ပုဂံကတော့ ယူနက်စကို ဝင်ပြီ … ဘာတွေ ဆက်ဖြစ်မလဲ

ပုဂံကတော့ ယူနက်စကို ဝင်ပြီ … ဘာတွေ ဆက်ဖြစ်မလဲ
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် နေထွက်ချိန်ကို ရွှေဆံတော်ဘုရား ရင်ပြင်တော်ပေါ်မှ စောင့်ကြည့်နေသည့် ပြည်တွင်းပြည်ပ ခရီးသွားများအား တွေ့ရစဉ် (ဓာတ်ပုံ-မင်းသန့်)
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် နေထွက်ချိန်ကို ရွှေဆံတော်ဘုရား ရင်ပြင်တော်ပေါ်မှ စောင့်ကြည့်နေသည့် ပြည်တွင်းပြည်ပ ခရီးသွားများအား တွေ့ရစဉ် (ဓာတ်ပုံ-မင်းသန့်)
Published 14 July 2019
မင်းသန့်၊ မင်းမင်းစိုး

၂၀၁၉ ခုနှစ် အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့တွင် ကျင်းပခဲ့သော ယူနက်စကို၏ ၄၃ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီ ညီလာခံ အစည်းအဝေးတွင် ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ၂၀၁၉ ခုနှစ် ဇူလိုင် ၆ ရက်တွင် သတ်မှတ်ခဲ့ပြီဖြစ်သည်။

ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်လာသော ပုဂံဒေသတွင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ရေရှည်တည်တံ့မှု ယုတ်လျော့လာခြင်း မရှိစေရန် ကာကွယ်ထိန်းသိမ်းရေးစသော စီမံခန့်ခွဲမှု နောက်ဆက်တွဲ စိန်ခေါ်မှုများက စတင်စောင့်ကြိုနေပြီဖြစ်သည်။

တကယ်တော့ ပုဂံ၏ခံ့ညား ထည်ဝါမှုသည် ယုတ်လျော့ပျက်သုဉ်းခြင်းကြောင့် ပို၍ပီပြင်နေသည်။ အမြင့်သည် အနိမ့်ကြောင့် ပို၍ ပို၍ ထင်ရှားသည်။ ရုပ်ဝတ္ထုတွေ တစ်နေ့တခြား ဖိစီးဖုံးလွှမ်းကာ နေ့ညမကွဲတော့သော ကမ္ဘာတွင် အသစ်မလိုသော၊ အပြောက်အမွှမ်း မလိုသော ရိုးရိုးသားသား ပကတိ အရှိတရားက အဖိုးတန်နေတတ်သည်။ နီညိုညိုအုတ် အဟောင်းအသစ်များနှင့် နှစ်ပေါင်းထောင်ချီ တည်ရှိခဲ့သော ပုဂံသည် ယခုအခါ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသ ဖြစ်လာခဲ့ပြီဖြစ်သည်။

ယင်းသို့ ယူနက်စကိုစာရင်းဝင် ဖြစ်လာခဲ့သော်လည်း ပုဂံဒေသ စီမံခန့်ခွဲမှု ကော်မတီအနေဖြင့် ရှေးဟောင်း ယဉ်ကျေးမှုဇုန် နယ်မြေအတွင်း ပါဝင်နေသော ခေတ်သစ် အဆောက်အအုံများနှင့် ပတ်သက်သည့် စိန်ခေါ်မှုများ၊ ကမ္ဘာ့အမွေအနှစ်စာရင်း ရေရှည်တည်တံ့စေရန် ထိန်းသိမ်းကာကွယ်မှုများအတွက် စီမံခန့်ခွဲမှုဆိုင်ရာ နောက်ဆက်တွဲ ဂယက်များစွာ ရှိနေဆဲဖြစ်သည်။ ယင်းသို့အခြေအနေများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနပညာအသင်း အတွင်းရေးမှူး ဦးသူရအောင်က “ကမ္ဘာ့အမွေအနှစ် ယူနက်စကိုကို အဆိုပြုလွှာ တင်ထားတဲ့အထဲမှာ ယဉ်ကျေးမှုဇုန်ထဲမှာရှိနေတဲ့ ဟိုတယ်တွေ၊ အဆောက်အအုံတွေ အားလုံးကို ၂၀၂၈ ခုနှစ်မှာ ထွက်ပါမယ်လို့ အစိုးရက ကတိကဝတ်ပြုပြီးသား။ ဒါက နိုင်ငံတကာ ကတိကဝတ်။ နောက်ပြီး ပြည်တွင်းမှာ ဘယ်တည်ဆဲဥပဒေမှာမှ အမွေအနှစ်ဇုန်ထဲမှာ ဟိုတယ်ဆောက်ရပါမယ်လို့ ပြဋ္ဌာန်းမထားဘူး။ ဒီတော့ ယဉ်ကျေးမှုဇုန်ထဲမှာ ရှိနေတဲ့ ဟိုတယ်တွေအားလုံးက ထွက်ကိုထွက်ရမှာလို့ တရားဝင် ပြောပြီးသား။ အဲဒါကို ယူနက်စကိုနဲ့ ညှိနှိုင်းလို့မရဘူး။ နောက်ဆုံးအချက်က ၄၃ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ညီလာခံမှာ ICOMOS က ပညာရှင်က ညီလာခံမှာ တစ်ကမ္ဘာလုံးကို လူသိရှင်ကြား ပြောသွားတယ်။ ပုဂံမှာရှိနေတဲ့ ပြဿနာက အမွေအနှစ်တွေ တည်မြဲဖို့အတွက် အခြေခံ အဆောက်အအုံတွေ ဆောက်လုပ်တဲ့ကိစ္စက ပြဿနာ အကြီးအကျယ် ဖြစ်နိုင်တယ်။ အမွေအနှစ်အပေါ် စိန်ခေါ်မှု ရှိလာနိုင်တယ်။ အဲဒီအထဲမှာ တရားဝင်ဟိုတယ်တွေကို ပြောတာပေါ့” ဟု ပြောကြားသည်။

