ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီက တင်ပြခဲ့သော အကြံပြုချက်များသည် နိုင်ငံရေးပါတီများ၏ ဖြစ်ချင်သည်များကို စုထားသောကိစ္စသာဖြစ်သည့်အတွက် စိုးရိမ်ဖွယ်ရာမရှိဘဲ ဖြစ်သင့်သည်များကိုသာ ဆက်လက်ကြိုးစားရမည်ဖြစ်ကြောင်း ပူးပေါင်းကော်မတီဝင် ပြောကြား

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီက တင်ပြခဲ့သော အကြံပြုချက်များသည် နိုင်ငံရေးပါတီများ၏ ဖြစ်ချင်သည်များကို စုထားသောကိစ္စသာဖြစ်သည့်အတွက် စိုးရိမ်ဖွယ်ရာမရှိဘဲ ဖြစ်သင့်သည်များကိုသာ ဆက်လက်ကြိုးစားရမည်ဖြစ်ကြောင်း ပူးပေါင်းကော်မတီဝင် ပြောကြား
Published 18 July 2019
နေရိုင်း၊ အောင်မင်းသိန်း

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီက တင်ပြခဲ့သောပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် အကြံပြုချက်များသည် နိုင်ငံရေးပါတီများ၏ ဖြစ်ချင်သည်များကို အားလုံးစုထားသောကိစ္စသာဖြစ်သည့်အတွက် စိုးရိမ်ဖွယ်ရာမရှိဘဲ ဖြစ်သင့်သည်များကိုသာ ဆက်လက်ကြိုးစားရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်း ကော်မတီဝင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောကြားသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာ စိုင်းဆိုင်ကျောက်ဆမ်ပါ ၂၅ ဦးက မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင် ကြည်ညွန့်၏ ဇန်နဝါရီ ၂၉ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ အရေးကြီးအဆိုအဖြစ် တင်သွင်းသော ‘နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရန်တိုက်တွန်းကြောင်း’ အဆို ကိုအတည်ပြုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းလုပ်ဆောင်နေခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၁၂)ပါပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းရှိ၊ မရှိသဘောထားရယူပေးရန် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင်  တင်သွင်းလွှာတင်သွင်းထားမှုအား ဇူလိုင် ၁၈ ရက်က ခုံရုံး၏ စီရင်ပိုင်ခွင့်အတွင်း ရှိ၊ မရှိ နှစ်ဖက် လျှောက်လဲကြားနာမှု ပြုလုပ်ခဲ့သည်။

အဆိုပါကြားနာမှုအပြီးတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့သည့် အကြံပြုချက်ပေါင်း ၃၇၀၀ ကျော် ကိုကြည့်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေသည် မည်မျှအန္တရာယ်ရှိလာသည်ကို မြင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့မှုနှင့်ပတ်သက်၍ သတင်းမီဒီယာများ၏ မေးမြန်းမှုများအပေါ် ဦးအောင်ကြည်ညွန့်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“အခုဆွေးနွေးနေကြတယ်ဆိုတာ ဒါတွေအကုန်လုံးရရလိမ့်မယ်လို့ အကုန်လုံးက မျှော်လင့်ထားတယ်လို့ မထင်ဘူး။ သူတို့ဖြစ်ချင်တာတွေ ပြောတာပဲ။ အဲဒီလိုပြောခွင့် နှစ် ၆၀ အတွင်းမှာ ဘယ်တုန်းကမှမရခဲ့ဘူး။ အခုပြောလို့ရတယ်၊ ပြောကြတယ်။ ဒါ ဘာမှမဆန်းဘူး။ အဲဒီတော့ ဒီပြောခွင့်ရတဲ့အတိုင်း အကုန်လုံးကို လိုက်လုပ်ရမှာလားဆိုတော့လည်း မဟုတ်ဘူး။ အဲဒီတော့ အခုပြောခွင့်ရလို့သာ ပြောချင်တာတွေ၊ ဖြစ်ချင်တာတွေ အကုန်လုံးကို စုထားတဲ့ကိစ္စပဲရှိတဲ့အတွက် စိုးရိမ်ဖွယ်ရာ မရှိပါဘူး။ ဖြစ်သင့်တာတွေကို ကျွန်တော်တို့ ဆက်ပြီးတော့ ကြိုးစားကြရပါမယ်။ နိုင်ငံအတွက် ကြိုးစားရပါမယ်။ အခုကတည်းကဟာ ဒီလောက်တောင်များနေလို့ ဆက်မလုပ်တော့ ဘူးဆိုရင်တော့ နိုင်ငံတော်အတွက် လုပ်ပေးလို့ရတာ၊ ရှေ့ကို တက်လှမ်းနိုင်တဲ့ ခြေလှမ်းတွေ ရပ်တန့်သွားမှာပေါ့”ဟု ဦးအောင်ကြည်ညွန့်က ပြောကြားသည်။

