တိုင်းရင်းသားလူမျိုးများ၏ မျိုးနွယ်စု (လူမျိုး) အလိုက် လူဦးရေစာရင်း ထုတ်ပြန်နိုင်ရေးအတွက် ညှိနှိုင်း ဆွေးနွေးမှုများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

တိုင်းရင်းသားလူမျိုးများ၏ မျိုးနွယ်စု (လူမျိုး) အလိုက် လူဦးရေစာရင်း ထုတ်ပြန်နိုင်ရေးအတွက် ညှိနှိုင်း ဆွေးနွေးမှုများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 14 August 2019
စည်သူ

တိုင်းရင်းသားလူမျိုးများ၏ မျိုးနွယ်စု (လူမျိုး) အလိုက် လူဦးရေစာရင်း ထုတ်ပြန်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများ စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

နေပြည်တော်၌ သြဂုတ် ၁၄ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် မောင်တောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းကျော် မေးမြန်းသော တိုင်းရင်းသား မျိုးနွယ်စု (လူမျိုး) အလိုက် လူဦးရေစာရင်း ထုတ်ပြန်ပေးရန် အစီအစဉ် ရှိ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းကို ပြည်ထောင်စုဝန်ကြီး က ဖြေကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“တိုင်းရင်းသား လူမျိုးများရဲ့ မျိုးနွယ်စု (လူမျိုး)အလိုက် လူဦးရေစာရင်း ထုတ်ပြန်နိုင်ရေးအတွက် မြို့နယ်၊ ပြည်နယ်၊ ခရိုင်များမှာလည်းပဲ တိုင်းရင်းသားကော်မတီဝင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ သမိုင်းပညာရှင်များကိုလည်း စတင်ပြီးတော့ ဆွေးနွေးလျက် ရှိပါတယ်။ ဌာနအတွင်းမှာလည်း ဆွေးနွေးလျက် ရှိပါတယ်။ နိုင်ငံခြားမှာရှိတဲ့ ပညာရှင်များရဲ့ အကူအညီနဲ့လည်း ဆောင်ရွက်လျက် ရှိပါတယ်။ အလားတူ ဘာသာရေး ခေါင်းဆောင်များကိုလည်း တင်ပြပြီးတော့ အဆင့်ဆင့် ညှိနှိုင်းဆွေးနွေးမှုများလည်း ဆောင်ရွက်လျက် ရှိပါတယ်။ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနကိုလည်း တင်ပြပြီးတော့ ဆောင်ရွက်လျက် ရှိပါတယ်။ တင်ပြလိုတဲ့အချက်ကတော့ တိုင်းရင်းသားလူမျိုးများရဲ့ မျိုးနွယ်စု (လူမျိုး) အလိုက် လူဦးရေစာရင်းများ ထုတ်ပြန်နိုင်ရေးအတွက် စတင် ဆောင်ရွက်နေပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

အဆိုပါ တိုင်းရင်းသားလူမျိုးများ၏ မျိုးနွယ်စု (လူမျိုး) အလိုက် လူဦးရေစာရင်း ထုတ်ပြန်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများ ပြီးပြတ်သည့့်အချိန်တွင် ထုတ်ပြန်သွားမည် ဖြစ်သော်လည်း ပြီးပြတ်မည့် အချိန်ကိုမူ မှန်းဆနိုင်ခြင်း မရှိသေးကြောင်း ၎င်းကပြောကြားသည်။

ဆက်လက်၍ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း မေးခွန်း၌ လူမျိုးမေးခွန်း ထည့်သွင်းရာတွင် လူမျိုးအမည်များ မှားယွင်းနေကြောင်း၊ တိုင်းရင်းသား ၁၃၅ မျိုးအပေါ် အခြေခံခြင်းသည် ပကတိအခြေအနေနှင့် ကိုက်ညီမှု မရှိကြောင်း၊ လူမျိုးအုပ်စုကြီးများတွင် ပါဝင်သည့် လူမျိုးစုငယ် အရေအတွက်များ ကွဲလွဲနေကြောင်း၊ သီးခြားလူမျိုး သတ်မှတ်ပေးရေးကိစ္စ၊ မျိုးနွယ်စုပြောင်းလဲ သတ်မှတ်ရေးကိစ္စ၊ တိုင်းရင်းသား လူမျိုးများအဖြစ် သတ်မှတ်ပေးရေးကိစ္စ စသည့် တောင်းဆိုမှုများစွာ ရှိခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့ပြင် ဖာပွန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောထွန်းမြအောင် မေးမြန်းသော မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်သည့် လူမျိုး ၁၃၅ မျိုးရှိကြောင်းကို ယခုမျက်မှောက်ခေတ်ကာလတွင် မှန်ကန်မှု ရှိ မရှိ ပြန်လည်စိစစ်ရန် အစီအစဉ် ရှိ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းနှင့် ပတ်သက်၍ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအတွက် မြန်မာနိုင်ငံတွင် နေထိုင်သော တိုင်းရင်းသား မျိုးနွယ်စု အမည်စာရင်းများ သတ်မှတ်ပြုစုရာတွင် တစ်ဦးတစ်ယောက်တည်း၊ အဖွဲ့အစည်း တစ်ခုတည်းမှ သတ်မှတ်ပြုစု၍ မရနိုင်သောကြောင့် ယခင် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းတွင် အသုံးပြုခဲ့သည့် လူမျိုးစာရင်းကို အခြေခံ၍ လူမျိုးကုတ်များကို အုပ်စုများခွဲ၍ ပြုစုခဲ့ပြီး အဆိုပါ လူမျိုးစာရင်းတွင် မပါဝင်သူများကိုလည်း ကုတ်နံပါတ် ၉၁၄ တွင် ဖြည့်သွင်း၍ ကောက်ယူစေခဲ့ခြင်း ဖြစ်ကြောင်းနှင့် လက်ရှိ အသိအမှတ်ပြုထားသည့် လူမျိုး ၁၃၅ မျိုးကို မျက်မှောက်ကာလတွင် မှန်ကန်မှု ရှိ မရှိကို ပြန်လည်စိစစ်ရန် အစီအစဉ်မရှိသေးကြောင်း ပြည်ထောင်စုဝန်ကြီးက ပြန်လည် ဖြေကြားသည်။                      

Most Read

Most Recent