“ဇုန်အတွင်းမှာရှိနေတဲ့ ဟိုတယ်တွေ၊ ဆက်လက်ဆောက်လုပ်နေတဲ့ ဟိုတယ်တွေကို မတားတာတွေက ဥပဒေကို ချိုးဖောက်တာ ဖြစ်သလို သက်ဆိုင်ရာ ဌာနက လူတွေကလည်း ဥပဒေအတိုင်း လုပ်ရမယ့်ဟာကို မလုပ်တဲ့အတွက် တာဝန်ပျက်ကွက်တာပဲ။ ကျွန်တော်တို့ကတော့ အဲဒီလိုပဲ သုံးသပ်တယ်။ လက်ရှိ ပုဂံမှာ ဆောက်လုပ်စ ဟိုတယ်အဆောက်အအုံတွေ ဆိုတာက ဒေသခံတွေ ပြောတာကတော့ ခန့်မှန်းခြေ ၅၀ ကနေ ၁၀၀ ကြားမှာရှိတယ်တဲ့။ ယူနက်စကို ဆက်တည်မြဲစေချင်ရင် နံပါတ် (၁) ပြည်တွင်း တည်ဆဲဥပဒေတွေကို ပုဂံကို စီမံခန့်ခွဲနေတဲ့ ကော်မတီက လိုက်နာပါ။ ယူနက်စကိုကို ကတိကဝတ် ပြုထားတဲ့ Management Plan အတိုင်းတွေ ဘောင်ဝင်အောင် အလုပ်လုပ်ပါ။ ဒါဟာ စီမံခန့်ခွဲမှု ကော်မတီကို ပြောချင်တဲ့အပိုင်းပါ။ နံပါတ် (၂) က ဥပဒေအရ တာဝန်ပေးထားတဲ့ ရှေးဟောင်းသုတေသန ဦးစီးဌာနက ဥပဒေနဲ့မညီဘူးထင်တဲ့ ကိစ္စတွေကို အထက်က အုပ်ချုပ်ရေး အာဏာအရ ဘယ်လိုပဲ ဖိအားရှိတယ်ပြောပြော ဥပဒေနဲ့မညီတဲ့ ကိစ္စတွေကို ပြတ်ပြတ်သားသား ကန့်ကွက်တာမျိုး လုပ်ကိုလုပ်ရမယ်။ အခုဟာက တာဝန်ရှိတဲ့ဌာနကလည်း မလုပ်တဲ့ အပိုင်းတွေပါမယ်” ဟု မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနပညာ အသင်းအတွင်းရေးမှူး ဦးသူရအောင်က ဆက်လက်ပြောကြားသည်။

ဘာသာရေးကို အခြေခံ၍ ပုဂံခေတ် ကိုယ်ပိုင်ဟန်ဖြင့် တည်ရှိခဲ့သော ရှေးဟောင်းအဆောက်အအုံများ၏ ဗိသုကာလက်ရာ၊ အင်္ဂတေပန်း၊ နံရံပန်းချီ စသည့် စေတီ၊ ပုထိုးနှင့် အဆောက်အအုံများကို တစ်ကမ္ဘာလုံးက ၀ိုင်းဝန်းစောင့်ရှောက်နိုင်ရန် ကမ္ဘာတည်သရွေ့ တည်ရှိနိုင်စေရန် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေး တင်သွင်းဆောက်ရွက်ရာတွင် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို တည်ရှိနေဆဲဖြစ်သော သို့မဟုတ် ကွယ်ပျောက်သွားခဲ့သော ယဉ်ကျေးမှုဓလေ့ သို့မဟုတ် မြို့ပြယဉ်ကျေးမှုတစ်ခု၏ အတုမရှိမှု သို့မဟုတ် ပြယုဂ်တစ်ခု အနေဖြင့် ကျန်ရှိနေမှု၊ လူ့သမိုင်းတွင် သိသာထင်ရှားသော အဆင့်အတန်း သို့မဟုတ် ထို့ထက်ပိုစွာ ဖော်ပြပေးသော အဆောက်အအုံပုံစံများ၊ ဗိသုကာလက်ရာ နည်းပညာဆိုင်ရာ အစိတ်အပိုင်းများ၊ ရေမြေဒေသများ၊ လူသားအားလုံး အသိအမှတ်ပြု လက်ခံနိုင်သော အရေးပါ ထင်ရှားမှုများ၊ ရှင်သန်နေဆဲ ထုံးဓလေ့များ၊ အတွေးအခေါ်များ၊ ယုံကြည်မှု၊ အနုပညာ၊ စာပေလက်ရာများဖြင့် ဆက်စပ်ဖြစ်ပျက်ခဲ့မှုများ စသည့် ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးများဖြင့် ကမ္ဘာ့အမွေအနှစ် ကော်မတီသို့ တင်ပြခဲ့ခြင်းဖြစ်သည်။ ယင်းသို့ စံတန်ဖိုးများ ကတိကဝတ်များနှင့် ယူနက်စကို၏ စည်းမျဉ်း စည်းကမ်းများအပေါ် စဉ်ဆက်မပြတ် လိုက်နာကျင့်သုံးရန် အတွက် စိန်ခေါ်မှုများအတွက် ပြင်ဆင်မှုများ စတင်လုပ်ဆောင် ရတော့မည်လည်း ဖြစ်သည်။

ယူနက်စကိုစာရင်းဝင် ဖြစ်လာခြင်းကြောင့် ပုဂံဒေသသို့ ပြည်တွင်းပြည်ပ ခရီးသွားများစွာ ယခင်ထက် ပိုမိုဝင်ရောက်လာနိုင်ခြင်းကြောင့် ခရီးသွားလုပ်ငန်း ဖော်ဆောင်ရာတွင် အခြေခံ အဆောက်အအုံများစွာ လိုအပ်သော်လည်း စည်းကမ်းတကျ နည်းလမ်းဘောင်အတွင်း မလုပ်ဆောင်နိုင်ပါက အမွေအနှစ်ကို ထိခိုက်လာမည်ဖြစ်သည်။

