နိုင်ငံတော်၏ လက်ရှိ စီးပွားရေး အခြေအနေ ပိုမိုတိုးတက် ကောင်းမွန်စေရေးအတွက်ဆိုကာ ပြည်ထောင်စုအစိုးရအဖွဲ့က စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် အခွန်စည်းကြပ်မှုနှုန်းကို ယခင် အနိမ့်ဆုံး ၁၅ ရာခိုင်နှုန်းမှ သုံးရာခိုင်နှုန်းသို့ လျှော့ချပြင်ဆင် သတ်မှတ်ရန် တင်ပြ

နိုင်ငံတော်၏ လက်ရှိ စီးပွားရေး အခြေအနေ ပိုမိုတိုးတက် ကောင်းမွန်စေရေးအတွက်ဆိုကာ ပြည်ထောင်စုအစိုးရအဖွဲ့က စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် အခွန်စည်းကြပ်မှုနှုန်းကို ယခင် အနိမ့်ဆုံး ၁၅ ရာခိုင်နှုန်းမှ သုံးရာခိုင်နှုန်းသို့ လျှော့ချပြင်ဆင် သတ်မှတ်ရန် တင်ပြ
Published 8 August 2019
ဖြိုးဝေ

၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတွင် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် အခွန်စည်းကြပ်မှုနှုန်းကို နိုင်ငံတော်၏ လက်ရှိ စီးပွားရေး အခြေအနေ ပိုမိုတိုးတက် ကောင်းမွန်စေရေးအတွက်ဟုဆိုကာ ယခင်နှစ်များက ဝင်ငွေခွန်ကို အနိမ့်ဆုံး ၁၅ ရာခိုင်နှုန်းမှ ယခု ဥပဒေကြမ်းတွင် အနိမ့်ဆုံး အခွန်နှုန်းကို သုံးရာခိုင်နှုန်းသို့ ပြည်ထောင်စုအစိုးရအဖွဲ့က လျှော့ချပေးရန် ပြင်ဆင် သတ်မှတ်ထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက သြဂုတ် ၇ ရက်တွင် ပြောကြားသည်။

“အပိုဒ် ၂၅ မှာ စည်းကြပ်မှုက လွတ်နေတဲ့ ဝင်ငွေများအပေါ် ကောက်ခံတဲ့ ဝင်ငွေခွန်နှုန်းထားကို လျှော့ချ သတ်မှတ်ပေးထားခြင်း ဖြစ်ပါတယ်။ ယင်းသို့ လျှော့ချပေးရတဲ့ ရည်ရွယ်ချက်က ပြည်ထောင်စု အစိုးရအနေနဲ့  နိုင်ငံတော်ရဲ့ လက်ရှိ စီးပွားရေးအခြေအနေကို ပိုမိုတိုးတက် ကောင်းမွန်လာစေရန် တွန်းအားပေးပြီး ဆောင်ရွက်တဲ့အနေဖြင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများ စားသုံးမှုများ တိုးမြင့်လာစေရန် အလို့ငှာ ပြည်သူများ လက်ဝယ်မှာရှိတဲ့ စည်းကြပ်မှုမှ လွတ်ကင်းနေသော ငွေများ ပြန်လည် ပေါ်ထွက်လာစေရန် ဖြစ်ပါတယ်” ဟု ဦးမောင်မောင်ဝင်းက သြဂုတ် ၇ ရက်တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းပြောကြားချိန်၌ ထည့်သွင်း ပြောကြားသည်။

