လက်ရှိ ဘဏ္ဍာနှစ် ၁၀ လနီးပါးတွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁ ဒသမ ၈၅ သန်းကျော် တင်ပို့ထားပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၇၀ နီးပါး တင်ပို့ထားခြင်းဖြစ်

လက်ရှိ ဘဏ္ဍာနှစ် ၁၀ လနီးပါးတွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁ ဒသမ ၈၅ သန်းကျော် တင်ပို့ထားပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၇၀ နီးပါး တင်ပို့ထားခြင်းဖြစ်
Published 25 July 2019
ဇေယျာငြိမ်း

လက်ရှိ ဘဏ္ဍာနှစ် ၁၀ လနီးပါးတွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁ ဒသမ ၈၅ သန်းကျော် တင်ပို့ပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၇၀ နီးပါး တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ရရှိသောစာရင်းကို ကိုးကား၍ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ် ပြန်ခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇူလိုင် ၁၂ ရက်အထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁ ဒသမ ၈၅၈ သန်းကျော် တင်ပို့မှုမှ ဒေါ်လာ ၅၆၂ ဒသမ ၁၉၁ သန်း ရရှိထားသည်။ ယင်းအနက် ၆၁ နိုင်ငံ သို့ ဆန်တန်ချိန် ၁ ဒသမ ၄၈၇ သန်းကျော်ရှိပြီး ဒေါ်လာ ၄၆၂ ဒသမ ၅၆၃ သန်း ရရှိထားသည်။ ၃၃ နိုင်ငံသို့ ဆန်ကွဲ တင်ပို့မှု တန်ချိန်  ၃ ဒသမ ၇၀ သိန်းကျော်ရှိပြီး ဒေါ်လာသန်း ၉၉ ဒသမ ၆၂၈ သန်း ရရှိထားသည်။

ပြည်ပ ဆန်တင်ပို့မှုတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဆန်တန်ချိန် ၁ ဒသမ ၂၈၇ သန်းကျော်ရှိကာ စုစုပေါင်း ပြည်ပသို့ ဆန်တင်ပို့မှု၏ ရာခိုင်နှုန်း ၇၀ နီးပါး ရှိခဲ့သည်။ နယ်စပ်ကုန်သွယ်မှုမှ ဆန်တန်ချိန် ၅ ဒသမ ၇၁ သိန်းကျော်ရှိပြီး ဆန်တင်ပို့မှု၏ ၃၀ ဒသမ ၇၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

တင်ပို့ခဲ့သည့် နိုင်ငံများအနက် တရုတ် နှင့် အိမ်နီးချင်းနိုင်ငံများသို့ ဆန်တန်ချိန် ၅ ဒသမ၈ ၅၅ သိန်းကျော်နှင့် ဆန်ကွဲတန်ချိန် ၂ ဒသမရ၃၇ သိန်းကျော် စုစုပေါင်း တန်ချိန် ၆ ဒသမ ၁၂၉ သိန်းကျော် တင်ပို့ထားသည်။ ယင်းပမာဏသည် စုစုပေါင်းတင်ပို့မှု ပမာဏ၏ ၃၂ ဒသမ ၉၈ ရာခိုင်နှုန်းရှိသဖြင့် အများဆုံး တင်ပို့ထားခြင်း ဖြစ်သည်။

ဥရောပသမဂ္ဂနိုင်ငံများ (အီးယူ) သို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၃ ဒသမ ၈၉၈ သိန်းကျော် တင်ပို့ထားပြီး စုစုပေါင်း တင်ပို့မှု၏ ၂၀ ဒသမ ၉၈ ရာခိုင်နှုန်း ရှိသည်။ အာဖရိကနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၄ ဒသမ ၈၉၈ သိန်းကျော် တင်ပို့ထားပြီး စုစုပေါင်းတင်ပို့မှု၏ ၂၆ ဒသမ ၃၆ ရာခိုင်နှုန်း ရှိသည်။ အခြားနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၃ ဒသမ ၆၅၈ သိန်းကျော် တင်ပို့ထားပြီး စုစုပေါင်းတင်ပို့မှု၏ ၁၉ ဒသမ ၆၈ ရာခိုင်နှုန်း ရှိသည်။

