ဆူဒန်တွင် အရပ်ဘက်အုပ်ချုပ်ရေးကူးပြောင်းမည့် သမိုင်းဝင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးမည်

ဆူဒန်တွင် အရပ်ဘက်အုပ်ချုပ်ရေးကူးပြောင်းမည့် သမိုင်းဝင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးမည်
 သြဂုတ် ၄ ရက်တွင် မြို့တော်ခါတွန်၌ ဆန္ဒပြခေါင်းဆောင် (ဝဲ)နှင့် စစ်ဘက်ကောင်စီ ဒုတိယခေါင်းဆောင် (ယာ)တို့က သဘောတူညီချက်တစ်ခုကို လက်မှတ်ထိုးနေကြစဉ်
သြဂုတ် ၄ ရက်တွင် မြို့တော်ခါတွန်၌ ဆန္ဒပြခေါင်းဆောင် (ဝဲ)နှင့် စစ်ဘက်ကောင်စီ ဒုတိယခေါင်းဆောင် (ယာ)တို့က သဘောတူညီချက်တစ်ခုကို လက်မှတ်ထိုးနေကြစဉ်
Published 16 August 2019
Ref: AFP

ဆူဒန်တွင် သွေးထွက်သံယိုများသော အုံကြွမှုဖြစ်ပွားခဲ့ပြီးနောက် အရပ်ဘက် အုပ်ချုပ်ရေးအသွင် ကူးပြောင်းရန်အတွက် စစ်ဘက်အုပ်ချုပ်သူများနှင့် ဆန္ဒပြခေါင်း ဆောင်များက သြဂုတ် ၁၇ ရက်တွင် သမိုင်းဝင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် စီစဉ်ထားသည်။

ဆူဒန်၏ လအသွင်ကူးပြောင်းရေးစစ် ဘက်ဆိုင်ရာကောင်စီနှင့် အတိုက်အခံညွန့် ပေါင်းအဖွဲ့ Alliance for Freedom and Change တို့အကြား သြဂုတ် ၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ကြေညာချက်တစ်ခုကို အခမ်းအနားတွင် တရားဝင်ထုတ်ပြန်မည်ဖြစ်သည်။

ယင်းသဘောတူညီချက်သည် နှစ် ၃၀ ကြာ အုပ်ချုပ်ခဲ့ပြီး ဧပြီတွင် ရာထူးဖြုတ်ချခံခဲ့ရသည့် သမ္မတ အိုမာအယ်လ်ဘာရှားကို ဆန့်ကျင်သည့် လူထုဆန္ဒပြမှုများကြောင့် နိုင်ငံအတွင်း ရှစ်လနီးပါး မတည်မငြိမ်ဖြစ်မှုများကို အဆုံးသတ်စေခဲ့သည်။

အာဖရိကသမဂ္ဂနှင့် အီသီယိုးပီးယားတို့က စေ့စပ်ညှိနှိုင်းပေးခဲ့သည့် သဘောတူညီချက်ကို အစိုးရနှင့်ဆန္ဒပြသူ နှစ်ဖက်စလုံးက လက်ခံခဲ့ကြသည်။ ဆန္ဒပြသူများက ယင်းသဘောတူညီမှုကို ၎င်းတို့၏ တော်လှန်ရေး အောင်မြင်မှုအဖြစ် ယူဆခဲ့ကြပြီး စစ်ဘက်ဆိုင်ရာဗိုလ်ချုပ်ကြီးများကမူ ပြည်တွင်းစစ်မဖြစ်အောင် ရှောင်လွှဲနိုင်မှုဟု သတ်မှတ်ခဲ့သည်။

သြဂုတ်၁၇ ရက်တွင် အသွင်ကူးပြောင်းရေးစာရွက်စာတမ်းများအား တရားဝင်လက်မှတ်ရေးထိုးမှုနှင့်အတူ ဆူဒန်သည်လုပ်ငန်းစဉ်တစ်ခုကို စတင်လုပ်ဆောင်မည်ဖြစ်သည်။            

အရပ်သားအများစုကြီးစိုးမည့် အသွင်ကူးပြောင်းရေးကောင်စီအသစ် ဖွဲ့စည်းမှုကို သြဂုတ် ၁၉ ရက်တွင် ထုတ်ပြန်မည်ဖြစ်ပြီး နှစ်ရက်အကြာတွင် ဝန်ကြီးချုပ်တစ်ဦးအား ခန့်အပ်မည်ဖြစ်သည်။

ကုလသမဂ္ဂအကြီးတန်းတာဝန်ရှိသူဟောင်း Abdalla Hamdok အား ဝန်ကြီးချုပ်အဖြစ် အဆိုပြုမှုကို ဆန္ဒပြခေါင်းဆောင်များက သြဂုတ် ၁၅ ရက်တွင် သဘောတူခဲ့ကြသည်။

အာဖရိကဆိုင်ရာ ကုလသမဂ္ဂစီးပွားရေးကော်မရှင်၏ လက်ထောက်အမှုဆောင်အတွင်းရေးမှူးရာထူးမှ ပြီးခဲ့သည့်နှစ်တွင် အနားယူခဲ့သည့် ၀ါရင့်စီးပွားရေးပညာရှင် Hamdok ကို သြဂုတ် ၂၀ ရက်တွင် ဝန်ကြီးချုပ်အဖြစ် တရားဝင်ရွေးချယ်တင်မြှောက်မည်ဟု ကြေညာချက်တွင် ဖော်ပြခဲ့သည်။

အစိုးရအဖွဲ့ကို သြဂုတ် ၂၈ ရက်တွင် ထုတ်ပြန်မည်ဖြစ်ပြီး အသစ်ခန့်အပ်ခံရသည့် ဝန်ကြီးများသည် ပထမအကြိမ်အဖြစ် စက်တင်ဘာ ၁ ရက်တွင် အချုပ်အခြာအာဏာကောင်စီတွင် ဆွေးနွေးရန်စီစဉ်ထားသည်။ သြဂုတ် ၄ ရက်တွင် စတင်ခဲ့သည့်အသွင်ကူး ပြောင်းမှုကာလ ၃၉ လအကြာတွင် ရွေးကောက်ပွဲများ ကျင်းပရမည်ဖြစ်သည်။

ယင်းမတိုင်မီတွင် လူဦးရေ သန်း ၄၀ ရှိသည့် ဆူဒန်နိုင်ငံကို အချုပ်အခြာအာဏာကောင်စီဝင် ၁၁ ဦးနှင့် အစိုးရအဖွဲ့က အုပ်ချုပ်မည်ဖြစ်သည်။ အသွင်ကူးပြောင်းရေးကောင်စီတွင် အရပ်သားများကြီးစိုးမည်ဖြစ်သော်လည်း ပြည်ထဲရေးနှင့် ကာကွယ်ရေးဝန်ကြီးများကို ကောင်စီ၏စစ်ဘက်ဆိုင်ရာ အဖွဲ့ဝင်များက ရွေးချယ်မည်ဖြစ်သည်။

 

Most Read

Most Recent