ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အပြောင်းအလဲဖြစ်

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အပြောင်းအလဲဖြစ်
Published 17 July 2019
ဉာဏ်လင်းထွန်း

ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွင် အစိုးရအဖွဲ့ဝင်ဖြစ်သည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အပြောင်းအလဲ ဖြစ်ပေါ်ကြောင်း ရခိုင်အခြေစိုက် သတင်းဌာန နိရဥ္စရာက ဇူလိုင် ၁၇ ရက်တွင် သတင်းဖော်ပြသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့် နေရာတွင် ဗိုလ်မှူးကြီး မင်းသိုက် ပြောင်းလဲတာဝန် ထမ်းဆောင်မည် ဖြစ်ကြောင်း အဆိုပါ သတင်းဖော်ပြချက်အရ သိရသည်။

ထိုသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦး အပြောင်းအလဲနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများထံ ဆက်သွယ်မေးမြန်းသော်လည်း ဇူလိုင် ၁၇ ရက် ညနေအထိ အဆက်သွယ်ရရှိခြင်း မရှိပေ။

တရားဝင် စာထွက်ရှိခြင်း မရှိသေးသော်လည်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အပြောင်းအလဲဖြစ်သည်မှာ မှန်ကန်သည်ဟု ကြားသိရကြောင်း ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

“ခုနကတောင် ပြည်နယ်အစိုးရအဖွဲ့က ဝန်ကြီးတစ်ဦးကို မေးလိုက်သေးတယ်။ ဟုတ်လား ဆိုတော့ သူက ဟုတ်တယ်။ အဲဒီလိုပြောတာပဲ”ဟု အထက်ပါ လွှတ်တော်ကိုယ်စားလှယ်က ပြောကြားသည်။

ဗိုလ်မှူးကြီး ဖုန်းတင့်သည် ၂၀၁၇ ခုနှစ် ဇူလိုင်လက ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတာဝန် စတင် ထမ်းဆောင်ခြင်းဖြစ်ပြီး ယခင်ဝန်ကြီးမှာ ဗိုလ်မှူးကြီး ထိန်လင်း ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အပြောင်းအလဲနှင့် စပ်လျဉ်းပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား ဇူလိုင် ၁၇ ရက် ညနေ ၄ နာရီခွဲက ဆက်သွယ်မေးမြန်းရာ  “ကျွန်တော်တို့လည်း မသိရသေးဘူးဗျ။ အဲဒါတော့။ လုပ်ဆောင်တယ်ဆိုရင် တရားဝင် သတင်းထုတ်ပြန်ပေးပါလိမ့်မယ်ဗျ”ဟု ပြန်လည် ဖြေကြားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက  ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး) ငါး နေရာကို အပြောင်းအလဲ ပြုလုပ်ထားရာ ယင်းငါးနေရာတွင် ရခိုင်ပြည်နယ် အပါအဝင် ဧရာဝတီနှင့် ပဲခူးတိုင်းဒေသကြီးတို့ ပါဝင်သည့် အမှတ် (၃) စစ်ဆင်ရေး အထူးအဖွဲ့မှူးနေရာ ပါဝင်ခဲ့သည်။

 

Most Read

Most Recent