ယင်းအခြင်းအရာအပေါ်မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက “ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ခြင်း အားဖြင့် ပုဂံဒေသရဲ့အမည် အမှတ်တံဆိပ်က ပိုပြီးတက်လာတာပေါ့။ ခရီးလုပ်ငန်းအနေနဲ့ဆို ပုဂံဒေသနဲ့ ဆက်စပ်ပြီး လူထုအခြေပြု ခရီးသွားလုပ်ငန်းတွေ ဖော်ထုတ်လာနိုင်တဲ့ အခွင့်အလမ်းတွေ ရှိလာမယ်။ ရှေ့နှစ် ရှေ့နှစ်တွေမှာ တိုးတက်လာနိုင်တဲ့ ခရီးသွားဝင်ရောက်မှုနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ Impact တွေကို တွက်ဆပြီး အားနည်းချက်တွေကို အနည်းဆုံးဖြစ်အောင် ခုကတည်းကစပြီး ၀ိုင်းဝန်းဆောင်ရွက်ဖို့ လိုသေးတယ်။ လက်ရှိ ဟိုတယ်အရေအတွက်နဲ့ ခရီးသွား ဝင်ရောက်မှုက လုံလောက်မှုရှိတယ်လို့ ပြောလို့ရတယ်။ ဒါကလည်း နိုင်ငံခြားခရီးသွား ဧည့်သည်တစ်ခုတည်းကို တွက်လို့မရဘူး။ ပြည်တွင်းခရီးသွား ဧည့်သည်ကိုလည်း ထည့်သွင်းစဉ်းစားရတာ ဖြစ်တဲ့အတွက် အခါကြီး ရက်ကြီးတွေမှာ လုံလောက်မှု မရှိသေးဘူးဆိုတာ တွေ့ရတယ်။ ဒါပေမဲ့ ပုဂံဒေသဟာ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်သွားပြီ ဖြစ်တဲ့အတွက် ကမ္ဘာ့အဆင့်မီတဲ့ ကာကွယ်မှုတွေလည်း ပြုလုပ်ပြီး အရှည်တည်တံ့အောင် ထိန်းသိမ်းတာတို့၊ ယဉ်ကျေးမှု အမွေအနှစ်တွေ မပျောက်ပျက်အောင် ကာကွယ်တာ တို့ကိုလည်း လုပ်ရမယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အသိပညာ အတတ်ပညာရှင် အပိုင်းတွေကလည်း ဒီကိုလာခြင်းအားဖြင့် ခရီးသွား ဧည့်သည်တွေလည်း တိုးတက်လာနိုင်တယ်။ ပြည်တွင်းခရီးသွား ဧည့်သည်ကလည်း ပြည်ပခရီးသွား ဧည့်သည်နဲ့အတူ တိုးတက်လာနိုင်တာ ဖြစ်တဲ့အတွက် ဒေသရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေဟာလည်း ရရှိနိုင်မှာ မလွဲဘူးပေါ့။ နောက်တစ်ချက်ကတော့ ယူနက်စကိုမှာ Sporting နှစ်မျိုးရနိုင်တယ်။ ငွေကြေးနဲ့ နည်းပညာ ပတ်သက်တဲ့ အကူအညီတွေရမယ့် အကျိုးအမြတ်တွေပေါ့။ ဒီလို ရရှိခြင်းအားဖြင့် တိမ်မြုပ် ပျောက်ကွယ်လုဖြစ်တဲ့ ရိုးရာယဉ်ကျေးမှုတွေကို ပြန်ပြီးဖော်ထုတ် လာနိုင်တယ်။ ထင်ထင်ရှားရှား မသိတာကတော့ ဒြပ်ရှိဒြပ်မဲ့ဆိုတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေလည်း ရှိတယ်။ အားနည်းချက် အားသာချက် တွေကတော့ အမြဲဒွန်တွဲ လာနေမှာပဲ။ အားနည်းချက်တွေက ဘာတွေဖြစ်လာနိုင်သလဲဆို Must Tourism ဖြစ်လာတဲ့အခါမှာ ဒေသနဲ့ ထိတွေ့ပွတ်တိုက်မှုတွေများပြီး Conflict ဖြစ်လာနိုင်တယ်။ အဲဒီလို ဖြစ်ပေါ်လာတဲ့ Problem ကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ ဆိုတဲ့အပိုင်းကို ကြိုတင်ပြီး ထည့်သွင်းစဉ်းစား ထားဖို့လည်း လိုတယ်။ ခရီးသွားနဲ့ အောင်မြင်နေတဲ့ နိုင်ငံတွေမှာလည်း Demand နဲ့ Supply မမျှတဲ့အခါမှာ ဒေသက Noice တွေဖြစ်လာတယ်။ ဒေသခံတွေရဲ့ ရိုးရာယဉ်ကျေးမှု နေထိုင်မှုတွေ ပျောက်ကွယ်လာတယ်။ ဒါတွေမဖြစ်ဖို့ အတွက် ကြိုတင်မျှော်တွေးထားပြီး စနစ်တကျ စီမံခန့်ခွဲထားနိုင်ဖို့လည်း လိုတယ်လို့ ယူဆတယ်။ ယူနက်စကိုက အသိအမှတ်ပြုပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော်တို့ဘက်က မထိန်းသိမ်းလို့ရှိရင် ကျွန်တော်တို့ရတဲ့ အခွင့်အရေးဟာလည်း မျက်စိတစ်မှိတ် အတွင်းမှာ ပျောက်ကွယ်သွားနိုင်တာ ဖြစ်တဲ့အတွက် ခရီးသွားလုပ်ငန်းမှာ ပါဝင်ပတ်သက်တဲ့သူ အားလုံးက အသိစိတ်ဓာတ်နဲ့ ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်မှသာလျှင် အရှည်တည်တံ့တဲ့ ခရီးသွားကဏ္ဍဖြစ်ပြီး အသိအမှတ်ပြုထားတဲ့ ယူနက်စကို စာရင်းဝင်တဲ့ အချက်ကို ထိန်းသိမ်းပြီးသားလည်းဖြစ်မယ်။ အကျိုးလည်းရှိမယ်။ အဓိက, ကတော့ ခရီးသွားလုပ်ငန်းနဲ့ အမျိုးသား အကျိုးစီးပွားကို တိုက်ရိုက်သွယ်ဝိုက် ဆက်စပ်အကျိုးရှိဖို့ကတော့ ဒေသခံတွေနဲ့အတူ အားလုံးပေါင်းရုန်းမှ လည်းရမယ်။ ဒီလိုပေါင်းလုပ်ခြင်းအားဖြင့် စနစ်ကျတဲ့ စီမံခန့်ခွဲမှု လိုနေတာလည်း အသေအချာပဲ ဖြစ်တယ်။ ကျွန်တော်တို့ မလုပ်တတ် မကိုင်တတ်လို့ ရှိရင်တော့ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် အတွင်းမှာလည်း ဒီအခွင့်အရေးဟာ လက်လွှတ်ဆုံးရှုံး နိုင်တာတာကို သတိချပ်ဖို့ လိုတယ်ဆိုတဲ့ အနေအထားလေးကို ကျွန်တော့် အနေနဲ့ ထင်မြင်မိတယ်” ဟု ပြောကြားသည်။

