Facebook နှင့်အတူ ဆယ်စုနှစ် တစ်ခု ဖြတ်သန်းခြင်း

Facebook နှင့်အတူ ဆယ်စုနှစ် တစ်ခု ဖြတ်သန်းခြင်း
Facebook သုံးစွဲနေသူ တစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
Facebook သုံးစွဲနေသူ တစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
Published 1 July 2019
နေဝန်းထက်

Website လိပ်စာများကို  Search box တွင် ရိုက်ချလိုက်ရုံဖြင့် သိလို၊ ရှာဖွေလိုသည့် အကြောင်းအရာများ အလွယ်တကူ ရရှိလာနိုင်သည်။ အင်တာနက် စီးဆင်းမှုသည် ကမ္ဘာကြီးနှင့်တန်းတူ မြန်မာနိုင်ငံတွင်လည်း ပျံ့ဝင် စီးဆင်းနေပြီ ဖြစ်သည်။ ကျပ်ငွေ သိန်း ဆယ်ဂဏန်းပမာဏ တန်ဖိုးမှသည် လမ်းဘေးတွင် တစ်ထောင်ဖိုး ငါးခုခန့် ရရှိသည်အထိ မိုဘိုင်းဖုန်း ဆင်းမ်ကတ်များ၏ တန်ဖိုးသည်လည်း ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ တစ်လလုံး အကြိုက်သုံး အင်တာနက် Package များကို နှစ်သက်သည့် နေရာမှ ဝယ်ယူ အသုံးပြုနိုင်သည့် အခြေအနေများလည်း ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်သည်။ လက်ရှိ ပစ္စုပ္ပန် အချိန်ကာလသည် ကမ္ဘာတစ်ပတ် ပတ်ရန်အတွက် အချိန်မည်မျှ ယူရမည်ဆိုသည်မှာ Internet Connection ပေါ်၌သာ မူတည်နေသည်ဟု ဆိုနိုင်သည့် အချိန်လည်း ဖြစ်သည်။

မြို့ကြီးများတွင် ဖြစ်စေ၊ နယ်မြို့များတွင် ဖြစ်စေ သို့တည်းမဟုတ် ကျေးရွာများတွင် ဖြစ်စေ တစ်နိုင်ငံလုံးရှိ လူတိုင်းနီးပါး မိုဘိုင်းဖုန်း ကိုယ်စီရှိနေကြပြီဖြစ်ပြီး ထိုသူများထံတွင်လည်း ကမ္ဘာကြီးဆီ ဝင်ကြည့်ရန်အတွက် အင်တာနက် သော့များက ကိုယ်စီ ကိုယ်စီ ရှိနေကြပြီလည်း ဖြစ်သည်။ ၂၀၀၉ ခုနှစ်ခန့်က စိတ်ကူးယဉ်ရန်ပင် အခြေအနေ သိပ်မပေးသည့် အကြောင်းအရာများသည် ၂၀၁၉ ခုနှစ်တွင် အမှန်တကယ် ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်သည်။ အချိန်သည် ရှေ့သို့ မနားတမ်း သွားနေသကဲ့သို့ နည်းပညာများကလည်း နောက်မဆုတ်တမ်း လိုက်ပါလျက် ရှိသည်။ သို့သော် အသုံးချသူ၏ ကျွမ်းကျင်မှုအပေါ် မူတည်၍ အသုံးကျမှုများက ကွဲပြားလျက် ရှိနေ၏။