နိုင်ငံရေးပါတီများ၏ ဖြစ်ချင်သည်များ အားလုံးကိုစုစည်းထားသည့် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် အကြုံပြုချက်များထဲမှ မည်သည့်အချက်များကို ဆက်ရွေးမည်၊  မည်သည့်အရာများသည် ဖြစ်သင့်သည်ဆိုသည်ကို ၄၅ ဦးကော်မတီက ဆောင်ရွက်ကြမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“အဲဒီတော့ အခုလောလောဆယ် အခြေအနေက ဘာလဲဆိုတော့ ဘာတွေဖြစ်ချင်ကြတာလဲဆိုတဲ့ လွတ်လွတ်လပ်လပ်ပဲ၊ ဘယ်သူကမှ ဘယ်သူမှမပြောဘဲနဲ့ ဘာတွေပြင်ချင်တာလဲ အကုန်လုံးရေးကြဆိုတဲ့ ပုံစံမျိုးနဲ့၊ ပြင်ချင်ကြတယ်ဆိုတဲ့ ဖြစ်ချင်တာတွေကို အကုန်လုံး စုစည်းထားတဲ့ကိစ္စပဲ။ နောက်တစ်ဆင့်မှာတော့ သွားရတော့မယ်။ အဲဒါ ဘာတုံးဆိုတော့ အခုဖြစ်ချင်တာတွေထဲကနေပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် ဘယ်ဟာတွေကဖြစ်သင့်သလဲဆိုတာ ဒီ ၄၅ ဦး ကော်မတီမှာ ဆွေးနွေးကြမယ်။ ညှိနှိုင်းကြမယ်။ ပြီးရင် အဲဒီဖြစ်သင့်တာတွေထဲကနေပြီးတော့ ကျွန်တော်တို့ ဥပဒေကြမ်းတစ်ရပ် ပြင်ဆင်ရေးဆွဲမယ်။ ဥပဒေကြမ်းတစ်ရပ် ရေးဆွဲပြီးပြီဆိုရင် အဲဒါ ဒီ ၄၅ ဦး ကော်မတီရဲ့ကိစ္စက ပြီးသွားပြီ။ အဲဒီတော့ ၄၅ ဦး ကော်မတီကရေးပြီးတော့ ဥပဒေကြမ်းတစ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ မှာပါတဲ့အတိုင်းပဲ ဒီဥပဒေကြမ်းကို တင်မယ်။ ဆွေးနွေးကြမယ်။ အဲဒီလို ဆွေးနွေးကြတဲ့အခါမှာ ဖြစ်နိုင်တာတွေက အဲဒီမှာ ပေါ်မယ်။ ဒါကြောင့် အခု လက်ရှိ ရှိတဲ့အခြေအနေက ဖြစ်ချင်တာတွေကို စုစည်းနေတဲ့ကိစ္စဖြစ်ပါတယ်။ ဒီအစီရင် ခံစာဆုံးဖြတ်ချက်အပေါ် ဥပဒေကြမ်းပြင်ဆင်ဖို့ ကိစ္စမှာဆိုရင်တော့ ဖြစ်နိုင်တာတွေကို စုစည်းတင်ပြသွားရမယ့် အဆင့်ဖြစ်ပါတယ်။ ဖြစ်သင့်တာတွေကို စုစည်းတင်ပြတဲ့ အဆင့်ဖြစ်ပါတယ်။ ဖြစ်နိုင်တာကတော့ ဘယ်မှာရောက်မလဲ၊ လွှတ်တော်ထဲမှာ ဥပဒေကြမ်းကို တင်ပြီးတော့ ဆွေးနွေးကြမယ်။ ဆုံးဖြတ်ကြတဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လောက်အထိ ပြင်ဆင်နိုင် မလဲဆိုတဲ့ဖြစ်နိုင်ခြေက အဲဒီကျမှရမယ်။ အဆင့်သုံးဆင့်ပေါ့” ဟု ဦးအောင်ကြည်ညွန့်က ပြောကြားသည်။

ပြီးခဲ့သည့် အစိုးရလက်ထက်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ တစ်ဦးချင်း၊ ပါတီအဖွဲ့အစည်းနှင့် တပ်မတော်အပါအဝင် အစိုးရဌာနများမှ တင်ပြခဲ့သည့် အကြံပြုချက်ပေါင်း ၄၀၀၀၀  ကျော် ရှိခဲ့ကြောင်း၊ ယင်းမှ ဥပဒေကြမ်းပြုလုပ်၍ တင်သည့်အခါတွင် ဖြစ်သင့်သည်များသာ ပါရှိကြောင်း ဦးအောင်ကြည်ညွန့်က ပြောကြားသည်။