လျှပ်စစ်နှင့်စွမ်းအင်၊ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ အနေဖြင့် အတိုးနှုန်း မြင့်မားသည့် တရုတ်နိုင်ငံမှ ချေးငွေများကို အများဆုံးရယူထားပြီး တရုတ်ချေးငွေသည် ပြည်ပကြွေးမြီ စုစုပေါင်း၏ ထက်ဝက်ခန့်ရှိနေဟု လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

လျှပ်စစ်နှင့်စွမ်းအင်၊ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ အနေဖြင့် အတိုးနှုန်း မြင့်မားသည့် တရုတ်နိုင်ငံမှ ချေးငွေများကို အများဆုံးရယူထားပြီး တရုတ်ချေးငွေသည် ပြည်ပကြွေးမြီ စုစုပေါင်း၏ ထက်ဝက်ခန့်ရှိနေဟု လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး
Published 16 August 2019
စိုးမင်းထိုက်၊ စည်သူ

လျှပ်စစ်နှင့်စွမ်းအင်၊ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန များအနေဖြင့် အတိုးနှုန်း မြင့်မားသည့် တရုတ်နိုင်ငံက ချေးငွေများကို အများဆုံး ရယူထားပြီး တရုတ်နိုင်ငံက ချေးယူထားမှုသည် ပြည်ပကြွေးမြီ စုစုပေါင်း၏ ထက်ဝက်ခန့်ရှိနေဟု လွှတ်တော်ကိုယ်စားလှယ်က ဆွေးနွေးခဲ့သည်။

သြဂုတ် ၁၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေ ငွေစာရင်းများနှင့် စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက်နှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအား ဆွေးနွေးစဉ် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၀) မှ နော်လှလှစိုးက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

နော်လှလှစိုးက ပြည်ပနိုင်ငံများမှ ရယူထားသည့် ချေးငွေသည် အမေရိကန်ဒေါ်လာ ၁၀၂၀၀ ဒသမ ၁၇ သန်း ဖြစ်ကြောင်း၊ ယင်းချေးငွေများအား အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ ဖြစ်သည့် World Bank ၊ ADB စသည့် ချေးငွေများနှင့် နှစ်နိုင်ငံအစိုးရကြား ချေးငွေများဖြစ်ကြောင်း၊ ချေးငွေများကို အတန်းအစား ခွဲခြားသည့်အခါ အတိုးနှုန်း သက်သာသည့် နှစ်ရှည်ချေးငွေများ၊ အတိုးနှုန်းမြင့်မားပြီး နှစ်တိုသဘောဆောင်သည့် ချေးငွေများနှင့် ချေးယူငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းများကို အတိအကျဖော်ပြသင့်ကြောင်း၊ သို့မှသာ ပြည်သူများကို အကျိုးပြုသည့် ချေးငွေများနှင့် ချေးငွေလိုချင်သည့် အတွက်ကြောင့် ချေးရသည့် ချေးငွေများအကြား ကွဲပြားမည်ဖြစ်ကြာင်း ဆွေးနွေးခဲ့သည်။

“အတိုးနှုန်းမြင့်မားတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ချေးငွေကိစ္စ ဆွေးနွေးချင်ပါတယ်။ စုစုပေါင်းအနေနဲ့ဆိုရင် ၅၁၁၈ ဒသမ ၃၅၂ သန်းဖြစ်နေတဲ့အတွက် ပြည်ပကြွေးမြီ စုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းခန့်ရှိနေတာ တွေ့ ရပါတယ်။ အတိုးနှုန်းကတော့ ၂ ဒသမ ၅ မှ ၄ ဒသမ ၅ ရာခိုင်နှုန်းဖြစ်တဲ့အတွက် မြင့်မား တဲ့အတိုးနှုန်းဖြစ်နေပါတယ်။ ချေးယူတဲ့ဌာန တွေကတော့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန၊ စက်မှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနတို့က ချေးငွေ အများဆုံး ရယူထားတာကို တွေ့ရပါ တယ်။ အားနည်းချက်တွေကတော့ ဒီစီမံကိန်းတွေ ကို အလျဉ်မမီခြင်း၊ နိုင်ငံခြားငွေလဲလှယ်မှု ကြောင့် ကျပ်ငွေဖြင့် အတိုးပေးရမှုများပြား လာခြင်း၊ စျေးကွက်နဲ့အံမဝင် အရှုံးပေါ်နေခြင်း၊ မူဝါဒအကောင်အထည်ဖော်ဖို့ ချေးယူ သော်လည်း ငွေခေါင်းကွဲပြီးတော့ မူဝါဒလည်း အကောင်အထည်မပေါ်ခြင်း စတဲ့ အားနည်း ချက်တွေရှိနေပါတယ်”ဟု လွှတ်တော်ကိုယ် စားလှယ်နော်လှလှစိုးက ဆွေးနွေးသည်။

ထို့ပြင် စီးပွားရေးတွက်ခြေကိုက်မှုကို တွက်ချက်ပြီး ချေးငွေများကို ရယူရာတွင် Business Plan များပါဝင်မှု၊ ဘက်ပေါင်းစုံမှ သုံးသပ်ထားသည့် Risk Analysis၊ နိုင်ငံတော်၏ ကြွေးမြီစီမံခန့်ခွဲမှု၊ အစီအမံဖြင့် အံဝင်မှု၊ ချေးငွေကြီးကြပ်မှု အစီအမံတင်ပြနိုင်မှု စသည့် ကြိုတင်လုပ်ဆောင်ရမည့် အစီအမံများကို တင်ပြစေသင့်ကြောင်း၊ နိုင်ငံတော်က လက်ရှိကျင့်သုံးနေသည့် Project Bank Template များနှင့်လည်း ပေါင်းစပ်ရမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပကြွေးမြီနှင် GDP အချိုးသည် ၁၅  ဒသမ ၄ ရာခိုင်နှုန်းသာ ရှိသေး သည့်အတွက် စိုးရိမ်ဖွယ်အနေအထားမရှိ သေးသော်လည်း စာရင်းစစ်ချုပ် အစီရင်ခံစာအရ ချေးငွေအပေါ်တွင် အကျိုးအမြတ်ဖော် ဆောင်နိုင်မှု၊ ချေးငွေနှင့်ပြုလုပ်သည့် စီမံကိန်းများကို ကြီးကြပ်နိုင်မှု၊ ချေးငွေသက်တမ်းအတွင်း ပြီးမြောက်အောင် ဖော်ဆောင်မှုများတွင် အားနည်းနေမှုများ ရှိနေသည်ကို တွေ့ရကြောင်း ၎င်းက ဆက်လက်ဆွေးနွေး သည်။

“ကျွန်မတို့နိုင်ငံဟာ နိုင်ငံတော်ရဲ့ အကြွေးသင့်တင့်မျှတတဲ့ အတိုးနှုန်းဆိုတာက လုပ်ငန်းအရှိန်အဟုန် တက်နေတဲ့အတွက် လုပ်ငန်းပြောင်းလဲရန်အတွက် မဖြစ်မနေ အရေးကြီးသလို ဖွံ့ဖြိုးဖို့ တာစူနေတဲ့ နိုင်ငံအတွက် စနစ်တကျမျှတဖို့ အရေးကြီးပါတယ်။ အမြော်အမြင်ကြီးမားတဲ့ ရည်မှန်းချက်၊ စေ့စပ်သေချာတဲ့ စစ်ဆေးမှု၊ ထိရောက်တဲ့ အကောင်အထည်ဖော်နိုင်စွမ်းရှိပါက ကြွေးမြီတွေဟာ နိုင်ငံတစ်နိုင်ငံအတွက် တိုးတက်တဲ့ အနာဂတ်ရဲ့ အားကိုယူခြင်းဖြစ်ပါတယ်။ အသွားနှစ်ဖက်ရှိတဲ့ ဓားလည်း ဖြစ်ပါတယ်။ အကြွေးယူမှန်ပါက အနာဂတ်တွင်ဖွံ့ဖြိုးမည် ဖြစ်ပေမဲ့ အကြွေးယူမှားပါက အနာဂတ်ပျောက်ဆုံးပြီးတော့ စီးပွားရေးရာ ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်”ဟု နော်လှလှစိုးက ပြောကြားသည်။

ဥပမာတစ်ခုအနေဖြင့် တင်ပြရမည်ဆိုပါက သီရိလင်္ကာနိုင်ငံအနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးရန် ရည်ရွယ်ပြီး ချေးယူထားသည့် ငွေများအား ပြန်မဆပ်နိုင်သည့်အတွက် ဆိပ်ကမ်းတစ်ခုအား တရုတ်နိုင်ငံမှ ကုမ္ပဏီတစ်ခုထံ ၉၉ နှစ်ကြာ အငှားစာချုပ်ဖြင့် ပေးအပ်လိုက်ရမှုများ ရှိနေသည်ကို တွေ့ရကြောင်း၊ ထို့အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ထပ်မံပြီး လုပ်ဆောင်ရန် ပြင်ဆင်ထားသည့် China-Myanmar Economic Corridor တွင်ပါဝင်သည့် စီးပွားရေးလုပ်ငန်းများကို ဖြစ်စေ၊ BRI အစီအစဉ်ဖြင့် ပြုလုပ်မည့် ကူမင်း-မန္တလေး-နေပြည်တော်-ကျောက်ဖြူ-ရန်ကုန် မီးရထားလမ်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်လုပ်ငန်းများ၊ မြို့သစ်စီမံကိန်း၊ စွမ်းအင်စီမံကိန်းများတွင် ကြိုတင် အစီအမံများ၊ မဟာဗျူဟာမြောက် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်စစ်တမ်းများ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထည့်သွင်းစဉ်းစားချက်များအပြင် ငြိမ်းချမ်းရေးအတွက်ပါ ထည့်သွင်းစဉ်းစားရမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

 

Most Read

Most Recent