လွှတ်တော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားခြင်းများကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်နေသည့် သဘောဖြစ်နေကြောင်း ပြည်ခိုင်ဖြိုးပါတီ  လွှတ်တော်ကိုယ်စားလှယ် ဝေဖန်

လွှတ်တော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားခြင်းများကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်နေသည့် သဘောဖြစ်နေကြောင်း ပြည်ခိုင်ဖြိုးပါတီ  လွှတ်တော်ကိုယ်စားလှယ် ဝေဖန်
Published 16 August 2019
စိုးမင်းထိုက်၊ စည်သူ

လွှတ်တော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားခြင်းများကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်နေသည့် သဘောဖြစ်နေကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မိတ္ထီလာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မောင်သင်းက ဝေဖန်ပြောကြားခဲ့သည်။

နေပြည်တော်၌ သြဂုတ် ၁၅ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၎င်း၏ ဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး လေ့လာစိစစ်၍ ပူးပေါင်းကော်မတီက တင်ပြသော အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အန်ကယ်တို့က မူကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၃၃ နဲ့ အညီ တင်လိုက်ပြီးပြီ။ တင်ပြီးရင် ဥပဒေအရ ဒီဥစ္စာကို လွှတ်တော်မှာ ဆွေးနွေးရမယ်လို့ ပြောတယ်။ အန်ကယ်တို့က ၂၀ ရာခိုင်နှုန်းနဲ့ တင်တယ်။ လွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေမှာ    ပြဋ္ဌာန်းထား တာကို ပွင့်ပွင့်လင်းလင်းကြီး ဆန့်ကျင်နေ တာ၊ ဆန့်ကျင်နေတဲ့သဘောဖြစ်တယ်။ အန် ကယ့်အမြင်ကတော့ Law Maker က ဘာဖြစ်လို့ ဒီစဝင်ကတည်းက အန်ကယ်တို့ ကတိသစ္စာပြုထားတဲ့ကိစ္စကို ဘာဖြစ်လို့ တရားဝင် ပွင့်ပွင့်လင်းလင်းကြီး ကျူးလွန်နေတာလဲ၊ အန်ကယ်ကတော့ အဲဒီလိုပဲမြင်တယ်” ဟု ဒေါက်တာမောင်သင်းက ပြောကြားသည်။

ဒေါက်တာမောင်သင်း အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၅ ဦးက တင်ပြထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် ၄၅ ဦးပါဝင်သော ဖွဲ့စည်းပုံ  အခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်တွင် ထည့်သွင်းဆောင်ရွက်ရန် လေ့လာစိစစ်ရေးပူးပေါင်းကော်မတီက အစီရင်ခံစာတွင် သဘောထားမှတ် ချက်ပေးထားခြင်း ဖြစ်သည်။

အလားတူ ပြည်ခိုင်ဖြိုးပါတီမှ လွှတ် တော်ကိုယ်စားလှယ် ဦးသိန်းထွန်း တင်သွင်း သော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ နှင့် ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ်ဝန် ကြီးချုပ်ကို တိုင်းဒေသကြီး/ပြည်နယ်လွှတ် တော်က ရွေးချယ်နိုင်မည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းကိုလည်း လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးပါဝင်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီက တင် သွင်းလာမည့် မူကြမ်းတွင် တပေါင်းတည်း လေ့လာစိစစ်ရန် ပြည်ထောင်စုလွှတ်တော်၌ ဆုံးဖြတ်ထားသည်။

“ဦးသိန်းထွန်းကိစ္စကလည်း ရှင်းနေတယ်။ အန်ကယ်ကိစ္စကလည်း ရှင်းနေတယ် ဆိုတဲ့အခါကျတော့ မဲအများနဲ့ အနိုင်ယူပြီးတော့ ဒီဥစ္စာကို ဆုံးဖြတ်တာဟာ သဘာဝကျလား၊ မကျဘူးလားဆိုတာ ဒါကတော့ အားလုံးသိပြီး ဖြစ်ပါတယ်” ဟု ဒေါက်တာ မောင်သင်း က ပြောကြားခဲ့သည်။

 

Most Read

Most Recent