ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်သစ် တည်ဆောက်ရန် ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းတွင် သဘောတူစာချုပ်ချုပ်ဆိုပြီး တည်ဆောက်ခွင့်ရကုမ္ပဏီအား ဂျပန်နိုင်ငံ၌ တင်ဒါခေါ်ယူမည်

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်သစ် တည်ဆောက်ရန် ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းတွင် သဘောတူစာချုပ်ချုပ်ဆိုပြီး တည်ဆောက်ခွင့်ရကုမ္ပဏီအား ဂျပန်နိုင်ငံ၌ တင်ဒါခေါ်ယူမည်
 ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ် ဒီဇိုင်းပုံစံဟောင်းအားတွေ့ရစဉ်
ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ် ဒီဇိုင်းပုံစံဟောင်းအားတွေ့ရစဉ်
Published 17 July 2019
ရွှန်းလဲ့ဝင်း

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်သစ် တည်ဆောက်ရန် ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းတွင် တည်ဆောက်ရေး သဘောတူစာချုပ်ချုပ်ဆိုပြီး တည်ဆောက်ခွင့်ရ ကုမ္ပဏီအား ဂျပန်နိုင်ငံတွင် တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

လက်ရှိတွင် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်သစ် တည်ဆောက်ရန်အတွက် ဂျပန်နိုင်ငံနှင့် ညှိနှိုင်းမှုများ ပြုလုပ်နေပြီး ၂၀၂၀ ခုနှစ် ပထမသုံးလပတ်တွင် ညှိနှိုင်းမှုများ ပြီးစီး၍ တည်ဆောက်ရေးသဘောတူစာချုပ်အား ချုပ်ဆိုနိုင်မည်ဟုသိရသည်။

“ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်တည်ဆောက်ဖို့အတွက် လက်ရှိမှာ ဂျပန်နိုင်ငံနဲ့ ညှိနှိုင်းမှုတွေလုပ်နေတာ ၂၀၂၀ ပထမသုံးလပတ်လောက်မှာ ပြီးစီးမှာဖြစ်ပါ တယ်။ ညှိနှိုင်းမှုပြီးရင် တည်ဆောက်ရေးသဘောတူစာချုပ်ချုပ်ဆိုပြီး တည်ဆောက်ခွင့်ရ ကုမ္ပဏီကို ဂျပန်နိုင်ငံမှာ တင်ဒါခေါ်ယူသွားမှာပါ” ဟု  လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောကြားသည်။

ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ရေးစီမံကိန်း ပထမအဆင့်တွင် လေဆိပ်သို့ အမြန်ကားလမ်းတစ်ခု ချိတ်ဆက်ပေးမည်ဖြစ်ပြီး ဒုတိယအဆင့်တွင် အမြန်ရထားလမ်းတစ်ခုဖြင့် ဆက်သွယ်သွားမည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနှင့် ဂျပန်နိုင်ငံတို့သည် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးအတွက် ဖက်စပ်လုပ်ငန်းတစ်ခု ဖွဲ့စည်းရန် စေ့စပ်ညှိနှိုင်းမှုများ ပြန်လည်လုပ်ဆောင်ခဲ့ပြီး ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရင်းနှီးမြုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံဖြင့် တည်ဆောက်မည်ဖြစ်သည်။

မြန်မာနိုင်ငံလေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန DCA က လေဆိပ်သစ် တည်ဆောက်ရေးအတွက် မြေဧရိယာ ဟက်တာ ၃၆၀၀ နီးပါး ပံ့ပိုးပေးမည်ဖြစ်ပြီး လေဆိပ်ဒီဇိုင်းကို ရထားလမ်းကွန်ရက်တစ်ခုနှင့် ချိတ်ဆက်ရေးဆွဲမည်ဟု သိရသည်။

ပထအဆင့်တွင် အဆိုပြုထားသော လေဆိပ်သို့ အမြန်ကားလမ်းတစ်ခု ချိတ်ဆက်ပေးမည်ဖြစ်ပြီး ဒုတိယအဆင့် အမြန်ရထားလမ်းတစ်ခု ဆက်သွယ်ပေးမည်ဖြစ်ကာ လေဆိပ်စီမံကိန်းမှာ အစိုးရ၏ပံ့ပိုးကူညီမှု ရရှိပြီး စီမံကိန်းကို စောနိုင်သမျှစော၍ စတင်ရန် ဦးစားပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“ဟံသာဝတီလေဆိပ်သစ်စီမံကိန်းအတွက် ဂျပန်- မြန်မာပူးပေါင်းပါဝင်တဲ့ လေဆိပ်အကောင်အထည်ဖော်ရေး ပြင်ဆင်မှု ကော်မတီဖွဲ့စည်းဆောင်ရွက်နေပါတယ်။ ကော်မတီအနေနဲ့ ညှိနှိုင်းမှုတွေအကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့  စနစ်တကျ အကောင်ထည်ဖော်နိုင်ရေးအတွက် ဦးစားပေး ညှိနှိုင်းနေပါတယ်” ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောကြားသည်။

ယင်းပြင်ဟံသာဝတီလေဆိပ်သစ် အကောင်အထည်ဖော်ရန် ညှိနှိုင်းမှုတွင် ဂျပန်- မြန်မာ နှစ်နိုင်ငံအပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား Operator အဖြစ် ကိုင်တွယ် ဆောင်ရွက်နေသည့် YACL ကုမ္ပဏီပါ ဆွေးနွေးမှုတွင် ပါဝင်လာကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ဟံသာဝတီလေဆိပ်တည်ဆောက်ရေး စီမံကိန်းအား ဂျပန်နိုင်ငံအစိုးရနှင့် မြန်မာအစိုးရတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

                       

Most Read

Most Recent