ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် UNHCR ဌာနေကိုယ်စားလှယ်တို့ တွေ့ဆုံပြီး ဘင်္ဂလားဒေ့ရ်ှနိုင်ငံသို့ နေရပ်စွန့်ခွာ သွားသူများနှင့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသူများ ပြန်လည်လက်ခံနိုင်ရေး ဆွေးနွေး

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် UNHCR ဌာနေကိုယ်စားလှယ်တို့ တွေ့ဆုံပြီး ဘင်္ဂလားဒေ့ရ်ှနိုင်ငံသို့ နေရပ်စွန့်ခွာ သွားသူများနှင့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသူများ ပြန်လည်လက်ခံနိုင်ရေး ဆွေးနွေး
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် UNHCR ဌာနေကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးစဉ်
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် UNHCR ဌာနေကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးစဉ်
Published 13 July 2019
မင်းနိုင်စိုး

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ဌာနေကိုယ်စားလှယ် Mr. Johan Cels အား ဇူလိုင် ၁၁ ရက် ညနေ ၄ နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက ဇူလိုင် ၁၂ ရက်တွင် သတင်းထုတ်ပြန်သည်။

ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာနနှင့် UNDP၊ UNHCR တို့အကြား သုံးပွင့်ဆိုင် နားလည်မှုစာချွန်လွှာသက်တမ်း တိုးမြှင့်နိုင်ခြင်းအတွက် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်မှု၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်အကြားရှိ ပြည်သူများအတွက် ဒေသလုံခြုံရေး အခြေအနေပေးပါက ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးအတွက် ယခုလအတွင်း မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ညှိနှိုင်း ဆွေးနွေးဆောင်ရွက်မည့် အစီအစဉ်များ၊ မိုးရာသီ ကာလအတွင်း ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသသို့ UNHCR မှ သွားရောက် ဆောင်ရွက်မည့် အစီအစဉ်များအား ခေတ္တဆိုင်းငံ့ထားမှုနှင့် လုပ်ဆောင်နိုင်မည့် အခြားလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ခွင့်ပြုချက်တင်ပြ ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ထို့ပြင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်နေမှု၊ ယင်းလုပ်ငန်းစဉ်အပေါ် UNHCR မှ ပံ့ပိုးကူညီဆောင်ရွက်ပေးမှု၊ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများမှ မြန်မာနိုင်ငံသို့ ပြန်လာချင်သူများအတွက် နိုင်ငံသားစိစစ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ပြန်လည်လက်ခံရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း လုပ်သားများအတွက် နှစ်နိုင်ငံ ညှိနှိုင်းမှုအရ တရားဝင်လုပ်သားများ ဖြစ်စေရေး ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု များကိုလည်း ဆွေးနွေးခဲ့ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများမှ မြန်မာနိုင်ငံသား ဟုဆိုသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွင် ပံ့ပိုးကူညီပေးနိုင်ရေး အတွက် UNHCR မှ ရေးဆွဲထားသည့် စီမံချက်စာတမ်းအပေါ် လေ့လာသုံးသပ် အကြံပြုပေးနိုင်ရေးကိစ္စ၊ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များတွင် UNHCR မှ နီးကပ်စွာ ပံ့ပိုးကူညီ ဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

 

Most Read

Most Recent