ခေတ်နှင့်မလျော်ညီတော့သည့် ကျပ်ဆယ်ဂဏန်း၊ ရာဂဏန်းရှိသည့် အခွန်နှုန်းထားများ ပြင်ဆင်သင့်ဟု လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

ခေတ်နှင့်မလျော်ညီတော့သည့် ကျပ်ဆယ်ဂဏန်း၊ ရာဂဏန်းရှိသည့် အခွန်နှုန်းထားများ ပြင်ဆင်သင့်ဟု လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး
Published 17 August 2019
စိုးမင်းထိုက်

ခေတ်နှင့်မလျော်ညီတော့သည့် ကျပ် ဆယ်ဂဏန်း၊ ရာဂဏန်းရှိသည့် အခွန်အ ကောက်နှုန်းထားများကို ပြင်ဆင်သင့်ဟု လှိုင်းဘွဲမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက ဆွေးနွေးခဲ့သည်။

သြဂုတ် ၁၅ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးတွင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေပါ ပြည်ထောင်စု၏ အရအသုံးဆိုင်ရာခန့်မှန်းခြေ ငွေစာရင်းများနှင့်ပတ်သက်ပြီး စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၁၁/ ၂၀၁၉) နှင့်ပတ်သက်ပြီး လှိုင်းဘွဲမဲဆန္ဒနယ် မှ ဦးခင်ချိုက ယင်းသို့ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ဦးခင်ချိုက “အခွန်အကောက်နဲ့ပတ်သက်ပြီး အကြံပြုလိုတာက အခွန်အကောက်ရငွေများမှာ အားနည်းချက်တွေအနေနဲ့ ခေတ်နဲ့မညီတော့တဲ့ ကျပ်ဆယ်ဂဏန်း၊ ရာဂဏန်းရှိတဲ့ အခွန်အကောက်နှုန်းထားတွေကို ပြန်လည်ပြင်ဆင်ဖို့ ဥပမာ ဆက်သွယ်ရေးရဲ့ လှိုင်းနှုန်းစဉ်နှုန်းထားတွေ၊ ကုန်သွယ်ရေးဦးစီးဌာနရဲ့ သွင်းကုန်လိုင်စင်ကြေးဟာ ကျပ် ၂၅၀ ကနေ အများဆုံး ကျပ် ၅၀၀၀၀ ပဲရနိုင်တဲ့ အနေအထားတွေ၊ လပြည့်ဝန်းပလာဇာကို ၁၉၉၀ ခုနှစ်လောက်က ငှားထားတဲ့နှုန်းတွေနဲ့ လက်ရှိအထိ မပြင်ဆင်ဘဲ နှုန်းထားတွေနဲ့ ကောက်ခံနေတာတွေ၊ ၂၀၁၆-၁၇ က လှိုင်းထက်စည်သွပ်စက်ရုံရဲ့ ၃၂၁၀၅ ဧကကို တစ်ဧကကျပ် ၆၂၃၀ နဲ့ နှစ် ၃၀၊ ဝမ်းတွင်း ရွှေတောင်ခြံ ၈၆၆၂၇ ဧကကို တစ်ဧက ၅၂၉၀ ကျပ်နဲ့ နှစ် ၂၀၊ အုတ်တွင်း ပျော့ဖတ်စက်ရုံ ၂၉၁ ဒသမ ၉ ဧကကို တစ် ဧက ၂၂၈၄ ကျပ်နဲ့ နှစ် ၆၀ ငှားရမ်းထားတာ တွေ၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းလိုင်စင်နှုန်း ထား တစ်ဝက်လျှော့ပေးပေမဲ့ လိုင်စင်လုပ်သူ အရေအတွက်ဟာ တိုးမလာဘဲနဲ့ ယခင်နှစ် ရဲ့ တစ်ဝက်လောက်နည်းသွားတာတွေ၊ အ ခွန်နှစ်ဟောင်း ကြွေးကျန်တွေ လက်ကျန် နည်းအောင် ကြိုးစားကောက်ခံဖို့နဲ့ ဥပဒေ ဖျက်သိမ်းပြီ အမြတ်ခွန်ကြွေးကျန်ဟာ လွန်ခဲ့တဲ့ နှစ် ၄၀ လောက်က ကြွေးကျန် ကျန်နေ သေးတာ မရနိုင်တာတွေ၊ ကုန်သွယ်ခွန် အထူးကုန်စည်ခွန်နဲ့ ဝင်ငွေခွန်တွေ ရသင့် ရထိုက်အောင် ပြည့်ပြည့်ဝဝရနိုင်ဖို့ ဌာန၊ အဖွဲ့အစည်းတွေအနေနဲ့ ပူးပေါင်းကူညီဖို့ လိုတယ်” ဟု ဆွေးနွေးခဲ့သည်။

ထို့ပြင် ကြွေးမြီရငွေများနှင့် ပတ်သက်ပြီး ပြည်တွင်းအနေဖြင့် စီးပွားဘဏ်၊ စိုက်ဘဏ်များမှ ထုတ်ချေးထားသည့်ငွေများကို သတ်မှတ်ချိန်အမီ အရင်း၊ အတိုး အပြည့်အဝ ကောက်ခံကြရန်နှင့် သတ်မှတ်ဒဏ်ကြေး များကိုလည်း တိတိကျကျ တွက်ချက်ကောက်ခံရန်၊ ကြွေးကျန်များကို ထိရောက်စွာ ကောက်ခံရန်လိုအပ်ကြောင်း၊ ဆက်လက်ပြီး ဌာန၊ အဖွဲ့အစည်းတိုင်းတွင်ရှိသည့် ယာဉ်၊ စက်၊ ပရိဘောဂ၊ အဆောက်အအုံများကို အမြဲ လေ့လာဆန်းစစ်ပြီး ပြုပြင်သုံးစွဲ၍ မရနိုင်သည်များကို နိုင်ငံတော်အတွက် ဝင်ငွေရ အောင်၊ လေလံတင်ရောင်းချနိုင်အောင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဥပမာ- ပညာရေးဌာနက ဖျက်သိမ်းရန်လိုအပ်သည့် ကျောင်းအဆောက်အအုံများကဲ့သို့သော ကိစ္စမျိုးများအား လေလံပစ်ပြီး  ဝင်ငွေရ အောင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ၎င်းက ဆွေးနွေးခဲ့သည်။  

 

 

Most Read

Most Recent