၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့အခမ်းအနား ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တပ်စခန်းများတွင် ပြုလုပ်

၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့အခမ်းအနား ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တပ်စခန်းများတွင် ပြုလုပ်
KNLA တပ်မဟာ ၆ တွင် ပြုလုပ်သည့် ၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားတွင် KNU  ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး  အမှာစကား ပြောကြားစဉ်
KNLA တပ်မဟာ ၆ တွင် ပြုလုပ်သည့် ၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားတွင် KNU  ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး  အမှာစကား ပြောကြားစဉ်
Published 13 August 2019
ရွှေသိန်း (မြဝတီ)

၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကို သြဂုတ် ၁၂ ရက်က ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တပ်စခန်းများတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)  လက်အောက်ခံ လက်နက်ကိုင်အဖွဲ့ဖြစ်သည့် KNLA ၏ တပ်မဟာ ၆ ဒေသကွပ်ကဲရေးတပ်၊ အတွင်းကွင်းကလေး ခရစ်ယာန်အသင်း ကျောင်းဝင်းခန်းမ၌ ပြုလုပ်သော ကရင်အာဇာနည်နေ့ အခမ်းအနားကို KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး တက်ရောက်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ကရင်အမျိုးသားစည်းအရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ကရင်အမျိုးသား အာဇာနည်နေ့သည် ၆၉ နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ နောင်လာနောင်သားများ၏ ရင်ထဲတွင် အမြဲရှိနေမည်ဖြစ်ပြီး အာဇာနည်အသုံးအနှုန်း မသုံးရဟု တားမြစ်ခြင်းမှာ ငြိမ်းချမ်းရေး ဆောင်ရွက်နေသည့်လမ်း၌ ယုံကြည်မှု လျော့ကျစေကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

တပ်မဟာ (၆) အထူးစစ်ကြောင်းမှူး ဗိုလ်မှူးစောလှမင်းကလည်း ကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီး၏ မူလေးချက်နှင့်အညီ ရပ်တည်နေပြီး ကရင်လူမျိုးများအရေး ကရင်တိုင်းရင်းသားတိုင်းတွင် တာဝန်ရှိသည်ဟု ပြောကြားသည်။

“စောဘဦးကြီး ချမှတ်ခဲ့တဲ့မူလေးချက် နဲ့ ရပ်တည်နေပါတယ်။ မူလေးချက်ကတော့ လက်နက်ချရေး အလျဉ်းမပြောရ။ ကရင့် လက်နက် ကရင့်လက်ထဲရှိရမယ်။ ကရင်ကံ ကြမ္မာ ကရင် ဖန်တီးရမယ်။ ကရင်ပြည် ပြီး ပြည့်စုံ အသိအမှတ်ပြုရမယ်ဆိုတဲ့ မူလေး ချက်အတိုင်း ရပ်တည်နေတာ ဖြစ်ပါတယ်။  နှစ်စဉ် နှစ်တိုင်းကျင်းပတဲ့ ကရင့်အာဇာနည် နေ့ဟာ ကျွန်တော်တို့ တစ်မျိုးသားလုံးက အာဇာနည်နေ့ရဲ့ အနက်အဓိပ္ပာယ်ကို သိဖို့ အရေးကြီးတယ်။ ကရင်အမျိုးသား အရေး ဟာ ကရင်အမျိုးသားတိုင်းမှာ တာဝန်ရှိတာ ပြောချင်ပါတယ်”ဟု KNLA တပ်မဟာ (၆) ဒုတိယတပ်မဟာမှူး ဗိုလ်မှူး စောအေးလွင် က ပြောကြားသည်။

၆၉ နှစ်မြောက် ကရင့်အာဇာနည်နေ့အ ခမ်းအနားများကို KNLA ၏ တပ်မဟာ ၆ ကွင်းကလေး၊ တပ်မဟာ ၇ ဌာနချုပ်နှင့် NCA ထိုးထားသည့် DKBA အဖွဲ့ဌာနချုပ် တည်ရှိရာ ဆုံစည်းမြိုင် နှင့် KNU ၊ KNLA (PC) ငြိမ်းချမ်းရေးကောင်စီ တပ်စခန်းတည်ရာ ထို့ကော်ကိုး၊ စုကလိစခန်းသစ်၊ လေး ကေ့ကော်တို့တွင် အသီးသီးပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရင်အာဇာနည်အသုံးအနှုန်း တား မြစ်ခြင်းနှင့်ပတ်သက်၍ တပ်မဟာ (၆) ဒုတိယ တပ်မဟာမှူး ဗိုလ်မှူး စောအေးလွင်က “ ဒါ အောက်လက်ငယ်သားတွေ မေးလာရင် ဖြေ ရှင်းရမယ့်ကိစ္စဖြစ်လာတယ်။ တွေ့ဆုံဆွေး နွေးရေးကို အထစ်အငေါ့ ဖြစ်လာနိုင်တယ်။ အာဇာနည်နေ့လုပ်တာ သွေးဆာလို့မဟုတ် ဘူး။ ဆူပူဖို့လုပ်တာမဟုတ်ဘူး။ အောက်မေ့ ဂုဏ်ပြု၊ အလေးပြုတာ ဖြစ်ပါတယ်။ ဒါကို ဘာဖြစ်လို့ ဒီလိုပြောတယ်ဆိုတာကိုတော့ နားမလည်ပါဘူး။ ကရင်အမျိုးသားအစည်း အရုံးက ကရင်တစ်မျိုးသားလုံးကိုကိုယ်စား ပြုတယ်။ ဒီလို ပြောဆိုတာကို လက်ခံနိုင်တဲ့ အနေအထားမရှိပါဘူး” ဟုပြောကြားသည်။

ယခင်နှစ်များကဲ့သို့ ကရင့်အာဇာနည် နေ့ အခမ်းအနားတွင် ကရင့်အာဇာနည် ခေါင်းဆောင်များအားအလေး ပြုခြင်း၊ လွမ်း သူ့ပန်းခွေချဂါရဝပြုခြင်းများဆောင်ရွက်ခဲ့ ကြသော်လည်း ယခုနှစ်တွင် စစ်ကြောင်းဖြင့် ချီတက်ခြင်းမရှိခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent