AA၊ TNLA ၊ MNDAA အဖွဲ့များက အများပြည်သူအသုံးပြုလျက်ရှိသည့် တံတားများကို မိုင်းခွဲဖျက်ဆီး၊ အပြစ်မဲ့ဒေသခံပြည်သူများ၏ နေအိမ်အဆောက်အအုံများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၍ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့ဟု တပ်မတော် သတင်းထုတ်ပြန်

AA၊ TNLA ၊ MNDAA အဖွဲ့များက အများပြည်သူအသုံးပြုလျက်ရှိသည့် တံတားများကို မိုင်းခွဲဖျက်ဆီး၊ အပြစ်မဲ့ဒေသခံပြည်သူများ၏ နေအိမ်အဆောက်အအုံများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၍ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့ဟု တပ်မတော် သတင်းထုတ်ပြန်
Published 18 August 2019

ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) တို့သည် အများပြည်သူ အသုံးပြုလျက်ရှိသည့် တံတားများကို မိုင်းခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ ဒေသခံပြည်သူများ၏ နေအိမ်အဆောက်အအုံများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၍ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သြဂုတ် ၁၇ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၌ အဆိုပါ လက်နက်ကိုင်အဖွဲ့သုံးဖွဲ့၏ လှုပ်ရှားမှုနှင့် ပတ်သက်၍ တပ်မတော်က သတင်းထုတ်ပြန်ခဲ့ရာ သြဂုတ် ၁၆ ရက် ညပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ရှိ နယ် မြေခံတပ်ဌာနချုပ်တစ်ခုကို RPG ဖြင့် သုံးချက်လာရောက်ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ရာ အနောက်ဘက်သို့ ဆုတ်ခွာသွားခဲ့ကြောင်း၊ သိန္နီမြို့နယ်နှင့် ကွမ်းလုံမြို့နယ်အတွင်း နမ့်ဆလပ် - ကွမ်းလုံ ကားလမ်း၏ အနောက်တောင်ဘက်ရှိ ၄၁ မိုင် သံကူကွန်က ရစ်တံတား (ဗြုန်းတောင်) ကို သြဂုတ် ၁၇ ရက် နံနက် ၃ နာရီခွဲခန့်တွင်လည်းကောင်း၊ သိန္နီ-နမ့်ဆလပ် ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ သံကူကွန်ကရစ် အမျိုးအစားမန်တုံ စွန်တံတားကို နံနက် ၄ နာရီ ခွဲခန့်တွင်လည်းကောင်း မိုင်းခွဲဖျက်ဆီးခဲ့သဖြင့် ၄၁ မိုင် သံကူကွန်ကရစ်တံတား (ဗြုန်းတောင်) တံတားမှာ ထက်ပိုင်းကျိုးကျပျက်စီးပြီး မန်တုံစွန်တံတားမှာ ကြမ်းခင်းပျက်စီးသဖြင့် လမ်းပန်းဆက်သွယ်မှု ပြတ်တောက်သွားခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ထို့ပြင် သြဂုတ် ၁၇ ရက် နံနက်တွင် ကွတ်ခိုင်-နမ့်ဖတ်ကာ-မူဆယ်ဒေသ တစ်ဝိုက်၌ လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများနှင့် အဆိုပါ လက်နက်ကိုင်သုံးဖွဲ့  ထိတွေ့တိုက်ပွဲ ငါးကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ လားရှိုး-သိန္နီ-ကွတ်ခိုင်- ၁၀၅ မိုင် ပြည်ထောင်စုကားလမ်း မကြီးတစ်လျှောက်၌ လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများနှင့် ထိတွေ့တိုက်ပွဲ ၁၀ ကြိမ်ခန့် ဆက်လက်ဖြစ်ပွားခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

