ဘရီးဇစ်နှင့် ပတ်သက်၍ ပါလီမန် ပြန်လည်ခေါ်ယူရန် အမတ်များက ဗြိတိန်ဝန်ကြီးချုပ် ဂျွန်ဆင်ကို ဖိအားပေး

ဘရီးဇစ်နှင့် ပတ်သက်၍ ပါလီမန် ပြန်လည်ခေါ်ယူရန် အမတ်များက ဗြိတိန်ဝန်ကြီးချုပ် ဂျွန်ဆင်ကို ဖိအားပေး
သြဂုတ် ၁၅ ရက်က ဘရီးဇစ်နှင့်ပတ်သက်သော မိန့်ခွန်းတစ်ရပ်ပေးသည့် အခမ်းအနားတွင် လစ်ဘရယ်ဒီမိုကရက်ခေါင်းဆောင် ဂျိုဆွင်ဆန် (ဒုယာ) ကို တွေ့ရစဉ် (Photo: AFP)
သြဂုတ် ၁၅ ရက်က ဘရီးဇစ်နှင့်ပတ်သက်သော မိန့်ခွန်းတစ်ရပ်ပေးသည့် အခမ်းအနားတွင် လစ်ဘရယ်ဒီမိုကရက်ခေါင်းဆောင် ဂျိုဆွင်ဆန် (ဒုယာ) ကို တွေ့ရစဉ် (Photo: AFP)
Published 18 August 2019
Ref: AFP

ပါလီမန်အနေဖြင့် ဘရီးဇစ်နှင့်ပတ်သက်၍ ဒီဘိတ်ပြုလုပ်နိုင်ရေးအတွက် ဥပဒေပြုအမတ်များကို နွေအားလပ်ရက်မှနေ၍ ချက်ချင်း ပြန်လည်ခေါ်ယူနိုင်ရန် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် သြဂုတ် ၁၈ ရက်တွင် ဖိအားများအောက်သို့ ရောက်ရှိနေကြောင်း သိရသည်။

ဗြိတိန်က ဥရောပသမဂ္ဂမှ ထွက်ခွာရမည့်နေ့ ဖြစ်သော အောက်တိုဘာ ၃၁ ရက်အထိ အစည်းအဝေး ပြန်လည်ကျင်းပပြီး ၎င်းတို့အား အမြဲတမ်း ရုံးထိုင်ခွင့်ပြုရန် ပါလီမန်အမတ် ၁၀၀ ကျော်က ဂျွန်ဆင်ထံသို့ စာရေးသားတောင်းဆိုထားသည်။

အမှန်တကယ်၌ လွှတ်တော်အမတ်များအနေဖြင့် စက်တင်ဘာ ၃ ရက်အထိ အားလပ်ရက် ရရှိထားသည်။

“သဘောတူညီချက်မပါဘဲ ဥရောပသမဂ္ဂကနေ ထွက်ရမယ့်ကိန်းဆိုက်နေတာမို့ ကျွန်တော်တို့နိုင်ငံဟာ စီးပွားရေးအကျပ်အတည်း ဆိုက်လုနီးပါးအနေထားကို ရောက်နေတာပါ” ဟု ဗြိတိန် ဥရောပသမဂ္ဂမှ နုတ် ထွက်ခြင်းကို ရပ်တန့်ရန် လိုလားသော လွှတ်တော်အမတ်များနှင့် အတိုက်အခံခေါင်းဆောင်များက ရေးသားပေးပို့သည့်စာ၌ ပြောကြားထားသည်။

“ကျွန်တော်တို့ နိုင်ငံတော်အရေးပေါ်အနေအထားနဲ့ ရင်ဆိုင်နေရပြီး အခု ပါလီမန်ကို ပြန်လည်ခေါ်ယူရပါမယ်” ဟု ၎င်းတို့ က ဆိုသည်။

