ပြင်ဦးလွင်မြို့နယ်နှင့် နောင်ချိုမြို့နယ်တို့တွင် ပစ်ခတ်တိုက်ခိုက်ခံရခြင်းနှင့်ပတ်သက်၍အကြမ်းဖက် သောင်းကျန်းသူများ၏ လုပ်ရပ်များကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် ထိခိုက်ဒဏ်ရာရ သေဆုံးသူများအတွက် ဝမ်းနည်းကြောင်း ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်း

ပြင်ဦးလွင်မြို့နယ်နှင့် နောင်ချိုမြို့နယ်တို့တွင် ပစ်ခတ်တိုက်ခိုက်ခံရခြင်းနှင့်ပတ်သက်၍အကြမ်းဖက် သောင်းကျန်းသူများ၏ လုပ်ရပ်များကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် ထိခိုက်ဒဏ်ရာရ သေဆုံးသူများအတွက် ဝမ်းနည်းကြောင်း ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်း
သြဂုတ် ၁၅ ရက်က မိုင်းခွဲတိုက်ခိုက်ခံရသည့် ဂုတ်တွင်းတံတားပျက်စီးနေမှုအား တွေ့ရစဉ် (ဓာတ်ပုံ-ဌေးလှအောင်)
သြဂုတ် ၁၅ ရက်က မိုင်းခွဲတိုက်ခိုက်ခံရသည့် ဂုတ်တွင်းတံတားပျက်စီးနေမှုအား တွေ့ရစဉ် (ဓာတ်ပုံ-ဌေးလှအောင်)
Published 16 August 2019
စည်သူ

ပြင်ဦးလွင်မြို့နယ်နှင့် နောင်ချိုမြို့နယ်တို့တွင် ပစ်ခတ်တိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်ပြီး အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များအား ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်းနှင့် ထိခိုက်ဒဏ်ရာရ သေဆုံးသူများအတွက် ဝမ်းနည်းကြောင်းအဆိုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ကျိုင်းတုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစတီဖန်က  သြဂုတ် ၁၆ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစတီဖန်၏ အဆိုအပြည့်အစုံမှာ သြဂုတ် ၁၅ ရက် နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ်နှင့် နောင်ချိုမြို့နယ်အတွင်းရှိ တပ်မတော်နည်းပညာတက္ကသိုလ်၊ ဂုတ်တွင်းလုံခြုံရေးစခန်း၊ တိုးဂိတ်များနှင့့် မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်၊ တပ်ဌာနချုပ်တစ်ခုတို့အား အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ ပြည်သူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဒဏ်ရာရ သေဆုံးမှုဖြစ်ပြီး အဆောက်အအုံ၊ ယာဉ်၊ စက်များနှင့် ဂုတ်တွင်းတံတား ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသဖြင့် အဆိုပါအကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးသူများအတွက် ကြေကွဲဝမ်းနည်းရကြောင်းဟူ၍ ဖော်ပြထားသည်။

ယင်းအဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးကာ ပြည်သူ့လွှတ်တော်က မှတ်တမ်းတင်ကြောင်းကိုလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောကြားခဲ့သည်။

အထက်ပါကိစ္စနှင့်ပတ်သက်ပြီး အဆိုတင်သွင်းသည့်ကိစ္စသည် ပြည်သူ့လွှတ်တော်အစည်းအဝေး အစီအစဉ်တွင် ထည့်သွင်းထားခြင်းမရှိဘဲ ပြည်သူ့လွှတ်တော်အစည်းအဝေးကိုလည်း သတ်မှတ်ချိန်ထက် အနည်းငယ်နောက်ကျမှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ စီးပွားရေးလမ်းမကြီးဖြစ်ပြီး ပြည်ထောင်စုလမ်းမကြီးပေါ်မှာ အခုလို နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်မှုဟာ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်၊ နိုင်ငံတော်အကျိုးစီးပွားတို့အတွက် များစွာထိ ခိုက်လာပါတယ်။ ဒီအတွက် ကျွန်တော့်အနေနဲ့ စိတ်မကောင်းစွာ တင်ပြရခြင်းလို့ ပြောကြားခဲ့ရခြင်းဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ အပစ်အခတ်ရပ်စဲရေးကို တစ်ဖက်သတ်ကြေညာထားခဲ့ပြီး အပစ်အခတ်ရပ်စဲရေး ကာလအတွင်း ယခုလိုအကြမ်းဖက်တိုက်ခိုက်မှုများမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် များစွာထိခိုက်မှာလည်း အားလုံးသိပြီး ဖြစ်ပါလိမ့်မယ်။ တပ်မတော်ဘက်မှ စတင်တိုက်ခိုက်မှုမျိုးကို ရှောင်ရှားခဲ့ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးရန်နှင့် မူးယစ်ဆေးဝါးထုတ်လုပ် ဖြန့်ချိမှုများကို ဖော်ထုတ်ဖမ်းဆီးမှု လုပ်ငန်းများသာ လုပ်ဆောင်လျက်ရှိကြောင်း သိရပါ တယ်။နိုင်ငံတော်အစိုးရအနေဖြင့် ယခုအကြမ်းဖက်တိုက်ခိုက်မှုအား ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် အကျိုးစီးပွားကို မျှော်ကိုးပြီး လက်ရှိအစိုးရအပေါ် ပြည်သူလူထုမှ ယုံကြည်ကိုးစားစေရန် ဆောင်ရွက်သင့်သည်ဟု ထင်မြင်ယူဆပါတယ်” ဟု အဆိုရှင် ဦးစတီဖန်က ပြောကြား သည်။

ယခုကဲ့သို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်လာသည့်အတွက် ပြည်ထောင်စုအစိုးရအနေဖြင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ အမည်ခံ AA ၊ TNLA ၊ MNDAA သောင်း ကျန်းသူအဖွဲ့များအား အကြမ်းဖက်အဖွဲ့အစည်းများအဖြစ်သတ်မှတ်ပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေး၊ ပြည်သူလူထုအကျိုးစီးပွားအတွက် လိုအပ်သည့် အမိန့်ညွှန်ကြားချက်များ ထုတ် ပြန်ဆောင်ရွက်ပေးနိုင်ပါရန်နှင့် ထိခိုက်ဒဏ်ရာရ သေဆုံးသူများအတွက် ကြေကွဲ ဝမ်းနည်းစွာ အဆိုတင်သွင်းကြောင်း ၎င်းက ပြောကြားသည်။

 

Most Read

Most Recent