ပစိဖိတ်ဒေသတွင် အမေရိကန်သြဇာ ယုတ်လျော့လာကြောင်း သြစတြေးလျပညာရှင် အဖွဲ့တစ်ဖွဲ့ သတိပေး

ပစိဖိတ်ဒေသတွင် အမေရိကန်သြဇာ ယုတ်လျော့လာကြောင်း သြစတြေးလျပညာရှင် အဖွဲ့တစ်ဖွဲ့ သတိပေး
မေ ၃၀ ရက်တွင် ထိုင်ဝမ်တောင်ပိုင်း$ (၃၅) ကြိမ်မြောက် Han Kuang စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်လုပ် F-16 အပါချီ တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို တွေ့ရစဉ် (Photo : AFP)
မေ ၃၀ ရက်တွင် ထိုင်ဝမ်တောင်ပိုင်း$ (၃၅) ကြိမ်မြောက် Han Kuang စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်လုပ် F-16 အပါချီ တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို တွေ့ရစဉ် (Photo : AFP)
Published 19 August 2019

အမေရိကန်သည် ပစိဖိတ်ဒေသတွင် စစ်ရေးဆိုင်ရာ မဦးဆောင်နိုင်တော့ဘဲ တရုတ်အား တန်ပြန်ရာတွင် မဟာမိတ်နိုင်ငံများကို ကာကွယ်ပေးရန်အတွက် ရုန်းကန်ရနိုင်ကြောင်း သြစတြေးလျထိပ်တန်း ပညာရှင် အဖွဲ့တစ်ဖွဲ့က သြဂုတ် ၁၉ ရက်တွင် သတိပေးခဲ့သည်။ ဆစ်ဒနီတက္ကသိုလ်၏ အမေရိကန် လေ့လာရေးဆိုင်ရာ စင်တာက တဲ့တိုးဝေဖန်ထားသော ထိုအစီရင်ခံစာတွင် အမေရိကန်၏ ချည့်နဲ့လာနေသော အင်အားစုသည် အန္တရာယ်ဖြစ်စေသည်အထိ ဝန်နှင့်အား မမျှဖြစ်နေကာ တရုတ်နှင့် ထိပ်တိုက်ရင်ဆိုင်မှုအတွက် ကြိုတင်ပြင်ဆင်မှုလည်း အားနည်းကြောင်း ဖော်ပြထားသည်။

ယင်းဖော်ပြချက်များအတိုင်း မှန်ကန်ပါက အမေရိကန်၏ လုံခြုံရေးအာမခံချက်ကို မှီခိုနေရသည့် သြစတြေးလျ၊ ထိုင်ဝမ်နှင့် ဂျပန်တို့ကဲ့သို့ အမေရိကန်၏ မဟာမိတ်များအတွက် ကျယ်ပြန့်သော ဂယက်ရိုက်ခတ်မှုများ ဖြစ်စေနိုင်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အစိုးရလက်ထက်တွင် ၀ါရှင်တန်သည် တရုတ်၏ရန်စမှုများ ကြုံနေရသော ၎င်း၏မဟာမိတ်များအား ကာကွယ်ပေးနိုင်တော့မည် မဟုတ်ကြောင်း စိုးရိမ်မှု မြင့်တက်လာနေသည်။ ယခုနောက်ဆုံး အစီရင်ခံစာအရ အမေရိကန်သည် မဟာမိတ်များအား ကူညီရန် ဆန္ဒရှိလျှင်ပင် ခက်ခဲစွာ ရုန်းကန်ရဖွယ်ရှိဟု တဲ့တိုးသတိပေး ထားခြင်းဖြစ်သည်။

အမေရိကန်သည် မဟာဗျူဟာဆိုင်ရာ အားနည်းနေသည်ဟု စွပ်စွဲခဲ့သော ထိုအစီရင်ခံစာ ရေးသားသူများက ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သော အရှေ့အလယ်ပိုင်းဒေသမှ စစ်ပွဲများ၊ ဘက်လိုက်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများ အားနည်းခြင်းများကြောင့် ပစိဖိတ်မဟာမိတ်များအတွက် အကာအကွယ်မဲ့စေခဲ့ကြောင်း ပြောကြားခဲ့ကြသည်။ တစ်ဖက်တွင်မူ တရုတ်သည် အဆင့်မြင့် လက်နက်စနစ်များတွင် ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့မှုကြောင့် အင်အားသုံး၍ ဒေသတွင်း အစီအစဉ်ကို ပိုမိုစိန်ခေါ်နိုင်စွမ်း ရှိလာပြီဖြစ်ကြောင်း အစီရင်ခံစာ၌ သတိပေးခဲ့သည်။

သမ္မတရှီကျင်ပင်း လက်ထက်တွင် တရုတ်၏ ကာကွယ်ရေး အသုံးစရိတ်သည် ဒေါ်လာ ၁၇၈ ဘီလျံအထိ ၇၅ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ကြောင်း တရားဝင် ထုတ်ပြန်ထားသော်လည်း အမှန်တကယ်မှာမူ ယင်းထက် ပိုမိုများပြားဖွယ်ရှိဟု ယူဆရသည်။ ပို၍ အရေးကြီးသောအချက်မှာ တရုတ်သည် ပစ်မှတ်အား တိကျစွာ ပစ်ခတ်နိုင်သော ပဲ့ထိန်းဒုံးများ၊ အပြိုင်အဆိုင် အငြင်းပွားနေကြသော ဒေသများသို့ အမေရိကန်တပ်များ အလျင်အမြန် မရောက်လာနိုင်စေရန် တန်ပြန်နှောင့်ယှက်မည့် စနစ်များတွင် ရင်းနှီးမြှုပ်နှံနေသည်။

အနောက်ပစိဖိတ်ဒေသ၌ အမေရိကန်၊ ၎င်း၏မဟာမိတ်များနှင့် မိတ်ဖက်များ၏ အခြေစိုက်စခန်းများ၊ လေယာဉ်ဆင်းကွင်းများ၊ ဆိပ်ကမ်းများနှင့် စစ်ဘက်အဆောက်အအုံ အားလုံးနီးပါးတွင် အားကောင်းသော အခြေခံ အဆောက်အအုံများ ကင်းမဲ့နေပြီး ခြိမ်းခြောက်မှု ကြုံနေရကြောင်းလည်း ထိုအစီရင်ခံစာတွင် ထောက်ပြခဲ့သည်။

အမေရိကန်၏ မြေပြင်အခြေစိုက်ဒုံးများ တပ်ဖြန့်ခြင်းနှင့် အမေရိကန်မရိန်း တပ်ဖွဲ့ဝင်များ၏ အခန်းကဏ္ဍကို ပြောင်းလဲပေးခြင်းတို့သည် တရုတ်အား တန်ပြန်ရန်အပြင် သြစတြေးလျနှင့် ဂျပန်တို့ကဲ့သို့ နိုင်ငံများနှင့် ပူးပေါင်း၍ ဒေသတွင်း ဘုံကာကွယ်ရေး အတွက်ပါ အရေးပါမည်ဖြစ်ကြောင်း ထိုအစီရင်ခံစာက ယူဆခဲ့သည်။                  

Ref : AFP

Most Read

Most Recent