ဘင်္ဂါလီမွတ်စလင်စစ်သွေးကြွများက မလေးရှားနိုင်ငံတွင် ဒုက္ခသည်များထံမှ ငွေညှစ်ကာ ARSA အဖွဲ့အတွက် ရန်ပုံငွေစုဆောင်းမှုများ ပြုလုပ်နေ

ဘင်္ဂါလီမွတ်စလင်စစ်သွေးကြွများက မလေးရှားနိုင်ငံတွင် ဒုက္ခသည်များထံမှ ငွေညှစ်ကာ ARSA အဖွဲ့အတွက် ရန်ပုံငွေစုဆောင်းမှုများ ပြုလုပ်နေ
Published 23 July 2019

 

မြန်မာနိုင်ငံမှ ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟုဖော်ပြ) မွတ်စလင် စစ်သွေးကြွအဖွဲ့ တစ်ဖွဲ့သည် မလေးရှား၌ အလုပ်လုပ်နေသည့်  သို့မဟုတ် ခိုလှုံနေသည့် ဘင်္ဂါလီမွတ်စလင်ဒုက္ခသည်များထံမှ ငွေညှစ်ပြီး ရန်ပုံငွေစုဆောင်းလျက်ရှိရာ ရင်းဂစ် ၈၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၉ç၅၀၀) အထိရရှိကြောင်း  မလေးရှားရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားခဲ့သည်။

မကြာသေးမီလများအတွင်းက အကြမ်းဖက်မှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့သည် ဘင်္ဂါလီမွတ်စလင် လေးဦးကို ဖမ်းဆီးခဲ့ပြီး ARSA အဖွဲ့အတွက် ငွေညှစ်ကာ ရန်ပုံငွေစုဆောင်း နေမှုကို ဖော်ထုတ်နိုင်ခဲ့သည်။ ARSA အဖွဲ့သည် မလေးရှားကျွန်းဆွယ်ရှိ ပြည်နယ်ခုနစ်ခု၌ လှုပ်ရှားနေကြောင်းလည်း သိရသည်။

ဖမ်းဆီးထားသည့် ဘင်္ဂါလီမွတ်စလင် လေးဦးအနက် တစ်ဦးသည်လည်း IS အဖွဲ့လိုလားသော မြေအောက်လှုပ်ရှားသူတစ်ဦး နှင့် ဆက်နွှယ်နေကြောင်း ယုံကြည်ရသည်ဟု ဆိုသည်။ ယင်းမြေအောက်လှုပ်ရှားသူသည် ဟိန္ဒူဘုရားကျောင်းတစ်ခုကို တိုက်ခိုက်ရန်  စီစဉ်ခဲ့မှု၌ ပါဝင်ပတ်သက်နေသူ ဖြစ်သည်။

မလေးရှားနိုင်ငံ၌ ဒုက္ခသည်ပေါင်း ၁၇၆,၀၀၀ ခိုလှုံနေသည့်အနက် ၅၄ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင်များဖြစ်ကြောင်း ကုလသမဂ္ဂ၏ စာရင်းဇယားများအရ သိရသည်။

မကြာသေးမီနှစ်များအတွင်း သိန်းနှင့်ချီ သော ဘင်္ဂါလီမွတ်စလင်များသည် ရခိုင်ပြည် နယ် အနောက်ပိုင်းမှနေ၍ ဘင်္ဂလားဒေ့ရှ်နှင့် အခြားအိမ်နီးချင်း အာရှနိုင်ငံများဆီသို့ ထွက်ပြေးခဲ့ကြပြီး မြန်မာတပ်မတော်သည် ၎င်းတို့ အပေါ် ရက်စက်ကြမ်းကြုတ်မှုများ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲခဲ့ကြသည်။

မလေးရှားအစိုးရသည် ဘင်္ဂါလီမွတ်စလင်များအား နိုင်ငံသားဖြစ်ခွင့်ပေးရန် မြန်မာနိုင်ငံကို အကြံပြုမှုအပါအဝင် ဘင်္ဂါလီမွတ်စလင်များ တရားမျှတမှုရရှိရေးအတွက် အပြင်းထန်ဆုံး တောင်းဆိုခဲ့သူများထဲ၌ ပါဝင်သည်။ သို့သော် ဘင်္ဂါလီမွတ်စလင် အသိုင်းအဝိုင်းဝင်များသည် ပြည်တွင်းလုံခြုံရေး ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်နိုင်ပြီး မလေးရှား လုံခြုံရေးအေဂျင်စီများအကြား မငြိမ်မသက်ဖြစ်စေနိုင်ကြောင်း သိမြင်ခဲ့သည်။

မလေးရှားရဲတပ်ဖွဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာနခွဲမှ အကြီးအကဲ အေယော့ခန်း မီဒင်ပီချေးက “ARSA အဖွဲ့ဟာ မလေးရှား မှာ ရင်းဂစ် ၈၀,၀၀၀ စုဆောင်းခဲ့ပါတယ်။ အဲဒီပိုက်ဆံကို Hawala နဲ့ Western Union တို့ကနေတစ်ဆင့် ဘင်္ဂလားဒေ့ရှ်ကို ပို့ခဲ့ပါတယ်” ဟု This Week In Asia သို့ ပြောကြားခဲ့သည်။

Hawala သည် အစဉ်အလာဘဏ်စနစ်များ၏ ပြင်ပ၌ တည်ရှိသော အစားထိုးအသုံးပြုသည့် ငွေလွှဲရာလမ်းကြောင်းတစ်ခု ဖြစ်သည်။ ဗြိတိန်နိုင်ငံအခြေစိုက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ အကြံပေးအဖွဲ့ဖြစ်သော ITCT မှ ဖာရန်ဂျက်ဖရီ၏အဆိုအရ ARSA အဖွဲ့သည် မြန်မာနိုင်ငံ၌သာမက ဘင်္ဂလားဒေ့ရှ်၌ပါ လှုပ်ရှားနေကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ARSA အဖွဲ့ ၎င်းတို့နိုင်ငံအတွင်း၌ ရှိနေသည်ဆိုခြင်းကို တရားဝင် ငြင်းဆိုထားသော်လည်း ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း၌ ရှိနေရုံမျှမက မြန်မာနှင့် နယ်စပ်တစ်လျှောက်၌ ၎င်းတို့၏ လေ့ကျင့်ရေးစခန်းများအချို့ပင်ရှိနေကြောင်း လုံလောက်သော သက်သေအထောက်အထားများနှင့် သတင်းအစီရင်ခံမှုများရှိသည်ဟု ဖာရန်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ရှိနေသည့် ဘင်္ဂါလီမွတ်စလင် ၁ ဒသမ ၁ သန်းအနက် အများစုနေထိုင်ရာဖြစ်သော ရခိုင်ပြည်နယ်တွင် ARSA အဖွဲ့သည် ရဲစခန်း ၃၀ ကို တိုက်ခိုက်ခဲ့ပြီး နောက် ၂၀၁၇ ခုနှစ် သြဂုတ်လနောက်ပိုင်း၌ နိုင်ငံတကာသတင်းများတွင် ခေါင်းကြီးပိုင်းမှ ပါဝင်ခဲ့သည်။    Ref ; SCMP