၂၀၀၉ ခုနှစ်က ဖြစ်သည်။ အင်တာနက် အသုံးပြုရန်အတွက် လူများသည် Internet Cafe များကို အဓိကထား အသုံးပြုနေရသည့် အချိန်ဖြစ်သည်။ G-talk သည် ထိုအချိန်က အင်တာနက် အသုံးပြုသ အများဆုံး အသုံးပြုတတ်သည့် အရာဖြစ်ပြီး Website လိပ်စာများကို Search Box တွင် ရိုက်ချလိုက်ပါက ပိတ်ဆို့ ထားသည်ဟုသာ များသောအားဖြင့် အကြောင်းပြန်မည့် အချိန်ဖြစ်သည်။ နှေးကွေးလွန်းသော Internet Connection သည် ထိုအချိန်က စိတ်ရှည်ရန် သင်ပေးသည့် ဆရာတစ်ဦးသဖွယ်ပင် ဖြစ်နေခဲ့သည်။ သို့ရာတွင် ထိုအချိန် မတိုင်ခင်ကပင် မြန်မာနိုင်ငံတွင် Facebook အသုံးပြုသူများ ရှိခဲ့ပြီး ထိုသူများထဲတွင် နိုင်ငံကျော် အနုပညာရှင်များ၊ နိုင်ငံရေးသမားများနှင့် အခြားသော နည်းပညာနှင့် အဆက်အသွယ် မပြတ်အောင် နေတတ်သည့် လူငယ်အချို့ ပါဝင်ခဲ့သည်။

“ကိုယ်ပိုင် အကောင့်တွင် မိမိနှစ်သက်သည့် ဓာတ်ပုံ တင်ရှိထားနိုင်ခြင်းအပြင် မိမိ ရေးလိုသည့် အကြောင်းအရာ များကိုလည်း ရေးသား တင်ရှိနိုင်ခြင်းဖြင့် Facebook သည် G-talk အပါအဝင် ယင်းအချိန်က လူအများ နှစ်သက် အသုံးပြုသည့် လူမှုကွန်ရက်များထက် အသုံးပြုသူများကို ပိုမိုဆွဲဆောင်နိုင်ခဲ့သည်။ ထို့ပြင် Facebook အသုံးပြုသည့် အခြားသူများ တင်ရှိသည့် ဓာတ်ပုံများ၊ ရေးသားထားသည့် အကြောင်းအရာများကို ဝင်ရောက် ကြည့်ရှုနိုင်ခြင်းဖြင့် အသုံးပြုသူ တဖြည်းဖြည်း များပြားလာခဲ့သည်။ သို့သော် ထိုအချိန်က Facebook သည် မြန်မာနိုင်ငံအတွက်မူ အကောင့်ဖွင့်ရန် လွယ်ကူလွန်းသည့် အခြေအနေတစ်ခုတွင် ရှိမနေခဲ့ပေ။

သို့ဖြင့် အချိန်သည် တစ်ဖြည်းဖြည်း ရွှေ့လျားနေခဲ့၏။ ၂၀၁၀ ပြည့်နှစ်သည် မြန်မာနိုင်ငံ၏ အရေးပါသော နှစ် တစ်နှစ် ဖြစ်ပြီး ဒီမိုကရေစီစနစ်တစ်ခု ပြန်လည် အသက်ဝင်စ ပြုလာခဲ့သည့် အချိန်ဖြစ်သည်။ ကျပ်ငွေ သိန်း ဆယ်ဂဏန်းကျော် ပေးရသည့် မိုဘိုင်းဖုန်းများသည် ကျပ် နှစ်သိန်းမှ ငါးသိန်း ဝန်းကျင်အထိ စျေးနှုန်းများ လျော့ကျခဲ့သည်။ ထိုခေတ်က နှစ်သိန်းဖုန်း၊ ငါးသိန်းဖုန်းဟု ခေါ်ကြသည့် မိုဘိုင်းဖုန်းများတွင် အင်တာနက် အသုံးပြု၍ ရသည့် အခြေအနေ တစ်ခုသို့ ရောက်ရှိလာခဲ့ပြီး စမတ်ဖုန်းများသည် စတင် ခေတ်စားလာခဲ့သည်။ ios ၊ Android အသုံးပြု စမတ်ဖုန်းများသည် Keypad များ နေရာသို့ တစ်ဖြည်းဖြည်း  အစားထိုး ဝင်ရောက်လာခဲ့သည်။

