ILO Convention အရ စမတ်ကတ်အဖြစ် ပြောင်းလဲထုတ်ပေးမည့် သင်္ဘောသားသက်သေခံလက်မှတ် SID ကတ်ကို မြန်မာသင်္ဘောသားငါးသောင်းခန့်အား ထုတ်ပေးရန်ပြင်ဆင်ထား

ILO Convention အရ စမတ်ကတ်အဖြစ် ပြောင်းလဲထုတ်ပေးမည့် သင်္ဘောသားသက်သေခံလက်မှတ် SID ကတ်ကို မြန်မာသင်္ဘောသားငါးသောင်းခန့်အား ထုတ်ပေးရန်ပြင်ဆင်ထား
သင်္ဘောသားသက်သေခံလက်မှတ် (Seafarers Indentity Smart Card) စတင်ထုတ်ပေးခြင်း အခမ်းအနားအား တွေ့ရစဉ်
သင်္ဘောသားသက်သေခံလက်မှတ် (Seafarers Indentity Smart Card) စတင်ထုတ်ပေးခြင်း အခမ်းအနားအား တွေ့ရစဉ်
Published 7 August 2019
ရွှန်းလဲ့ဝင်း

ILO Convention အရ စမတ်ကတ်အဖြစ် ပြောင်းလဲထုတ်ပေးမည့် သင်္ဘောသား သက်သေခံလက်မှတ် SID ကတ်အား မြန်မာသင်္ဘောသား ငါးသောင်းခန့်အား ထုတ်ပေးနိုင်ရန် ပြင်ဆင်ထားကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနနှင့် Omnitech ကုမ္ပဏီလီမိတက်တို့ပူးပေါင်း၍ မြန်မာသင်္ဘောသားများအတွက် ILO Convention နှင့် အညီ ထုတ်ပေးမည့် သင်္ဘောသားသက်သေခံလက်မှတ် (Seafarers Indentity Smart Card) စတင်ထုတ်ပေးခြင်းအခမ်းအနားကို သြဂုတ် ၆ရက်က ရန်ကုန်မြို့ ဒေါပုံသင်္ဘောကျင်းဝင်းရှိ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန သင်တန်းခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

“နိုင်ငံတကာအဆင့်မီအောင် ကျွန်တော်တို့ Security လုံလောက်စွာ ထည့်သွင်းပြီးတော့ ဆောင်ရွက်ထားတဲ့ ကတ်တွေဖြစ်ပါတယ်။ ဒီ SID ကို ကျွန်တော်တို့ မထုတ်ပေးနိုင်ချိန်အတွင်းမှာ ထောက်ခံစာတွေနဲ့ ထုတ်ပေးတဲ့အခါမှာ သင်္ဘောသားတွေတော်တော်များများက တချို့နိုင်ငံတွေမှာ အထူးသဖြင့် ရုရှားတို့၊ ဘရာဇီးတို့မှာ အတော်လေး ဒုက္ခရောက်ခဲ့ရပါတယ်။ အခုနောက်ဆုံးထုတ်ပေးတဲ့ ကတ်ကတော့ နိုင်ငံတကာအဆင့်မီကတ်ကို ထုတ်ပေးတာဖြစ်တဲ့အတွက် ဒီလိုပြဿနာတွေကနေ ကင်းရှင်းသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် SID က သင်္ဘောသားတွေ မရှိမဖြစ်လိုအပ်နေတဲ့အတွက်ကြောင့် ဒီနေ့မှာ စတင်ထုတ်ပေးဖို့ ကျင်းပတဲ့အခမ်းအနား ဖြစ်ပါတယ်” ဟု ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးသောင်းကြိုင်က ပြောကြားသည်။

အဆိုပါ Seafarers Indentity Document Convention C- 108 ကို ၁၉၅၈ ခုနှစ်ကတည်းက  ထုတ်ပြန်ထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၂-၅-၂၀၁၄ မှစတင်ကာ SID Bookletများကို စတင်ထုတ်ပေးခဲ့ရာမှ ၂၀၁၇ စက်တင်ဘာလမှစတင်ကာ  SID Booklet ထုတ်ပေးမှုကို ရပ်ဆိုင်းခဲ့ပြီး ၎င်းအစား ထောက်ခံချက်စာရွက်များကို လက်မှတ်ရေးထိုးထုတ်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ၁၂-၁-၂၀၁၆ တွင် SID Convention C 185 ကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် Convention နှင့် ကိုက်ညီသော SID Card ထုတ်ပေးရန် ၂၁-၉-၂၀၁၇ ရက် နောက်ဆုံးထား တင်ဒါတင်သွင်းစေခဲ့ရာ Omnitech ကုမ္ပဏီလီမိတက်မှာ တင်ဒါအောင်မြင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာသင်္ဘောသားများအနေဖြင့် အဆိုပါကတ်ကို လျှောက်ထားရာတွင် https း // ominitechmm.com တွင် လျှောက်ထားရမည်ဖြစ်ပြီး လိုအပ်သော အချက်အလက်များ ဖြည့်သွင်းလျှောက်ထားပြီးနောက် ဒေါပုံသင်္ဘောကျင်းတွင် လူကိုယ်တိုင်လာရောက်လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

စမတ်ကတ်၏ သက်တမ်းမှာ ငါးနှစ်ဖြစ်ပြီးလက်ရှိတွင် မြန်မာသင်္ဘောသား ငါးသောင်းခန့်ကိုစမတ်ကတ်များ ထုတ်ပေးရန် ပြင်ဆင်ထားကြောင်း Omnitech ကုမ္ပဏီလီမိတက်မှ သိရသည်။

                            

Most Read

Most Recent