ပြည်တွင်းစစ်နှင့် ဆင်းရဲမွဲတေမှုများ ဖြစ်ပေါ်စေခဲ့သော နိုင်ငံရေးပြဿနာများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် နိုင်ငံရေးစားပွဲဝိုင်းတွင် အဖြေရှာခြင်းသည် အကောင်းဆုံးနည်းလမ်းဟု KNU က ယုံကြည်လက်ခံထားကြောင်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ပြောကြား

ပြည်တွင်းစစ်နှင့် ဆင်းရဲမွဲတေမှုများ ဖြစ်ပေါ်စေခဲ့သော နိုင်ငံရေးပြဿနာများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် နိုင်ငံရေးစားပွဲဝိုင်းတွင် အဖြေရှာခြင်းသည် အကောင်းဆုံးနည်းလမ်းဟု KNU က ယုံကြည်လက်ခံထားကြောင်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ပြောကြား
Published 11 August 2019
မင်းနိုင်စိုး

 

ပြည်တွင်းစစ်နှင့် ဆင်းရဲမွဲတေမှုများကို ဖြစ်ပေါ်စေခဲ့သော နိုင်ငံရေးပြဿနာများကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် နိုင်ငံရေးစားပွဲဝိုင်းတွင် အဖြေရှာခြင်းသည် အကောင်းဆုံး နည်းလမ်းဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က ယုံကြည်လက်ခံထားကြောင်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။

၂၀၁၉ ခုနှစ် သြဂုတ် ၁၂ ရက်တွင် ကျရောက်သည့် ၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားသို့ ပေးပို့သော KNU ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၏ သဝဏ်လွှာတွင် ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး မတူကွဲပြားသော လူမျိုးတိုင်းအတွက် အခွင့်အရေးဆိုင်ရာ အာမခံချက်များကို ပေးစွမ်းနိုင်သော ဒီမိုကရေစီဖက်ဒရယ်နိုင်ငံရေးစနစ်သည် KNU ၏ အဓိကရည်မှန်းချက်ဖြစ်သည်ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက အဆိုပါသဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ပြည်ထောင်စုကြီး၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဒီမိုကရေစီဖက်ဒရယ် နိုင်ငံရေးစနစ်က အဓိကအချက်ဖြစ်ပြီး KNU ၏ ရည်မှန်းချက်ဖြစ်သော အဆိုပါအချက်အောင်မြင်ရေးအတွက် နိုင်ငံရေးစားပွဲဝိုင်းတွင် အဖြေရှာခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု KNU က ယုံကြည်လက်ခံထားခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၏ သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။

အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး၏ အဓိကရည်ရွယ်ချက်သည် နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် ငြိမ်းချမ်းစွာ အဖြေရှာပြီး ဒီမိုကရေစီစနစ်ကို အခြေခံသောဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရန်ဖြစ်ကြောင်း၊ နိုင်ငံရေးပြဿနာကို လက်နက်ကိုင်တိုက်ခိုက်သောနည်းလမ်းဖြင့် ဖြေရှင်းအဖြေရှာမည်ဆိုပါက အဆုံးသတ်နိုင်မည်မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောကြားသည်။

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မှသာလျှင် မတူကွဲပြားလျက်ရှိသော လူမျိုးတိုင်းနှင့် ပြည်သူလူထုတစ်ရပ်လုံးအတွက် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံနိုင်မည်ဖြစ်ကြောင်း၊ ယခုအချိန်သည် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး၏ အသီးအပွင့်များကို လှမ်းမမြင်နိုင်သေးသော ကာလတွင်သာရှိနေကြောင်း ၎င်းက ပြောကြားသည်။

ထို့ပြင် ယုံကြည်မှုအတွက် ကြိုးစားတည်ဆောက်နေရသည့်အချိန်၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးစားအားထုတ်သည့်အချိန်တွင် အခက်အခဲအတားအဆီးများနှင့် ကြုံတွေ့နေရသည့်အတွက် ကရင်လူထုတစ်ရပ်လုံးက KNU နှင့်အတူရပ်တည်ပြီး ပိုမိုကြိုးစားအားထုတ်ရန် လိုအပ်ကြောင်း၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် အပြည့်အဝအာမခံချက်ရှိသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပန်းတိုင်ကို အောင်မြင်စွာ တည်ဆောက်နိုင်ရေးအတွက် မတူကွဲပြားသော တိုင်းရင်းသား လူမျိုးများအားလုံးနှင့် လက်တွဲဆောင်ရွက်ရန် လိုအပ်ကြောင်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။

ထို့ကြောင့် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်လည်း လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများကို မျက်စိဖွင့်၊ နားစွင့်နေကြပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရေးနှင့် ပြင်ဆင်ရေး စသည်တို့တွင် သတ္တိရှိရှိနှင့် ညီညီညွတ်ညွတ် အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်ကြရန် လိုအပ်ကြောင်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။              

 

Most Read

Most Recent