ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲထားချိန်တွင် ထာဝရငြိမ်းချမ်းရေးအတွက် အချိန်မဆိုင်းဘဲ ထိထိရောက်ရောက် ဆွေးနွေးညှိနှိုင်းရန် NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား တပ်မတော် အသိပေးချက် ထုတ်ပြန်

ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲထားချိန်တွင် ထာဝရငြိမ်းချမ်းရေးအတွက် အချိန်မဆိုင်းဘဲ ထိထိရောက်ရောက် ဆွေးနွေးညှိနှိုင်းရန် NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား တပ်မတော် အသိပေးချက် ထုတ်ပြန်
Published 15 August 2019

ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲထားချိန်တွင် ထာဝရငြိမ်းချမ်းရေးအတွက် အချိန်မဆိုင်းဘဲ ထိထိရောက်ရောက် ဆွေးနွေးညှိနှိုင်းရန် NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား  အသိပေးချက် တစ်စောင်ကို သြဂုတ် ၁၄ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် တိုင်းရင်းသား ပြည်သူလူထုအားလုံး၏ လိုအင်ဆန္ဒဖြစ်သည့် ဒီမိုကရေစီလမ်းစဉ်အား မှန်ကုန်ခိုင်မာစွာ လျှောက်လှမ်းနိုင်ရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု အကျိုးစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရည်ရွယ်၍ NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသော လက်နက်ကိုင် အဖွဲ့အစည်းများအား မည်သည့်ဖိအားမျှ မရှိစေဘဲ လွတ်လပ်စွာ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဆောင်ရွက်နိုင်ရန် စိတ်ရင်းစေတနာအမှန်ဖြင့် တပ်မတော်က ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ဧပြီ ၃၀ ရက်အထိ လည်းကောင်း၊ ၂၀၁၉ မေ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ လည်းကောင်း၊ ဇူလိုင် ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ လည်းကောင်း  မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်နယ်မြေတို့တွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

ထို့သို့ စစ်ရေးလှုပ်ရှာမှုများ ရပ်ဆိုင်ထားပေးသည့် ကာလများအတွင်း တွေ့ဆုံဆွေးနွေး ညှိနှိုင်း အဖြေရှာခြင်း အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်ဖြစ်ထွန်းစေရေး ဆောင်ရွက်မှုများတွင် ထိရောက်မှု အားနည်းလျက်ရှိပြီး သက်တမ်း တိုးမြင့်ထားသည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလမှာလည်း မကြာမီ ကုန်ဆုံးတော့မည် ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင် ပတ်သက်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် တပ်မတော်က ခွင့်ပြုထားသော ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားသည့် ကာလအတွင်း နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူလူထု၏ အကျိုးစီးပွားကို ရည်မျှော်၍ အချိန်ဆွဲခြင်းမပြုဘဲ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ တပ်မတော်မှ ဖွဲ့စည်းပေးထားသည့် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့တို့နှင့် ယုံကြည်မှု အပြည့်အဝဖြင့် ထိရောက်စွာ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်နိုင်ရန် အသိပေးထားသည်။

Most Read

Most Recent