ပုဂံဒေသ ယူနက်စကိုဝင်သည့် ကိစ္စအပေါ် မြန်မာနိုင်ငံသားများက ဂုဏ်ယူဝမ်းသာစွာဖြင့် လူမှုကွန်ရက်ပေါ်တွင်ကာ ဘာဓာတ်ပုံများ ချိန်းခြင်း၊ ပို့စ်များတင်ခြင်း လုပ်နေကြသော်လည်း ကွဲပြားသော အမြင်များလည်း ထွက်ပေါ်လာသည်။ ယင်းအထဲတွင် မြန်မာမှုရှေးဟောင်း ဗိသုကာ ပညာရှင် တစ်ဦးဖြစ်သော တမ္ပဝတီ ဦးဝင်းမောင်လည်း ပါဝင်သည်။

ရှေးဟောင်း ဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က “တကယ်တမ်း ပြောရရင်တော့ ကိုယ့်ယဉ်ကျေးမှုကို ကိုယ့်ဘာသာ ထိန်းတာပဲ ကောင်းတယ်။ မြန်မာပြည်မှာ မြန်မာအစိုးရ အုပ်ချုပ်တာကြောင့် မြန်မာက ပြင်တာပဲ အကောင်းဆုံးပေါ့။ ကိုယ့်လူမျိုးက မသိနားမလည်လို့ နားလည်တဲ့လူက လာလုပ်ရတယ်ဆိုတဲ့ သဘောဖြစ်တာတော့ မကောင်းဘူးပေါ့။ ဒါက အမျိုးသားရေးအမြင်နဲ့ ပြောတာပါ။ တကယ့် လက်တွေ့မှာတော့ မြန်မာကပဲ ထိန်းသိမ်းတယ်ပြောပြော တခြားသူကပဲ ထိန်းသိမ်းတယ်ပြောပြော ဒီပစ္စည်းတွေ မပျောက်မပျက်ရအောင် ထိန်းသိမ်းနိုင်ရင် ကောင်းပါတယ်။ ခုနကပြောတာတော့ အမျိုးသားရေးအမြင်နဲ့ ပြောတာပါ။ မြန်မာ့ယဉ်ကျေးမှုနဲ့ ပတ်သက်တာကြောင့် မြန်မာတွေ ထိန်းသိမ်းတာ ကောင်းတယ်ပေါ့။ ဥပမာ ကိုယ့်ဘိုးဘွား မိဘ အစဉ်အဆက်ရှိလာတဲ့ ပစ္စည်းတစ်ခုကို သူ့သားသမီးတွေက ဘိုးဘွားမိဘ သမိုင်းကြောင်းကို သိအောင်လို့ ကိုယ့်အိမ်မှာပဲ ထိန်းသိမ်းထားရင် ကောင်းတာပေါ့။ သူမထိန်းနိုင်လို့ ဘေးအိမ်က ဝင်ထိန်းသိမ်း ပေးရတာနဲ့စာရင် ပထမဟာက ကောင်းပါတယ်။ သူလည်း မထိန်းသိမ်းနိုင်လို့ လွှင့်ပစ်လိုက်လို့ ဘေးအိမ်က ဝင်ထိန်းပေးရတယ် ဆိုရင်တော့ ဒုတိယအဆင့် ကောင်းတယ်ပဲ ပြောရမှာပေါ့။ အခု ယူနက်စကို ဝင်လိုက်တာ ဒုတိယအဆင့်အနေနဲ့ ကောင်းတယ်ပဲ ပြောရမှာပါ။ ကျွန်တော်တို့ အမျိုးသားတွေ အနေနဲ့ ကိုယ့်ဘာသာ မထိန်းသိမ်းနိုင်တဲ့သဘော ရောက်သွားတာပေါ့။ တကယ်တမ်း ဆိုရင်တော့ နှစ်ပေါင်း တစ်ထောင်ကျော်က ဘုရားတွေရှိတဲ့နေရာမှာ ဘုရားကလွဲပြီး ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ မရှိရင် ပိုကောင်းတာပေါ့။ အဲဒီလို နားမလည်ဘဲ ယဉ်ကျေးမှုကို အကြောင်းပြပြီး ဟိုတယ်တွေဆောက်တယ်။ စားသောက်ဆိုင်တွေ ဆောက်တယ်။ ဘာတွေညာတွေ လုပ်တာက မသင့်တော်တာတော့ အမှန်ပဲ။ အဲဒါကြောင့် အဲဒါမျိုးတွေ လုပ်မရအောင် ယူနက်စကို ဝင်လိုက်တဲ့အခါ ယူနက်စကိုရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ ဖယ်သင့်တာတွေဖယ်မယ်။ လျှော့သင့်တာတွေ လျှော့တဲ့အခါ အကောင်းမြင်အနေနဲ့ ကြည့်ရင်တော့ ယူနတ်စကိုဝင်တာ ကောင်းပါတယ်။ ဒါပေမဲ့ ယူနက်စကို ဝင်သွားလည်း ယူနက်စကိုက ပုဂ္ဂိုလ်တွေက အချိန်ပြည့် စောင့်ကြည့်နိုင်မှာ မဟုတ်ပါဘူး။ ဘုရားဖူး ပြည်သူတွေကလည်း ရှေးဟောင်း အမွေအနှစ်တန်ဖိုးကို နားလည်တန်ဖိုးထား