မြန်မာ - တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် (မြန်မာဘက်ခြမ်း)ကို နှစ်နိုင်ငံနယ်စပ် နယ်နိမိတ်မျဉ်း အတည်ပြုသတ်မှတ်ခြင်း၊ မြေအသုံးချခွင့်ညှိနှိုင်းခြင်းတို့ ဖြေရှင်းပြီးမှသာ ဆက်လက်ဆောင်ရွက်မည်ဟု သိရ

မြန်မာ - တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် (မြန်မာဘက်ခြမ်း)ကို နှစ်နိုင်ငံနယ်စပ် နယ်နိမိတ်မျဉ်း အတည်ပြုသတ်မှတ်ခြင်း၊ မြေအသုံးချခွင့်ညှိနှိုင်းခြင်းတို့ ဖြေရှင်းပြီးမှသာ ဆက်လက်ဆောင်ရွက်မည်ဟု သိရ
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
Published 27 July 2019
နီလာ

မြန်မာ - တရုတ် နယ်စပ်စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုဇုန် BECZ မြန်မာဘက်ခြမ်း တည်ထောင် အကောင်အထည်ဖော်ရာတွင် အရေးကြီးသည့် အချက်များဖြစ်သည့် နှစ်နိုင်ငံညှိနှိုင်းခြင်း၊ နှစ်နိုင်ငံနယ်စပ် နယ်နိမိတ်မျဉ်း အတည်ပြုသတ်မှတ်ပြီးဖြစ်ခြင်း၊ မြေအသုံးချခွင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့အား ညှိနှိုင်းဖြေရှင်းပြီးမှသာ E.O.I ခေါ်ယူခြင်း၊ စိစစ်ရွေးချယ်ခြင်းလုပ်ငန်းများ အပ်နှံအကောင်အထည်ဖော်ခြင်းတို့အား ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မြန်မာ - တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

မြန်မာ - တရုတ် နယ်စပ်စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုဇုန် BECZ တည်ထောင် အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင် ၂၆ ရက်က ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၌ ကျင်းပခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

မြန်မာ - တရုတ် နယ်စပ်စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုဇုန်များ တည်ထောင်အကောင်အထည်ဖော်ရာတွင် နှစ်နိုင်ငံညှိနှိုင်းမှုအရ မူဆယ် - ရွှေလီ - ကျယ်ခေါင်ကို ဦးစားပေး တည်ထောင်ရန်ဖြစ်သော်လည်း တရုတ်နိုင်ငံဘက်ခြမ်းတွင် လျာထားတည်နေရာ သုံးခုစလုံး အခြေခံအဆောက်အအုံများ အဆင်သင့်နီးပါးဖြစ်နေမှုကို တွေ့ရှိရကြောင်းနှင့် မြန်မာဘက်ခြမ်းတွင် မြေနေရာအသုံးပြုခွင့်ရရှိရေးနှင့် လမ်းပန်းဆက်သွယ်မှုဆိုင်ရာ ကိစ္စရပ်များကို ကြိုတင်ညှိနှိုင်းဆောင်ရွက်ထားကြရန်ဖြစ်ကြောင်း၊ မြေနေရာရွေးချယ်ရာတွင် နှစ်နိုင်ငံနယ်စပ်နယ်နိမိတ်မျဉ်း အတည်ပြုသတ်မှတ်ထားပြီးဖြစ်၍ အရေးကြီးသကဲ့သို့ လမ်းပန်းဆက်သွယ်မှုမှာလည်း မြို့၊ ရွာ၊ ရပ်ကွက်၊ ကျေးရွာများ ထိခိုက်ပျက်စီးမှု မရှိစေရေးနှင့် ယဉ်ကျေးမှုထိခိုက်ပျက်စီးမှု မရှိစေရေး အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသခံများ၏ မူလစိုက်ပျိုးထုတ်လုပ်မှု လျော့နည်းကျဆင်းမှု မရှိစေရေးနှင့် လူမှုစီးပွားဘဝ ထိခိုက်ဆုံးရှုံးနစ်နာမှု အနည်းဆုံးဖြစ်စေရေးအတွက် နယ်စပ်စီးပွားရေးဇုန် လျာထားနေရာနှင့် မလွတ်ကင်း၍မဖြစ်မနေ ပြောင်းရွှေ့ပေးရန် လူနေအိမ်နှင့် စိုက်ပျိုးမြေများအတွက် သင့်တင်မျှတသည့် မြေယာလျော်ကြေးအပြင် မြေယာအစားထိုးပေးအပ်နိုင်ရေးသက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

မြန်မာ - တရုတ် နယ်စပ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန်များကို မူဆယ်၊ ချင်းရွှေဟော်နှင့် ကန်ပိုက်တီးတို့တွင်တည်ဆောက်ပြီး Core Zone၊ ပို့ကုန်သွင်းကုန်ပစ္စည်းများသိုလှောင်ရန် ကုန်လှောင်ရုံဧရိယာများအဖြစ် ဖွဲ့စည်းတည်ထောင်သွားရန် လျာထားကြောင်း သိရသည်။

မူဆယ်နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်ရာတွင် မူဆယ် (ဟိုဆောင်)-ကျယ်ဂေါင်ကို Core Zone အဖြစ်လည်းကောင်း၊ ကြူကုတ် (ပန်ဆိုင်း)-ဝမ်တိန်-နွမ်းရင် (ကျိန်စိမ်းကျော့)- မန့်မန် (ရွှေလီ)တို့အား Export Product Manufacturing Processing and Warehouse Area များအဖြစ်လည်းကောင်း၊ ဆယ်လန့် (မန်ဟီး ရိုး)-ဆယ်လင်းနှင့် နမ့်ခမ်း-နောင်တောင်းတို့ကို Import Processing and Warehouse Area များအဖြစ်လည်းကောင်း ဖွဲ့စည်းတည်ထောင်သွားရန် လျာထားကြောင်းနှင့် မြန်မာ - တရုတ်နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် BECZ တည်ထောင် အကောင်အထည်ဖော်ခြင်းကိုလည်း နိုင်ငံတော်အစိုးရ၏ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ၊ တည်ဆဲဥပဒေများနှင့်အညီ စနစ်တကျ တည်ထောင်အကောင်အထည်ဖော် ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။        

 

Most Read

Most Recent