စက်တင်ဘာ နားရက်အတွင်း အဓိကပါတီများက ၎င်းတို့၏ နှစ်ပတ်လည် ညီလာခံများကို ကျင်းပမည်ဖြစ်ရာ ပါလီမန်ကို ပြန်လည်ခေါ်ယူပြီးလျှင်လည်း မကြာမီ ပြန်လည်ရပ်နားရမည်ဖြစ်သည်။

ဥရောပသမဂ္ဂနှင့် နုတ်ထွက်ရေးအစီအစဉ်နှင့်ပတ်သက်သည့် သဘောတူညီချက်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဥရောပသမဂ္ဂမှ ဗြိတိန်အနေဖြင့် နုတ်ထွက်ရမည်သာ ဖြစ်ကြောင်း ဂျွန်ဆင်၏ အစိုးရအဖွဲ့က အခိုင်အမာ ပြောကြားထားသည်။

လေဘာပါတီမှ အဓိကအတိုက်အခံခေါင်းဆောင် ဂျရမီးကော်ဘင်က ပါလီမန် ပြန်လည်စတင်ပြီးနောက် ဂျွန်ဆင်၏ အ စိုးရအဖွဲ့ကို အယုံအကြည်မရှိအဆို တင်၍ မဲခွဲရန် လိုလားနေသည်။

ကော်ဘင်က ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူလျက် သဘောတူညီချက်မပါဘဲ ဗြိတိန်ဥရောပသမဂ္ဂ နုတ်ထွက်ရမည်ကို တားဆီးနိုင်ရေးအတွက် နုတ်ထွက်ချိန် သက်တမ်းတိုးရေး ကြိုးပမ်းကာ ယင်းနောက် အ ထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန် မျှော်လင့်နေသည်။

“၃၁ ရက်မှာ ချက်ချင်း မထွက်ရအောင် ဥရောပသမဂ္ဂနဲ့  စေ့စပ်ညှိနှိုင်းရေးအတွက် ပြင်ဆင်ဖို့ရာ အစိုးရအဖွဲ့တစ်ရပ် ကျွန်တော် တို့ လိုအပ်ပါတယ်” ဟု ကော်ဘင်က ပြောကြားထားသည်။

“အခုအစိုးရအဖွဲ့ကတော့ ဒါမျိုး လုပ် ဖို့ မလိုလားဘူးဆိုတာ ရှင်းနေတာပါပဲ” ဟု လည်း ၎င်းက ဆိုသည်။

သို့သော် YouGov အဖွဲ့၏ စစ်တမ်းတစ်ရပ်အရ ၀ါရင့်လက်ဝဲဝါဒီနိုင်ငံရေးသမားက အာဏာရယူလျက် နောက်ထပ် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတစ်ရပ် ကျင်းပမည်ထက်စာလျှင် အများစုက သဘောတူညီချက် မပါဘဲ ဗြိတိန် ဥရောပသမဂ္ဂမှ နုတ်ထွက်ရမည်ကိုပင် ပို၍လိုလားကြောင်း တွေ့ရှိရသည်။

ဂျရမီးကော်ဘင်အနေဖြင့် အတိုက်အခံနေရာ၌သာ ဆက်ရှိလျက် သဘောတူညီချက်မပါဘဲ ဗြိတိန် ဥရောပသမဂ္ဂမှ နုတ်ထွက်သည်ကိုပင် ပို၍လိုလားသည်ဟု ၄၈ ရာခိုင်နှုန်းခန့်က ဖြေကြားထားသည်။

ကော်ဘင် ဝန်ကြီးချုပ်ဖြစ်လာပြီး ဗြိတိန် ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်မှုနှင့် ပတ်သက်၍ ဒုတိယအကြိမ် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်ရန်ကို လိုလားကြောင်း ၃၅ ရာ ခိုင်နှုန်းခန့်က ဖြေဆိုခဲ့ကြသည်။     

 

Most Read

Most Recent