော ရေလှောင်တမံများ နောင်ရေရှည် ကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှုအတွက် ဌာနမှ သတ်မှတ် ပြဋ္ဌာန်းထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ အထူးအလေးထားပြီး စီမံဆောင်ရွက်လျက် ရှိသည့်အပြင် ရေလှောင်တမံများ ကြံ့ခိုင်မှုအခြေအနေကို ထိခိုက်စေနိုင်သော အကြောင်းအရာများ၊ ဖြစ်ပေါ်နိုင်ဖွယ်ရှိသော အားနည်းချက်များကို လေ့လာဖော်ထုတ်ပြီး ရေတိုရေရှည် လုပ်ငန်းစဉ်များ ပိုင်းခြားသတ်မှတ်၍ လျာထားစီမံ ဆောင်ရွက်လျက်ရှိကြောင်း၊ ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် ရေးဆွဲ ဆောင်ရွက်ထားသည့် အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု စီမံချက်ပါ လုပ်ငန်းစဉ်များအတိုင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ပတ်သက် ဆက်စပ်သည့် ဌာနဆိုင်ရာများနှင့်အတူ ပေါင်းစပ်ညှိနှိုင်း၍ ကြိုတင်စီမံ ဆောင်ရွက်ထားရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ဖြေကြားခဲ့သည်။

Most Read

Most Recent