NCA စာချုပ်အပေါ်ရပ်တည်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်သည့် အစုအဖွဲ့များနှင့်အတူဆွေးနွေးညှိနှိုင်းလုပ်ဆောင်သွားမည်ဟု KNU ဗဟိုအမြဲတမ်းကော်မတီအစည်းအဝေး ထုတ်ပြန်

NCA စာချုပ်အပေါ်ရပ်တည်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်သည့် အစုအဖွဲ့များနှင့်အတူဆွေးနွေးညှိနှိုင်းလုပ်ဆောင်သွားမည်ဟု KNU ဗဟိုအမြဲတမ်းကော်မတီအစည်းအဝေး ထုတ်ပြန်
KNU အဖွဲ့၏ (၁၆) ကြိမ်မြောက် ကွန်ကရက်အပြီး တတိယအကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီ၏ အစည်းအဝေး ကျင်းပနေမှုကို တွေ့ရစဉ်
KNU အဖွဲ့၏ (၁၆) ကြိမ်မြောက် ကွန်ကရက်အပြီး တတိယအကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီ၏ အစည်းအဝေး ကျင်းပနေမှုကို တွေ့ရစဉ်
Published 10 August 2019
မင်းနိုင်စိုး

ကရင်အမျိုးသားအစည်းအရုံး (KNU) အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အပေါ် တွင် ရပ်တည်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်သည့်အစုအဖွဲ့ (Stake-holders) များနှင့်အတူ ဆွေးနွေးညှိနှိုင်း ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း  KNU ဗဟိုအမြဲတမ်းကော်မတီအစည်းအဝေး (ပထမပိုင်း) က သတင်းထုတ်ပြန်သည်။

KNU အဖွဲ့၏ (၁၆) ကြိမ်မြောက် ကွန်ကရက်အပြီး တတိယအကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီ၏ အစည်းအဝေး (ပထမပိုင်း) ကို KNU ဗဟိုဌာနချုပ်တည်ရှိရာ ဘားအံခရိုင် လေးဝါးတွင် ၂၀၁၉ ခုနှစ် ဇူလိုင် ၂၂ ရက်မှ သြဂုတ် ၉ ရက်အထိ ၁၉ ရက်ကြာ ပြု လုပ်ခဲ့ပြီး သြဂုတ်လ ၉ ရက်တွင် အဆိုပါ သတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယခုအစည်းအဝေးတွင် KNU အနေဖြင့် ရှေ့ဆက်ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွင် အဓိပ္ပာယ်ပြည့်ဝစွာ ပါဝင်ရန်အတွက် သော်လည်းကောင်း ၊ အဖွဲ့အစည်းတစ်ခုလုံး တညီတညွတ်တည်း ပါဝင်ရန်အတွက်သော် လည်းကောင်း ဆွေးနွေးခဲ့ကြပြီးနောက် NCA အပေါ်ရပ်တည်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်သည့် အစုအဖွဲ့များနှင့်အတူ ဆွေးနွေးညှိနှိုင်း ပူးပေါင်းလုပ်ဆောင်သွားမည်ဟု သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

တတိယအကြိမ်မြောက် ဗဟိုအမြဲတမ်း ကော်မတီအစည်းအဝေးတွင် KNU ဗဟို အလုပ်အမှုဆောင်ကော်မတီမှ တင်သွင်းသည့် နိုင်ငံရေးအစီရင်ခံစာပါ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် တွေ့ဆုံဆွေး နွေးအဖြေရှာကြမည့် နိုင်ငံရေးဆွေးနွေးပွဲ ဆိုင်ရာလုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ဆိုင်ရာတစ်ဆို့နေမှုများ၊ အခက်အခဲများ ကျော်လွှားနိုင်မည့် လုပ်ငန်းစဉ်များကို အပြန်အလှန်အကြေအလည် ဆွေးနွေးခဲ့ကြ သည်ဟု KNU ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

KNU သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွင် တစိုက်မတ်မတ် အားသွန်ခွန်စိုက်ပါဝင် လာခဲ့ရာမှ ၂၀၁၈ ခုနှစ်  နိုဝင်ဘာ ၅ ရက်မှစ ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ တရားဝင်အစည်းအဝေးများသို့ တက်ရောက်မှုအား ယာ ယီရပ်ဆိုင်းထားခဲ့ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် အလွတ် သဘောဆွေးနွေးပွဲများဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တစ်ဆို့မှုများနှင့် အခက်အခဲများကို ကျော်လွှားနိုင်ရန် ကြိုးပမ်းခဲ့ကြောင်း KNU ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေး (ပထမပိုင်း) က သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် ယခုအစည်းအဝေးတွင် အစိုးရဘက်သို့ KNU က အဆိုပြုတင်ပြထားသည့် ရှေ့ဆက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အစီအစဉ်များအပေါ်တွင် အပြန်အလှန်ဆွေးနွေးခဲ့ ကြကြောင်း၊ ယခုအစည်းအဝေးသို့ ဗဟိုကော်မတီဝင် ၅၅ ဦးရှိသည့်အနက် ကော်မတီဝင် ၄၅ ဦးနှင့်အတူ အထူးဖိတ်ကြားခံရသည့် ခေါင်းဆောင်များ တက်ရောက်ခဲ့ကြကြောင်း KNU ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေး (ပထမပိုင်း) က သတင်းထုတ်ပြန်ချက် အရ သိရသည်။

၂၀၁၉ ခုနှစ် မေလအတွင်းက ထိုင်းနိုင်ငံ ချင်းမိုင်တွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးပြုလုပ်ခဲ့ရာ အဆိုပါ အစည်းအဝေးတွင် KNU က PPST အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ရန် တင်ပြခဲ့ပြီး တစ်ဆက်တည်းတွင်  PPST အဖွဲ့ကို ငြိမ်းချမ်းရေးဆိုင်ရာအတိုင်ပင်ခံညှိနှိုင်းအစည်းအဝေး (PPCM) အဖြစ် ပြောင်းလဲဖွဲ့စည်းရန် တင်ပြခဲ့သည်။

ရက်ပေါင်း ၂၀ နီးပါး ပြုလုပ်ခဲ့သည့် KNU ၏ ယခုဗဟိုကော်မတီ အစည်းအဝေးတွင် အဆိုပါအကြောင်းအရာများနှင့်ပတ်သက်၍လည်းကောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးကြမည်ဖြစ်သော်လည်း ထိုသို့ဆွေးနွေးမှုများနှင့် ပတ်သက်၍ KNU ပြောရေးဆိုခွင့်ရှိသူများထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်း လက်ခံဖြေကြားခြင်းမရှိပေ။

Most Read

Most Recent