ထိုသို့ ဝင်ငွေခွန်နှုန်းထား လျှော့ချခြင်း ကို ၂၀၀၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် တစ်ကြိမ် ဆောင်ရွက်ပေးခဲ့သည်ဟု ဦးမောင်မောင်ဝင်းက ပြောကြားသည်။ ထိုသို့ ဝင်ငွေခွန်နှုန်းထား လျှော့ချပေးခြင်းကို အခြေပစ္စည်းတစ်ရပ်ရပ်ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းအသစ် တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံ တိုးချဲ့ခြင်းတို့အတွက် အသုံးပြုမည့် ငွေကြေးများ အပေါ်တွင်သာ ခံစားခွင့်ရရှိမည် ဖြစ်ကြောင်းနှင့် တရားမဝင်ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းတို့မှ ရရှိသော ဝင်ငွေများနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေအရ အရေးယူ ဆောင်ရွက်သည့် ကိစ္စများနှင့် သက်ဆိုင်မည် မဟုတ်ဘဲ အဆိုပါ ကိစ္စရပ်များကို သက်ဆိုင်ရာ ဥပဒေများအရသာ ဆောင်ရွက်မည် ဖြစ်ကြောင်း ဦးမောင်မောင်ဝင်းက ဆိုသည်။

ယခင်က အခွန်ထမ်းဆောင်ထားခြင်း မရှိသည့် ဝင်ငွေများကို စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအဖြစ် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် “ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များ မနုတ်မီ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် ၃၀ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန် စည်းကြပ်ရမည်။ သို့ရာတွင် နိုင်ငံသား မည်သူမဆို အခြေပစ္စည်းတစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းအသစ် တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံ တိုးချဲ့ ဆောင်ရွက်ခြင်းတို့အတွက် အသုံးပြုသည့် ဝင်ငွေမှ ဝင်ငွေရလမ်း တင်ပြနိုင်သည့် ဝင်ငွေရှိပါက ယင်းငွေအား နုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ်တွင် လည်းကောင်း၊ ဝင်ငွေရလမ်း တင်ပြနိုင်ခြင်း မရှိပါက အသုံးပြုသည့် ဝင်ငွေအပေါ်တွင် လည်းကောင်း၊ အောက်ဖော်ပြပါ အခွန်နှုန်းထားအတိုင်း ဝင်ငွေခွန် စည်းကြပ်ရမည်။ အသုံးပြုသည့် ဝင်ငွေအားလုံးအပေါ် ဝင်ငွေရလမ်း အတိအကျ တင်ပြနိုင်ပါက ဝင်ငွေခွန် ထမ်းဆောင်ရန် မလိုပါ။ ဤပုဒ်မအရ အခွန်စည်းကြပ်ခြင်းသည် တရားမဝင်ရရှိသည့် ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းတို့နှင့် လည်းကောင်း ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေအရ အရေးယူသည့် ကိစ္စရပ်များနှင့် လည်းကောင်း သက်ဆိုင်ခြင်း မရှိစေရ” ဟု  ပုဒ်မ ၂၅ တွင် ဖော်ပြ ပြဌာန်းခဲ့သည်။ ထိုသို့ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေများအပေါ် ဝင်ငွေခွန် ကောက်ခံရာတွင် ၁ ကျပ်မှ ကျပ်သိန်း ၃၀၀ အထိ အခွန် ၁၅ ရာခိုင်နှုန်း ကျပ် ၃၀,၀၀၀,၀၀၁ မှ ကျပ်သိန်း ၁၀၀၀ အထိ အခွန်ရာခိုင်နှုန်း ၂၀ နှင့် ကျပ် ၁၀၀,၀၀၀,၀၀၁ မှ ကျပ်သိန်း ၁၀၀၀၀ အထက် အခွန်ရာခိုင်နှုန်း ၃၀ အဖြစ် သတ်မှတ် ကောက်ခံခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ကောက်ခံခဲ့ရာမှ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်း ပုဒ်မ ၂၅ တွင် ပြည်တွင်းနေ နိုင်ငံသား နှင့် ပြည်ပနေနိုင်ငံသား၏ ပြည်ပမှ ဝင်ငွေရလမ်း တစ်ခုခု သို့မဟုတ် စီးပွားရေးလုပ်ငန်း တစ်ခုခုကို ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အခွန်ပေးဆောင်ရန် လစ်ဟင်းခဲ့သော သို့မဟုတ် လျော့နည်း ပေးဆောင်ခဲ့သော ဝင်ငွေများ၊ နှစ်တစ်နှစ်အတွင်း ပြည်တွင်း၌ မြေ၊ အဆောက်အအုံနှင့် ယင်းအဆောက်အအုံ၏ အဓိက အစိတ်အပိုင်းများ အပါအဝင် ဖြစ်သော မရွှေ့မပြောင်းနိုင်သည့် ပစ္စည်း သို့မဟုတ် ရွှေနှင့် အခြားအဖိုးတန်ပစ္စည်းများ အပါအဝင် ယာဉ်ကဲ့သို့သော ရွှေ့ပြောင်းနိုင်သော ပစ္စည်းများ ထိတွေ့ကိုင်တွယ်၍ မရသော ပစ္စည်းများကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း၊ အစုရှယ်ယာ ထည့်ဝင်ခြင်း စသည်တို့အတွက် အသုံးပြုသည့် ငွေကြေးများ၊ လက်ဝယ်ရှိ ငွေကြေးတို့နှင့် ပတ်သက်၍ အောက်ပါ အခွန်နှုန်းထားများအတိုင်း အခွန်ကျသင့်စေရမည်၊ ဝင်ငွေခွန် ဥပဒေအရ ဒဏ်ငွေတပ်ရိုက်ခြင်း မပြုရ၊ သို့ရာတွင် တရားမဝင်ရရှိသည့် ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းတို့နှင့် လည်းကောင်း ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေအရ အရေးယူသည့် ကိစ္စရပ်များနှင့် လည်းကောင်း သက်ဆိုင်ခြင်း မရှိစေရ” ဟု ဖော်ပြခဲ့သည်။