မြန်မာနိုင်ငံမှ ဆန်ကို ပြည်ပတင်ပို့ရာ၌ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အီးယူစျေးကွက်၊ အာဖရိက စျေးကွက်သို့ တင်ပို့လျက်ရှိပြီး မူဆယ် နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း စျေးကွက်သစ်များ တိုးချဲ့တင်ပို့နိုင်ခြင်းကြောင့်  ပြည်ပသို့ မြန်မာ့ဆန်တန်ချိန် ၃ ဒသမ ၆ သန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း  ၅၀ ကျော်အတွင်း စံချိန်တင် တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၉ ခုနှစ် နွေစပါးပေါ်ချိန်တွင် စပါးစျေး ကျဆင်းနေခြင်းနှင့် တောင်သူများ အခက်အခဲဖြစ်နေခြင်း ကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ဆောင်ရွက်သင့်သော ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် သိုလှောင်ရုံ အခက်အခဲ၊ အဆင့်အတန်းရှိသည့် စပါးများ အခြောက်ခံရန် အခက်အခဲ၊ သယ်ယူပို့ဆောင်ရေးယာဉ် အခက်အခဲများ ရှိနေသဖြင့် လုပ်ငန်းတွင်ကျယ်မှု အားနည်းမှုများ တွေ့ရှိရကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ မေ ၁၈ ရက်က ထုတ်ပြန်ခဲ့သည်။

ထို့ပြင်  မြန်မာ့ ဆန်စပါးကဏ္ဍသည် နယ်စပ်မှ အရောင်းအဝယ် အလွန်နည်းခြင်း နှင့် ပြည်ပတင်ပို့မှု ကျဆင်းနေကြောင်း၊ ယခုအခြေအနေသည် ပုဂ္ဂလိက သက်သက်ဖြင့်သာ ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း ထုတ်ပြန်ထားသည်။

ယခင်က တရုတ်နိုင်ငံသို့ တရားဝင် ဆန်တင်ပို့နိုင်သည့် ကုမ္ပဏီ ၁၁ ခုသာရှိခဲ့ပြီး  လက်ရှိတွင် ကုမ္ပဏီ ၄၀ ကျော်ကို ထပ်မံရွေးချယ်နိုင်ခဲ့သဖြင့် အဆိုပါ ကုမ္ပဏီစာရင်းများကို တရုတ်နိုင်ငံသို့ ပေးပို့ပြီးပါက တရုတ်နိုင်ငံသို့ ဆန်ပြန်လည် တင်ပို့နိုင်မည်ဖြစ်ကြောင်း ဇွန် ၂၈ ရက်က ဓနုဖြူမြို့နယ်တွင် ပြုလုပ်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တောင်သူ လယ်သမားများနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပွဲတွင် တောင်သူများ လယ်သမားများ၏ မေးမြန်းမှုများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြန်လည် ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အရင်က တရုတ်နိုင်ငံကို တင်ပို့ခွင့်ရရှိတဲ့ ကုမ္ပဏီက ၁၁ ခုပဲ ရှိပါတယ်။ မကြာခင်က ဆန်စက်ပေါင်း တစ်ရာကျော်ကို စစ်ဆေးမှုများပြုလုပ်ပြီးတဲ့ အခါကျတော့ ကုမ္ပဏီပေါင်း ၄၀ ကျော် ရွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ဒီကုမ္ပဏီတွေရဲ့ စာရင်းတွေကို တရုတ်နိုင်ငံဘက်ကို ပေးပို့ဖို့ ရှိပါတယ်။ ဒီလိုစစ်ဆေးပြီးသား ဆန်စက်များရဲ့ စာရင်းရောက်သွားတာနဲ့ တရုတ်နိုင်ငံဘက်ကို တင်ပို့မှုတွေ ပြန်လည် တင်ပို့နိုင်မှာ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

 

Most Read

Most Recent