တိုင်းရင်းသား သွေးစည်းညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးကို အောင်မြင်သည်အထိ ချီတက်မည်ဟူသော သန္နိဋ္ဌာန်ဖြင့် လက်ဆင့်ကမ်း ရုန်းကန်ဆင်နွှဲနေကြောင်း NLD ပါတီ ကြေညာ

တိုင်းရင်းသား သွေးစည်းညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးကို အောင်မြင်သည်အထိ ချီတက်မည်ဟူသော သန္နိဋ္ဌာန်ဖြင့် လက်ဆင့်ကမ်း ရုန်းကန်ဆင်နွှဲနေကြောင်း NLD ပါတီ ကြေညာ
Published 19 July 2019

အာဇာနည်ခေါင်းဆောင်ကြီးများ အုတ်မြစ်ချခဲ့သော တိုင်းရင်းသားသွေးစည်းညီညွတ်ရေး၊  ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုထူထောင်ရေးကို အောင်မြင်သည်အထိ ချီတက်မည်ဟူသော သန္နိဋ္ဌာန်ဖြင့် လက်ဆင့်ကမ်း ရုန်းကန်ဆင်နွှဲနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ကြေညာသည်။

၂၀၁၉ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ကျရောက်သည့် ၇၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ NLD ပါတီ ဗဟိုဌာနချုပ်တွင် ဇူလိုင် ၁၉ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီး ၇၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား၏ ကြေညာချက်တွင် NLD ပါတီက ထိုသို့ကြေညာခဲ့ခြင်းဖြစ်ကာ အတိတ်သမိုင်းကို သင်ခန်းစာရယူ၍ ခိုင်မြဲညီညွတ်သော၊ အလေးအမြတ်ပြုအပ်သော အာဇာနည်စိတ်ဓာတ်ဖြင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးကို မဆုတ်မနစ် ဦးလည်မသုန် ကြိုးစားကြရမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ကြေညာချက်တွင် ပါရှိသည်။

နိုင်ငံသစ်အတွက် တူညီသည့်စေတနာကောင်းနှင့် တာဝန်သိစိတ်များကို အရင်းတည်ကြလျက် အတိတ်၏ဥပါဒါန်များ ၊ သံသယ ဆက်ထုံးများ၊ တစ်ဖက်စောင်းနင်းကျသော အခြေခံအခင်းအကျင်းများကို ဖယ်ရှားပြီး ဒီမိုကရေစီနိုင်ငံတော်သစ်တည်းဟူသော တူညီသည့် ပိုင်းခြေကို တက်ညီလက်ညီရှာဖွေကာ  အာဇာနည်ကြီးများကို ကျေးဇူးဆပ်ကြရန် NLD ပါတီက ကြေညာချက်တွင် တိုက်တွန်းသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရခြင်းသည် မြန်မာ့သမိုင်း၌ အစားထိုးမရသော ဆုံးရှုံးနစ်နာမှုဖြစ်ကြောင်း၊ အာဇာနည်တို့၏ အသက်ခန္ဓာ လုပ်ကြံခံရမှုကိုသာမက နိုင်ငံရေး လုပ်ကြံမှုလည်းဖြစ်ကြောင်း၊ ပြည်သူလူထု၏ မျှော်လင့်ချက်နှင့် ယုံကြည်မှုကို လုပ်ကြံလိုက်ခြင်းလည်းဖြစ်ကြောင်း NLD ပါတီက ၇၂ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် ကြေညာသည်။

အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ သာယာဝပြောရေးအတွက် အမျိုးသားစီမံကိန်းစနစ်ကို အမြော်အမြင်ရှိစွာ ရေးဆွဲခဲ့ပြီး ဒီမိုကရေစီနိုင်ငံနှင့် လျော်ညီသည့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စာပေအနုပညာမှအစ တိုင်းပြည်ကာကွယ်ရေးကဏ္ဍများပါမကျန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေးဆွဲခဲ့ကြောင်း၊ ထို့ပြင် နိုင်ငံတကာကုန်သွယ်ရေးနှင့် နိုင်ငံခြားရေး၊ သံတမန်ရေးကဏ္ဍတွင်လည်း အရှေ့တောင်အာရှနိုင်ငံများ ပေါင်းစည်းရေး၊ အဖွဲ့အစည်း ထူထောင်ရေးအတွက်လည်း အကြိမ်ကြိမ်နှိုးဆော်ခဲ့ကြောင်း NLD ပါတီ၏ အာဇာနည်နေ့ကြေညာချက်တွင် ပါရှိသည်။

ထို့ပြင် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ၏ အမျိုးသားလွတ်လပ်ရေးကို လက်နက်ကိုင်တော်လှန်ရေး နည်းလမ်းဖြင့်လည်းကောင်း၊ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြင့်လည်းကောင်း အမြော်အမြင်ရှိစွာ ရယူပေးခဲ့ပြီး တိုင်းရင်းသားမျိုးနွယ်စုများနှင့် ညှိနှိုင်းကာ အမျိုးသားသွေးစည်းညီညွတ်ရေး၏ သင်္ကေတ၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု၏ နိမိတ်ပုံ ပင်လုံစာချုပ်နှင့် ပင်လုံစိတ်ဓာတ်ကို တည်ဆောက်ပေးခဲ့ကြောင်းလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ အာဇာနည်နေ့ကြေညာချက်တွင် ဖော်ပြခဲ့သည်။

Most Read

Most Recent