၂၀၁၈-၂၀၁၉ ခုနှစ်တွင် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် အခွန်လွတ်ငြိမ်း သက်သာခွင့်ပေးမည့် အစီအစဉ်မှာ အခွန်ဆောင်နေသူများကို အခွန်ရှောင်လိုစိတ် ဖြစ်ပေါ်စေနိုင်သည်ဆိုသော ဝေဖန်သံများကြောင့် ပယ်ဖျက်ပြီးနောက် ၂၀၁၇ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကဲ့သို့ ၁ ကျပ်မှ ကျပ်သိန်း ၃၀၀ အထိ အခွန် ၁၅ ရာခိုင်နှုန်း ကျပ် ၃၀,၀၀၀,၀၀၁ မှ ကျပ်သိန်း ၁၀၀၀ အထိ အခွန်ရာခိုင်နှုန်း ၂၀ နှင့် ကျပ် ၁၀၀,၀၀၀,၀၀၁ မှ ကျပ်သိန်း ၁၀၀၀၀ အထက်အခွန်ရာခိုင်နှုန်း ၃၀ အဖြစ်သာ ပြန်လည်သတ်မှတ် ကောက်ခံခဲ့သည်။

ထိုသို့ ကောက်ခံခဲ့ပြီးနောက် ယခုလာမည့် ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတွင်မူ နိုင်ငံတော်၏ လက်ရှိစီးပွားရေး အခြေအနေကို ပိုမိုတိုးတက် ကောင်းမွန်လာစေရန်ဟု ဆိုကာ ၁ ကျပ်မှ ကျပ် သိန်း ၁၀၀၀ အထိ အခွန် သုံးရာခိုင်နှုန်း ၊ ကျပ် ၁၀,၀၀၀,၀၀၁ မှ ကျပ်သိန်း  ၃၀၀၀ အထိ အခွန် ငါးရာခိုင်နှုန်းနှင့် ကျပ် ၃၀၀,၀၀၀,၀၀၁ မှ ကျပ်သိန်း ၃၀၀၀၀ အထိ အခွန် ၁၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၃၀၀၀၀ အထက်အား အခွန်ရာခိုင်နှုန်း ၃၀ ပေးဆောင်ရန် ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတွင် ဖော်ပြထားကြောင်း သိရသည်။     

Most Read

Most Recent