EAO-UPDJC ၏ လုပ်ငန်းဆောင်တာများ မလည်ပတ်နိုင်ခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ကောင်းသောလက္ခဏာ မဟုတ်ကြောင်း RCSS အတွင်းရေးမှူး (၂) ပြောကြား

EAO-UPDJC ၏ လုပ်ငန်းဆောင်တာများ မလည်ပတ်နိုင်ခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ကောင်းသောလက္ခဏာ မဟုတ်ကြောင်း RCSS အတွင်းရေးမှူး (၂) ပြောကြား
EAO-UPDJC အစည်းအဝေးကို ဇူလိုင် ၃ ရက်က ပြုလုပ်နေမှုအား တွေ့ရစဉ်
EAO-UPDJC အစည်းအဝေးကို ဇူလိုင် ၃ ရက်က ပြုလုပ်နေမှုအား တွေ့ရစဉ်
Published 3 July 2019
မင်းနိုင်စိုး

NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ လုပ်ငန်းဆောင်တာများ မလည်ပတ်နိုင်ခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ကောင်းသော လက္ခဏာ မဟုတ်ကြောင်း EAO-UPDJC အဖွဲ့ခေါင်းဆောင် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

NCAS-EAO များ၏ UPDJC အစည်းအဝေးကို ရန်ကုန်မြို့ ဖိုးစိန်လမ်းရှိ Green Hill ဟိုတယ်တွင် ဇူလိုင် ၃ ရက်က ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေး အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် EAO-UPDJC အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာတွင် EAO များ၏ UPDJC အစည်းအဝေးကို နောက်ဆုံးပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးအပြီး ကိုးလအကြာတွင် ယခု EAO-UPDJC အစည်းအဝေးကို ပြန်လည် ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်ကာ ထိုသို့ ဆောင်ရွက်နိုင်ခြင်းသည် EAOအားလုံး၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် ဖြစ်ကြောင်း ဗိုလ်မှူးကြီးစိုင်းငင်း က ပြောကြားသည်။

“ကျွန်တော်တို့ EAO-UPDJC ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတယ် ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ EAO-UPDJC ရဲ့ လုပ်ငန်းဆောင်တာတွေ မလည်ပတ်နိုင်တာဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။ EAO-UPDJC လုပ်ငန်းတွေ ပုံမှန် ဆောင်ရွက်သွားနိုင်ဖို့အတွက် ကျွန်တော်တို့ အားလုံး ဝိုင်းဝန်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်”ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

ယခု ပြုလုပ်သော EAO-UPDJC အစည်းအဝေးတွင် လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို သေသေချာချာ ပြန်လည် သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်များအား ကဏ္ဍအလိုက် ချမှတ် လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း ၊ NCA-S EAO ၏ လာမည့် နှစ်များတွင် လိုအပ်သော ရန်ပုံငွေနှင့် ပတ်သက်၍ ရန်ပုံငွေ အဆိုပြုလွှာ ကိစ္စကိုလည်း ဆွေးနွေးရမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး စိုင်းငင်း က ပြောကြားသည်။

ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရာတွင် ၂၀၁၉ ခုနှစ်အတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစုပင်လုံ အစည်းအဝေး တစ်ကြိမ် ကျင်းပနိုင်ရေးနှင့် တပ်မတော်၏ ၂၀၁၉ ခုနှစ် သြဂုတ်လကုန်အထိ တစ်ဖက်သတ် အပစ်ရပ်ကာလ နှစ်လ သက်တမ်း တိုးမြှင့်ခြင်းကို ထည့်သွင်း စဉ်းစားရန် လိုအပ်ကြောင်း ၊ ၂၀၂၀ မတိုင်မီနှင့် ၂၀၂၀ အလွန်အတွက်လည်း မည်သည့်အရာများ လိုအပ်သည် ဆိုသည်ကိုလည်း ရှေ့လုပ်ငန်းစဉ်တွင် အတိအကျ ဖော်ပြရမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး စိုင်းငင်းက ဆိုသည်။

ထို့ပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် NCA စာချုပ် လက်မှတ် မထိုးရသေးသော EAO များအတွက် အခင်းအကျင်းကို အလေးထား ဖန်တီးပေးရန် လိုအပ်သကဲ့သို့ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချို့အကြား ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်ရေးအတွက်ကိုလည်း NCA-S EAO များက တတ်စွမ်းသမျှ ဝိုင်းဝန်း ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“တစ်ဖက်မှာလည်း ကျွန်တော်တို့ NCA-S EAO များရဲ့ စည်းလုံးညီညွတ်မှုကို ခိုင်မာသထက် ခိုင်မာအောင် ကျစ်လျစ်သထက် ကျစ်လျစ်လာအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တစ်ဖွဲ့ချင်းရဲ့ အကျိုးထက် အားလုံးရဲ့အကျိုးကို ဦးစားပေး ဆောင်ရွက်ဖို့ လိုအပ်ပါတယ်”ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

တိုင်းရင်းသားများ အားလုံး လိုလား တောင့်တနေသော ဖက်ဒရယ် ပြည်ထောင်စုကို လက်တွဲညီညီဖြင့် မရရအောင် ဝိုင်းဝန်း တည်ဆောက်ကြရန်ကိုလည်း ဗိုလ်မှူးကြီး စိုင်းငင်းက တိုက်တွန်းခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးများအဖွဲ့၏ အစည်းအဝေးကို ပြီးခဲ့သည့် ဇွန် ၁၃ ရက်နှင့် ၁၄ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် နိုင်ငံရေး ဆွေးနွေးမှု ဖြစ်စဉ်များ ရှေ့ဆက် တိုးနိုင်ရေးအတွက် အစိုးရ၏ အဆိုပြုချက်များကို EAO-UPDJC အတွင်းရေးမှူးများထံ ပေးအပ်ခဲ့ သည်။

အစိုးရအဖွဲ့က ပေးပို့ခဲ့သည့် အဆိုပြုချက်များကို သက်ဆိုင်ရာ EAO အစုအဖွဲ့များအတွင်း ပြန်လည် ဆွေးနွေး၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေးအတွက် ပြန်လည် ဆွေးနွေးမှုများ ပြုလုပ်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးများအဖွဲ့ အစည်းအဝေးကို ယခုလလယ်တွင် ပြုလုပ်ရန်  လျာထားသည်။                                       

Most Read

Most Recent