ထိန်းသိမ်းဖို့လိုပါတယ်။ ဘယ်နေ့က ပုဂံရောက်တယ်ဆိုပြီး နံရံမှာ ရေးသွားတာမျိုး၊ ဆူးချွန်၊ သံချွန်နဲ့ ခြစ်သွားတာမျိုးတွေ မလုပ်ဖို့လည်း လိုပါတယ်။ အဲဒီလိုပဲ နံရံဆေးရေး ပန်းချီတွေကို ဓာတ်ပုံရိုက်တဲ့အခါ ဖလက်ချ်မီးကြောင့် ဆေးရေးပန်းချီတွေရဲ့ ခံနိုင်ရည်သက်တမ်းကို လျော့နည်းသွားတာကြောင့် ဓာတ်ပုံမရိုက်ဖို့ မိမိစိတ်ဓာတ်နဲ့ မိမိထိန်းသိမ်းတာမျိုး လုပ်မှပဲ ပုဂံက ရေရှည်ခံမှာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေက ရှေးဟောင်းပစ္စည်းတွေကို တန်ဖိုးထားဖို့၊ ထိန်းသိမ်းဖို့၊ ဆောင်ရန်ရှောင်ရန်တွေကို ငယ်စဉ်သမိုင်းသင်ခန်းစာထဲမှာ အကျဉ်းချုံး ထည့်သင်ပေးတာမျိုး၊ ပုဂံကို လာမယ့် ဘုရားဖူးဧည့်သည်တွေကို စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတွေကနေ ဘာတွေလေ့လာ လို့ရတယ်။ ဘာတွေတော့ မလုပ်ပါနဲ့ဆိုပြီး အသိပညာ ဗဟုသုတ မျှဝေပေးတာမျိုး လုပ်ပေးသင့်ပါတယ်။ ကျွန်တော်က ပုဂံကို လွန်ခဲ့သော နှစ်ပေါင်းငါးဆယ်ကျော်၊ ၁၉၆၀-၆၁ ကတည်းက သွားရောက် လေ့လာခဲ့ပါတယ်။ လက်ရှိ ပုဂံက ဒီရာစုနှစ် တစ်ဝက်လောက် အတွင်းမှာ ရာခိုင်နှုန်း သုံးဆယ်လောက် ပျက်စီးလျော့ကျ သွားတယ်လို့ မြင်ပါတယ်။ ဒါကလည်း ငလျင်ဒဏ်၊ လူဒဏ်တွေကြောင့် ဖြစ်တာပါ။ အစိုးရ အဆက်ဆက်လည်း ပုဂံကို ထိန်းသိမ်းခဲ့တာပါပဲ။ ကောင်းတာတွေရှိသလို မကောင်းတာတွေလည်း ရှိပါတယ်။ အရင်စစ်အစိုးရ ခေတ်တုန်းက ပုဂံမြို့ဟောင်းမှာ နေတဲ့လူတွေကို ဖယ်ရှားခဲ့တာ ရှိပါတယ်။ အဲဒါလည်း မှန်ပါတယ်။ အခု နန်းတော်ရာ နေရာမှာကို လူတွေက နေကြ၊ တိုက်တွေဆောက်ကြ၊ ယွန်းလုပ်ငန်းတွေ လုပ်ကြဆိုတော့ ရှေးဟောင်းပစ္စည်းတွေက အလွန်ထိခိုက်နစ်နာ ကုန်ပါတယ်။ အဲဒါကြောင့် ပုဂံမြို့သစ် တည်ပေးလိုက်ပြီး ဒေသခံတွေကို အဲဒီမှာ ပြောင်းရွှေ့နေရာချပေးတာ ကောင်းတဲ့ လုပ်ရပ်ပါပဲ။ မကောင်းတာကတော့ ငလျင်ဒဏ်ထိပြီး ပြိုသွားတဲ့ ဘုရားတွေမှာ မလိုအပ်တဲ့ အချွန်အတက်တွေ လျှောက်တပ်ပေးလိုက်တာပါပဲ။ လုပ်တာကလည်း ရှေးဟောင်း ပညာရှင်နဲ့ လုပ်တာမဟုတ်ဘဲ သာမန်ပန်းရံ ဆရာတွေနဲ့ ပြင်သွားတာကြောင့် ရှေးဟောင်းတန်ဖိုးတွေ အများကြီး ထိခိုက်သွားပါတယ်။ လက်ရှိ NLD အစိုးရကကျ ပြည်သူတွေကို အရမ်းငဲ့လွန်းတယ်။ ပြည်သူကို အရမ်းကြည့်တော့ ပြည်သူတွေ စိတ်မချမ်းသာအောင် မလုပ်ဘူး ဆိုတဲ့အတွက် သာမန်ပြည်သူတွေက ကိစ္စမရှိဘူး။ လောဘဇောတိုက်တဲ့ စီးပွားရေးသမားတွေကျ အဲဒါကို အခွင့်ကောင်းယူပြီး ပြည်သူတွေ စိတ်ညစ်အောင် မလုပ်ဘူးဆိုတဲ့ အချက်နဲ့ မဆောက်ရတဲ့နေရာမှာ ဟိုတယ်တွေ တွန်းဆောက်တယ်။ မလုပ်အပ်တဲ့ အဆောက်အအုံတွေကို ဘုရားနဲ့ပြိုင်တည်တာတွေ လုပ်ကြတယ်။ ပြည်သူ့ကို ငဲ့လွန်းတဲ့အတွက် အဲဒါမျိုးတွေ ဖြစ်သွားတာပေါ့” ဟု သုံးသပ်ပြောကြားသည်။

