လျှပ်စစ်အန္တရာယ်ကြောင့် ထိခိုက်မှုဖြစ်ပေါ်ခဲ့ပါက ဖြစ်ရပ်မှန်ပေါ်ပေါက်စေရန်အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ ထိရောက်စွာအရေးယူအပြစ်ပေးခြင်းများ ဆောင်ရွက်လျက်ရှိဟုဒုတိယဝန်ကြီး လွှတ်တော်၌ပြောကြား

လျှပ်စစ်အန္တရာယ်ကြောင့် ထိခိုက်မှုဖြစ်ပေါ်ခဲ့ပါက ဖြစ်ရပ်မှန်ပေါ်ပေါက်စေရန်အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ ထိရောက်စွာအရေးယူအပြစ်ပေးခြင်းများ ဆောင်ရွက်လျက်ရှိဟုဒုတိယဝန်ကြီး လွှတ်တော်၌ပြောကြား
Published 18 August 2019
စိုးမင်းထိုက်

လျှပ်စစ်အန္တရာယ်ကြောင့် ထိခိုက်မှု ဖြစ်ပေါ်ခဲ့ပါက ဖြစ်ရပ်မှန်ပေါ်ပေါက်စေရန် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ ထိရောက်စွာအရေးယူအပြစ်ပေးခြင်းများ ဆောင်ရွက်လျက်ရှိဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က လွှတ်တော်၌ ပြောကြားသည်။

သြဂုတ် ၁၆ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၁၀ မှ နော်လှလှစိုးက လျှပ်စစ်ဝန်ထမ်းများ လုပ်ငန်းခွင်မတော်တဆ ထိခိုက်နစ်နာ အသက် ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်မှုများ၊ အကာ အကွယ်ပစ္စည်းများ အသုံးပြုရန်အတွက် အသိပညာပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့သည်။

အဆိုပါမေးမြန်းချက်နှင့်ပတ်သက်၍ ဒုတိယဝန်ကြီးက လျှပ်စစ်ဝန်ထမ်းများ လုပ်ငန်းခွင်၌ မတော်တဆထိခိုက်နစ်နာ၊ အသက်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် လိုင်းဝန်ထမ်းများ ဓာတ်အားလိုင်းများကိုင် တွယ်ရာတွင် သတ်မှတ်ထားသည့် သတ်မှတ် ချက်လုပ်ငန်းအဆင့်ဆင့်အတိုင်း လိုက်နာဆောင်ရွက်ရန် သင်တန်းများ ပို့ချပေးလျက် ရှိကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ ဖြစ်သည့် JICA, ADB စသည့် အဖွဲ့အစည်းများက လျှပ်စစ်အန္တရာယ်အကာအကွယ်ဆိုင်ရာပစ္စည်းများ စနစ်တကျအသုံးပြုနည်းများ သင်တန်းပို့ချခြင်း၊ ဟောပြောပွဲများ ပြုလုပ်ခြင်း၊ လက်တွေ့ကွင်းဆင်းသရုပ်ပြ ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း လွှတ်တော်၌ပြောကြားသည်။

ဒုတိယဝန်ကြီးက “Personal Protection Equipment” တွေကို မြို့နယ်အသီးသီးသို့ ဖြန့်ဖြူး ထောက်ပံ့ပေးထားပြီး စနစ်တကျသုံးစွဲခြင်း ရှိမရှိကို ရုံးချုပ်မှ အကြီးတန်း ကြီးကြပ် အင်ဂျင်နီယာ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာတို့က လစဉ်စစ်ဆေးကြပ်မတ်လျက်ရှိပါတယ်။လျှပ်စစ်အန္တရာယ်ကြောင့် ထိခိုက်မှုဖြစ်ပေါ်ခဲ့ပါက အလားတူဖြစ်ရပ်မျိုး မရှိစေရေးအတွက် အသိပညာပေးစာ၊ ညွှန်ကြားစာတွေကို အချိန်နဲ့တစ်ပြေးညီ ထုတ်ဝေညွှန်ကြားလျက်ရှိပါတယ်။ ဒါ့အပြင် ဖြစ်ရပ်မှန်ပေါ် ပေါက်စေဖို့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး ထိရောက်စွာ အရေးယူအပြစ်ပေးခြင်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြောကြားသည်။

 

Most Read

Most Recent