ကန့်ကွက် ဆန္ဒပြမှုများ ရှိခဲ့သည့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေနှင့် ပတ်သက်၍ ရေးထုံးများနှင့် သက်ဆိုင်သောအချက် လေးချက်ကို ပြင်ဆင်ရန် နိုင်ငံတော်သမ္မတက လွှတ်တော်သို့ ပြန်လည် ပေးပို့ထား

ကန့်ကွက် ဆန္ဒပြမှုများ ရှိခဲ့သည့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေနှင့် ပတ်သက်၍ ရေးထုံးများနှင့် သက်ဆိုင်သောအချက် လေးချက်ကို ပြင်ဆင်ရန် နိုင်ငံတော်သမ္မတက လွှတ်တော်သို့ ပြန်လည် ပေးပို့ထား
Published 4 July 2019
စည်သူ

ကန့်ကွက် ဆန္ဒပြမှုများ ရှိခဲ့သည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့် ပတ်သက်၍ ရေးထုံးများနှင့် သက်ဆိုင်သောအချက် လေးချက်အား ပြင်ဆင်ရန် နိုင်ငံတော်သမ္မတက လွှတ်တော်သို့ ပြန်လည် ပေးပို့ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကို ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အတည်ပြုခဲ့ပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ထားခြင်းဖြစ်ကာ ယင်းဥပဒေနှင့် ပတ်သက်၍ ကန့်ကွက် ဆန္ဒပြခြင်းများလည်း ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

“ရေးထုံးတွေ ရှေ့နောက် မညီတာလေးတွေ ထောက်ပြတဲ့ သဘောပါ။ လောလောဆယ်တော့ ကျန်တာတော့ ပြောလို့ မရသေးဘူးပေါ့နော်။ ဆွေးနွေးပြီးမှ လွှတ်တော်မှာ တင်မှပဲ အပြင်ကို ပြောခွင့်ရှိတာလေ။ ပြန်ပို့ထားတာလောက်ပဲ ပြောလို့ရပါတယ်”ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက ပြောကြားသည်။

အဆိုပါ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတထံမှ ပြင်ဆင်ချက်များသည် လွန်ခဲ့သော ၁၅ ရက်ခန့်က ရောက်ရှိနေခြင်း ဖြစ်ပြီး ဇူလိုင် ၄ ရက်တွင် ယင်းပြင်ဆင်ချက်များအပေါ် ဆွေးနွေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

၂၀၁၉ ခုနှစ်  ဇွန် ၇ ရက်တွင် ပြည်ထောင်စု လွှတ်တော်က မဲခွဲဆုံးဖြတ် အတည်ပြုခဲ့သော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ပြင်ဆင်ချက်အရ နိုင်ငံတော်အတွင်း မွေးဖွားသည့် ကလေးသူငယ်တိုင်းသည် ခွဲခြားဆက်ဆံခြင်း မရှိစေဘဲ အခမဲ့ မှတ်ပုံတင်ခွင့် ရှိသည်ဟု အတည်ပြုခဲ့သည်ကို တွေ့ရှိရကြောင်း၊ အဆိုပါ ဥပဒေ ပုဒ်မ ၃၃ (ခ) တွင် မွေးစား ကလေးသူငယ် တစ်ဦးသည် မွေးစားမိဘ နှင့် သက်ဆိုင်သည့် ဥပဒေ (သို့မဟုတ်) ဓလေ့ထုံးတမ်း ဥပဒေနှင့်အညီ မွေးစားမိဘ၏ အခြားသားသမီးများ ကဲ့သို့ပင် အမွေဆက်ခံရန် အခွင့်အရေး အပါအဝင် တူညီသော အခြားအခွင့်အရေးများ ရရှိစေရမည်ဟု ပြဋ္ဌာန်းထားကြောင်းနှင့် နိုင်ငံတော်အတွင်း မွေးဖွားသည့် ကလေးသူငယ်တိုင်းသည် ခွဲခြားဆက်ဆံခြင်း မရှိစေဘဲ အခမဲ့ မှတ်ပုံတင်ခွင့် ရှိသည်ဟူသော ဥပဒေ ပြင်ဆင်ချက်သည် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ အခန်း (၈) ၊ ပုဒ်မ ၇၃ ပါ နိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူ၏ မွေးစားခြင်း ခံရသော နိုင်ငံခြားသား တစ်ဦးသည် နိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူအဖြစ် မရှိစေရ ဟူသော ပြဋ္ဌာန်းချက်ကို လွှမ်းမိုး ပယ်ဖျက်လိုက်သည့် သဘောဖြစ်နေဟု နိုင်ငံရေးပါတီ ၂၆ ခု၏ ဇွန် ၁၇ ရက် စုပေါင်း ကြေညာချက်၌ ဖော်ပြပါရှိသည်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေတွင် အထက်ပါအတိုင်း အဓိပ္ပာယ် ဖွင့်ဆိုထားခြင်း မရှိကြောင်းနှင့် ကလေးမွေးစားခြင်းဆိုင်ရာ ကိစ္စရပ်များသည် သက်ဆိုင်ရာ ဥပဒေများနှင့်သာ သက်ဆိုင်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ကော်မတီဝင်များက ရှင်းလင်း ပြောကြားခဲ့ကြသည်။         

Most Read

Most Recent