ရှေးဟောင်း သုတေသန ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းက “အဲဒီအထဲမှာ ရှေးဟောင်း အဆောက်အအုံတွေကို ထိန်းသိမ်းမယ့် Guide Line တွေ၊ By Law တွေ၊ စည်းကမ်းချက်တွေ ရေးဆွဲထားတဲ့ Management Plan ရှိတယ်။ စီမံခန့်ခွဲမှု အဆင့်ဆင့်နဲ့ စနစ်တကျ စီမံဆောင်ရွက်သွားမှာပါ။ ဒေသခံတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ၊ ဒေသဖွံ့ဖြိုး တိုးတက်မှုတွေ၊ ရှေးဟောင်းအမွေအနှစ်တွေ ထိန်းသိမ်းမှုတွေကို ဟန်ချက်ညီညီနဲ့ လုပ်ကိုင်သွားရမှာပါ။ လက်ရှိ ရောင်းချနေတဲ့ စျေးဆိုင်လေးတွေကတော့ ယာယီသဘောမျိုးတွေ များပါတယ်။ မနက်လာဖွင့်တယ် ညနေကျပြန်သိမ်းတယ်။ အဲဒီလို ယာယီစျေးဆိုင် လေးတွေကတော့ ဘာမှပြဿနာ မရှိဘူး။ လုပ်စားလို့ရပါတယ်။ မရောင်းရဘူးလို့ မသတ်မှတ်ထားပါဘူး။ လမ်းဘေးမှာလာပြီး ဆိုင်အကြီးကြီးတွေ လာဖွင့်တယ် ဆိုရင်တော့ ဥပဒေတွေ စည်းကမ်းတွေနဲ့ တားမြစ်ရမှာပေါ့။ ဟိုတယ်တွေကျတော့ လက်ရှိ ဥပဒေမှာပါတဲ့အတိုင်း ကာကွယ်ထိန်းသိမ်းထားတဲ့ ဇုန်ထဲမှာရှိမယ်။ မြို့ပြလူနေနယ်နိမိတ်ထဲမှာ ရှိနေတယ်ဆိုရင် အခုထုတ်ထားတဲ့ ၂၀၁၉ ဥပဒေမှာဆို လုပ်ခွင့်ရှိတယ်။ အရင်ကတော့ လုပ်ခွင့်မရှိဘူး။ လက်ရှိ ရှိနေတဲ့ဟာ ဆိုလို့ရှိရင် တိုးချဲ့တာမျိုး ခွင့်မပြုခဲ့ဘူး။ အရင်က ညောင်ဦးနဲ့ ပုဂံဆိုရင် AZ ထဲမှာပါတာပေါ့။ အခုကျတော့ BZ ထဲမှာ ရောက်သွားပြီ။ ဇုန်ပြင်သတ်မှတ် လိုက်တာပေါ့။ ပြောရရင် ကာကွယ်ထိန်းသိမ်းထားတဲ့ အဝါရောင်ဇုန်ထဲကို ရောက်သွားတာပေါ့။ အဲဒီအထဲ ရောက်ပြီးတော့မှ စည်ပင်သာယာ နယ်နိမိတ်မြို့မြေအဖြစ် သတ်မှတ်ပေးထားတယ်။ အဲဒီထဲမှာတော့ တည်းခိုခန်းတွေ၊ ဟိုတယ်တွေ တရားဝင် မဟုတ်သေးပေမယ့် အများကြီး ဖွင့်ထားကြတယ်။ ဖွင့်ထားတဲ့ အပေါ်မှာလည်း အရေးယူမှု လုပ်လို့မရဘူး။ နောက်ပိုင်း ဥပဒေပြင်ဆင်မှုအရ တရားဝင်ကို ခွင့်ပြုပေးရတော့မှာ ဖြစ်တယ်။ ယူနက်စကို စာရင်းဝင်သွားတာကိုတော့ ဂုဏ်ယူရမှာပါ။ အခက်အခဲတွေ ကြားထဲကရခဲ့တဲ့ အောင်မြင်မှုတစ်ခုကို မပျောက်ပျက်စေချင်ဘူး။ အဲဒီလို မပျောက်ပျက်စေဖို့အတွက် ကျွန်တော်တို့ဌာနနဲ့အတူ ဒေသခံတွေ ၀ိုင်းဝန်းပူးပေါင်း စောင့်ရှောက်ပေးဖို့ လိုပါတယ်။ ဘာကြောင့်လဲဆို ယဉ်ကျေးမှု အမွေအနှစ်တွေက နှစ်ပေါင်းလည်းကြာပြီ။ ဆက်ရှိဖို့လည်းလိုတယ်။ ဆက်ရှိမှလည်း ဒေသခံတွေနဲ့ ဒေသဖွံ့ဖြိုး တိုးတက်ရေးတွေ တည်မြဲမှာဖြစ်တယ်။ ဒါကြောင့် ၀ိုင်းဝန်းပူးပေါင်း ထိန်းသိမ်းစောင့်ရှောက်ကြပါလို့ အကြံပြုချင်ပါတယ်” ဟု ပြောကြားသည်။