သြဂုတ် ၁၇ ရက် မွန်းလွဲပိုင်းတွင် လားရှိုးမြို့ကို တိုက်ခိုက်ရန် မြို့၏ အရှေ့မြောက်ဘက်ကုန်းဆာဘက်မှ ချဉ်းကပ်လာသော လက်နက်ကိုင်အင်အား ၂၀၀ ခန့်ကို တပ်မတော်စစ်ကြောင်းများက ပြန်လည်တိုက်ခိုက်ခဲ့၍ သောင်းကျန်းသူများ အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးခဲ့ကြောင်း၊ ထို့ပြင် မူဆယ်ဘက်မှ နမ့်ဖတ်ကာဘက်သို့ မသင်္ကာဖွယ်ရာ လူနှစ်ဦး မောင်းနှင်လာသော ဆို်င်ကယ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နမ့်အွန်ကျေးရွာအနီး ပစ်ခတ်ဖမ်းဆီးခဲ့ရာ နမ့်ဖတ်ကာမြို့ကို အလစ်အငိုက်ပစ်ခတ်ရန် လာရောက်သည့် TNLA သောင်းကျန်းသူတစ်ဦး၊  RPG တစ်လက်နှင့် ဒုံးသီးတစ်လုံး ရရှိခဲ့ကြောင်း တပ်မတော်၏သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

မန္တလေး - လားရှိုး - မူဆယ်သွား ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိှ ဂုတ်တွင်းတံတားကို AA၊ TNLA ၊ MNDAA အဖွဲ့များက သြဂုတ် ၁၅ ရက်တွင် ဖောက်ခွဲဖျက်ဆီးခဲ့ပြီး အဆိုပါတံတားကို ပြန်လည်ပြုပြင်နိုင်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နယ်မြေခံစစ်မြေပြင် အင်ဂျင်နီယာတပ်နှင့် တပ်မတော်စစ်ကြောင်းများက စစ်သည်များဖြင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ်  သြဂုတ် ၁၆ ရက် ညနေပိုင်းတွင် ဂုတ်တွင်းရဲစခန်း၊ ဂုတ်တွင်းတံတား အောက်ခြေနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်တို့၌ ဖောက်ခွဲဖျက်ဆီးရန် အသင့်ပြုလုပ်ထားသော ပေါက်ကွဲမှုမရှိသေးသည့် ငါးဂါလန်ဝင် ပလတ်စတစ်ပုံးများအတွင်း C-4 ယမ်းများ ထည့်ထားသည့် ဘက်ထရီဖြင့် ရှော့တိုက်ခွဲရသော ဒေသန္တရမိုင်း ၃၃ ပုံး (၀ ဒသမ ၅၃) တန်ခန့်၊  TNT ယမ်းတောင့််  ၁၆၀ ပေါင် ၈၀၊ စနက်တံ ၂၂၂ ချောင်း၊ RPG ဗုံး သီးတစ်လုံး၊ လက်ပစ်ဗုံးနှစ်လုံး၊  ၄၀ မမ ဗုံးသီးတစ်လုံးနှင့်  အီနာဂါ ဗုံးသီးနှစ်လုံး စသည့်ခဲယမ်းဗုံးသီးများ ထပ်မံဖော်ထုတ် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

AA၊ TNLA ၊ MNDAA အဖွဲ့များအနေဖြင့် သြဂုတ် ၁၅ ရက်ဖြစ်စဉ်တွင် အများပြည်သူအသုံးပြုနေသည့် မန္တလေး - လားရှိုး - မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ ဂုတ်တွင်းတံတာကို  လုံးဝပျက်စီးပြီး လမ်းပန်းဆက်သွယ်မှု ပြတ်တောက်အောင် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်ခဲ့သော်လည်း တပ်မတော်စစ်ကူအဖွဲ့များနှင့် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၏ ခုခံတိုက်ခိုက်မှုကြောင့် တံတားကြမ်းခင်းနှင့် အောက်ခြေတိုင်အချို့ကိုသာ ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့ပြီး ၎င်းတို့၏ ပင်မရည်ရွယ်ချက်များ ပျက်ပြယ်ခဲ့ရကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ထို့ကြောင့် ဂုတ်တွင်းတံတား ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် ရှမ်းမြောက်ဒေသ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေစိုးမိုးရေးတို့အတွက် တပ်မတော်စစ်ကြောင်းများက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦး စီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

                            

Most Read

Most Recent