ယူနက်စကို ဝင်လာသည့်အတွက် ကောင်းကျိုးများစွာ ရမည်ဟု မြန်မာနိုင်ငံသား အများစုက မျှော်မှန်းထားကြသည်။ လတ်တလော အနေဖြင့်မူ နိုင်ငံတကာ ခရီးသွား ဝက်ဘ်ဆိုက်များတွင် ပုဂံဒေသအား ကမ္ဘာတစ်ဝန်း သွားရောက် လည်ပတ်သင့်သော ထိပ်တန်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာတစ်ခုအဖြစ် စတင်ဖော်ပြ နေပြီဖြစ်သည်။ အခြားသော ကောင်းကျိုးများအနေဖြင့် ပုဂံဒေသတွင် သဘာဝဘေး အန္တရာယ် တစ်စုံတစ်ခု ဖြစ်လာခဲ့ပါက နည်းပညာနှင့် ငွေကြေးအထောက်အပံ့များ ရရှိလာမည်ဖြစ် သကဲ့သို့ အမွေအနှစ်များ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းစောင့်ရှောက်ရမည့် ခေတ်မီနည်းစနစ်များလည်း ရရှိလာမည်ဖြစ်သည်။ သို့သော်လည်း တခြားတစ်ဖက်တွင်မူ မေးခွန်းထုတ်စရာ အများအပြား ကျန်ရှိပါသေးသည်။

ပုဂံ၏ Tourist Destination တွင် Night Life မရှိ၊ Night Bazzar တွေမရှိ၊ ညပိုင်း အပန်းဖြေစရာအတွက် လုံခြုံစိတ်ချရသော နေရာများ မရှိသေးသကဲ့သို့ ပုဂံပတ်ဝန်းကျင် နီးနီးနားနားတွင်လည်း မရှိသေးပါ။

ပုဂံသို့လာသော ကမ္ဘာလှည့် ခရီးသွားများအတွက် နေ့ခင်းပိုင်းတွင်သာ ဘုရားဖူး၊ ရှုခင်းတွေခံစား၊ ရိုးရာလက်မှု လုပ်ငန်းများသာ လေ့လာနိုင်သည့် Day Life သာ ရှိသေးသည်။ ယူနက်စကို စာရင်းဝင်ပြီးနောက် ပိုမိုဝင်ရောက်လာနိုင်သော ခရီးသွား ဧည့်သည်များအတွက် စွဲဆောင်မှုဖြစ်စေရန် ညဦးပိုင်း အချိန်များတွင် ရှေးဟောင်းဇုန်နှင့် ကင်းလွတ်သော နေရာများ၌ ရိုးရာယဉ်ကျေးမှု ကပြများ၊ ရိုးရာအစားအသောက် ဆိုင်တန်းများ ဖော်ဆောင်ကာ Night Life များ ဖန်တီးရန် လုပ်ဆောင်ရဦးမည်ဖြစ်သည်။ ဇီးရိုးဘတ်ဂျက်ဖြင့် လာလည်သော တရုတ်ခရီးသွားများနှင့် ထိုင်းနိုင်ငံမှ တစ်ဆင့်ဝင်လာလေ့ရှိသော နိုင်ငံတကာ ခရီးသွားများ၏ ရပ်တည်ချက်၊ လိုအင်ဆန္ဒများသည် တူညီလေ့မရှိပါ။ ဥရောပ၊ အမေရိကန်၊ အင်္ဂလန်အစရှိသော နိုင်ငံများမှ ကမ္ဘာလှည ့်ခရီးသွားများကတော့ သူတို့၏ ရခေါင့်ရခဲ အားလပ်ရက်တွင် အချိန်လုလာရသော ခရီးစဉ် တစ်ခုအတွင်း ညပိုင်းတွင် ဟိုတယ်စားသောက်ခန်း အတွင်း၌သာ အချိန်ဖြုန်းနေရသည်ကို နှစ်သက်မည် မဟုတ်ပေ။ နေ့ခင်းတွင် ရိုးရာအမွေအနှစ်များကို လေ့လာလိုမည် ဖြစ်သကဲ့သို့ ညပိုင်းတွင်လည်း အပန်းဖြေချင်မည်သာ ဖြစ်သည်။ ယင်းအတွက် လုပ်ဆောင်စရာများ အများအပြား ကျန်ရှိပါသည်။

နောက်တစ်ချက်မှာ အစိုးရ၊ ဟိုတယ်ပိုင်ရှင်၊ ရှေးဟောင်းဌာနနှင့် ယူနက်စကို အဖွဲ့ကြီးတို့ဖြစ်သည်။ လက်ရှိ ပုဂံတွင် ဟိုတယ် ၁၄၁ လုံးရှိပြီး ယင်းအထဲမှ ထက်ဝက်ကျော် ၈၆ လုံးက ယဉ်ကျေးမှု နယ်မြေအတွင်း တည်ရှိနေသော ပြဿနာဖြစ်သည်။ ယင်းပြဿနာကြီးက အကြီးမားဆုံး ကိုင်တွယ်ဖြေရှင်းရမည့် ပြဿနာကြီးဖြစ်သည်။ ထိုထက်ပိုဆိုးသည်မှာ ဟိုတယ်ကြီးတချို့ နယ်နိမိတ်အတွင်း ရှေးဟောင်းဘုရားများ တည်ရှိနေခြင်းဖြစ်ပြီး ယင်းဘုရားများဘေးတွင် ရေကူးကန်များ တည်ဆောက်ခြင်း၊ ညစာတည်ခင်းခြင်းများဖြင့် နိုင်ငံတကာ ခရီးသွားများကို ဆွဲဆောင်လေ့ရှိသည်။ ယူနက်စကို တည်မြဲမလား၊ မတည်မြဲမလား ဆိုသည်မှာ ယင်းဟိုတယ်များ အရေးကိုု အစိုးရ မည်သို့ ကိုင်တွယ်မလဲဆိုသည့် အချက်ပေါ် မူတည်ပါသည်။

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ရှေးဟောင်းမြို့တော်၊ ပုဂံဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်သော်လည်း ယဉ်ကျေးမှု အမွေအနှစ်နယ်မြေ အတွင်းရှိ ဟိုတယ်များနှင့် ဆောက်လက်စ ဟိုတယ်များ ဖယ်ရှားပေးရမည် မဟုတ်ကြောင်း ပြည်တွင်းထုတ် 7 Days ဂျာနယ်ကို ဖြေကြားထားသည်။

ယခင်နှင့် ယခုအစိုးရ သဘောထားများ အရတော့ ဟိုတယ်ပိုင်ရှင်များအတွက် စိုးရိမ်စရာ မလိုသေးသည့်ပုံ ပေါ်သည်။ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကလည်း ပုဂံသူပုဂံသားတို့၏ မျက်ရည်နှင့် ပုဂံအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဒေသအဖြစ် ထိန်းသိမ်းသွားရန် ကြိုးစားမည်မဟုတ်ဟု ယခုရက်ပိုင်းအတွင်းက မန္တလေးတိုင်း လွှတ်တော်အပြီး မန္တလေးမီဒီယာများ၏ မေးမြန်းမှုအပေါ် ဖြေကြားခဲ့သည်။ အမှန်တကယ်အားဖြင့်တော့ ထိုစကားကို ဒေါက်တာ ဇော်မြင့်မောင်သည် ယခင်ကလည်း မကြာခဏ ပြောဖူးပြီးသားဖြစ်သည်။

ယဉ်ကျေးမှုဇုန်အတွင်း ပါဝင်နေသော ဟိုတယ်လုပ်ငန်းများနှင့် ပတ်သက်၍ မိမိတို့၏ ရင်းနှီးမြှုပ်နှံမှု ပမာဏအရ ယခုနေရာတွင် ဆက်လက်ရှိနေသင့်ကြောင်း၊ မိမိတို့အနေဖြင့် မြန်မာ့လူအဖွဲ့အစည်းအတွက် ကောင်းမွန်သော အရာများကိုလည်း မျှဝေထောက်ပံ့ခဲ့ပြီး ယင်းကို ပြီးခဲ့သော ၁၅ နှစ်အတွင်း လုပ်ဆောင်ချက်များက သက်သေပြခဲ့ပြီး ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ယခုလူများကိုမူ ဆက်လက် လုပ်ဆောင်ခွင့် ပြုသင့်ကြောင်း၊ မိမိတို့ အနေဖြင့် လိုအပ်သော ပြောင်းလဲမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧဒင်အုပ်စု အမှုဆောင် ဒါရိုက်တာ ဦးကျော်နီခင်က CAN သတင်းဌာနသို့ ဖြေကြားထားသည်။

ပုဂံမြို့ဟောင်းမှ ပုဂံမြို့သစ်သို့ ဖယ်ရှားခံလိုက်ရသည့် ပုဂံသား တစ်ဦးကတော့ ယခုလို မှတ်ချက်ပြုသည်။

“ကျွန်တော်တို့ကို ဖယ်ရှားစေခဲ့တာကတော့ စစ်အစိုးရပဲဗျ။ စစ်အစိုးရတုန်းက ကျွန်တော်တို့ သာမန်ပြည်သူတွေကို ဖယ်ရှားစေခဲ့ပေမယ့် ဟိုတယ်ကြီးတွေကိုတော့ ဆောက်ဖို့ ခွင့်ပြုခဲ့တယ်။ အဲဒီခေတ် အဲဒီကာလတုန်းကတော့ လူတိုင်း ဒီတိုင်းကြည့်နေခဲ့ရတာပါပဲ။ ငွေရှိတော့ လူရာဝင်တာပေါ့ဗျာ။ မျှတမှုတော့ မရှိဘူးပေါ့။ အခု ပြည်သူ့အစိုးရ တက်လာတယ်။ ဒီပုဂံဟာ ယူနက်စကို ဝင်သင့်နေတာ ကြာပါပြီ။ ပထမအကြိမ် တင်ပြတုန်းက ပယ်ချခံခဲ့ရတယ်။ အခု ဒုတိယအကြိမ်မှာတော့ အောင်မြင်ခဲ့ပြီ။ ဒါပေမဲ့ ဆရာဇော် (မန်းဝန်ကြီးချုပ်) က ပုဂံသူ ပုဂံသားတွေရဲ့ မျက်ရည်နဲ့ မလဲဘူး ဘာညာ အရင်ကတည်းက ပြောခဲ့တော့ ကျွန်တော်တို့ကလည်း တစ်ခုတော့ ပြောချင်တယ်ဗျာ။ ဟိုတယ်ကြီးတွေ ဖယ်စရာ မလိုဘူးဆိုရင် ကျွန်တော်တို့လည်း ပုဂံသူ၊ ပုဂံသား စစ်စစ်တွေပါ။ စစ်အစိုးရတုန်းက ဖယ်ရှားခံခဲ့ရတဲ့ ပြည်သူတွေကို အဲဒီနေရာတွေ ပြန်ပေးပါ။ ဟိုတယ်ပိုင်ရှင်မှ ပုဂံသူ၊ ပုဂံသားလို့တော့ မသတ်မှတ် စေချင်ဘူး” ဟု ပြောကြားခဲ့သည်။

တချို့က ထင်ကြသည်။ ယူနက်စကိုဝင်သွားပြီ ဖြစ်သည့်အတွက် ပုဂံတည်တံ့ ခိုင်မြဲရေးအတွက် စိုးရိမ်ပူပန်စရာ မလိုတော့။ အားလုံးအဆင်ပြေ ချောမွေ့တော့မည်ဟု မှတ်ချက်ပြုကြသည်။ သို့သော်လည်း ယူနက်စကို ဝင်လိုက်ခြင်းသည် ပုဂံဇာတ်လမ်းကို ယခုမှ စတင်ခြင်းဖြစ်သည်။ မည်သို့မည်ပုံ ဆက်လက်ဖြစ်တည်မလဲ ဆိုသည်ကတော့ စောင့်ကြည့်ရဦးမည်သာ ဖြစ်ပါသည်။

 

Most Read

Most Recent