သို့ဖြင့် ယခင်က အင်တာနက်ဆိုင်များ၌သာ သွားရောက် အသုံးပြုနိုင်သည့် အင်တာနက်သည် ကိုယ်နှင့်မကွာ အသုံးပြုလာနိုင်သည့် အခြေအနေ ဖြစ်လာခဲ့သည်။ ထိုအခါ မိုဘိုင်းဖုန်း ကိုင်ဆောင်သူများသည် နာမည်ကျော်ကြားစ ပြုလာသည့် Facebook ၏ ဆွဲဆောင်မှုကို လွန်ဆန်နိုင်ခြင်း မရှိတော့ပေ။ အကောင့်ဖွင့်ရန် လွယ်ကူလာခြင်း၊ အသုံးပြုသူ တရိပ်ရပ် တိုးတက် များပြားလာခြင်း ဖြင့် Facebook သည် မိုဘိုင်းဖုန်း ဝယ်ယူ ကိုင်ဆောင်ထားနိုင်ခြင်း မရှိသူများပါ သုံးစွဲသည့် လူမှုကွန်ရက် တစ်ခုအသွင် ရောက်ရှိ လာခဲ့သည်။ Internet Connection သည်လည်း ယခင်ကထက် များစွာတိုးတက် ကောင်းမွန်လာခဲ့ခြင်းကြောင့် အင်တာနက် တပ်ဆင်ထားသည့် ကွန်ပျူတာ ဂိမ်းဆိုင်များ၊ အင်တာနက်ဆိုင်များ၌ Facebook အသုံးပြုနေသည့် လူငယ်များစွာကို ထိုအချိန်က တွေ့မြင်နိုင်မည် ဖြစ်သည်။

အမျိုးအစား စုံလင်လှသည့် စမတ်ဖုန်းများသည် ပြည်တွင်း၌ ခေတ်စားလာခြင်းနှင့်အတူ ဖုန်းပြင်သည့် ဆိုင်များစွာလည်း ပေါ်ပေါက်လာခဲ့သလို ရောင်းချသည့် ဆိုင်များစွာလည်း ရှိလာခဲ့ပြီ ဖြစ်သည်။ ထိုအချိန် က ယင်းဆိုင်များတွင် Facebook အကောင့် ဖွင့်ပေးသည်ဟု ဆိုင်းဘုတ်များ ချိတ်ထားတတ်ပြီး အကောင့်ဖွင့်ရန်အတွက် ကျပ်ငွေ ထောင်ဂဏန်းမျှသာ ကုန်ကျမည် ဖြစ်သည်။ ယင်းအခြေအနေသည် Facebook အသုံးပြုသူ အရေအတွက် တစ်ရှိန်ထိုး တိုးမြင့်သွားစေရန် ဖန်တီးပေးလိုက်သကဲ့သို့ ဖြစ်သွားစေသည့် အကြောင်းအရာများထဲမှ တစ်ခုအပါအဝင် ဖြစ်ခဲ့မည် ဖြစ်သည်။ သို့သော် ယင်းသို့ အသုံးပြုသူ များလာခဲ့ခြင်းက အခြားသော အခြေအနေတစ်ခုကိုပါ ပူးတွဲ ဖြစ်ပေါ်လာစေခဲ့သည်။

၂၀၁၀ ပြည့်နှစ်မှ နှစ်နှစ်ကျော် အချိန်ကာလအတွင်း ပြည်တွင်း၌ Facebook သည် အသုံးပြုသူ အများဆုံး လူမှုကွန်ရက် တစ်ခုအဖြစ် ပြိုင်ဘက်မရှိ ဗိုလ်စွဲလာခဲ့သည်။ ထိုအခြေအနေသည် ၀ါဒဖြန့်ရန် ၊ အမုန်းစကား ဖြန့်ဝေလိုသူများအတွက် အလွန်အကြိုက် တွေ့စေသည့် အကြောင်းတရားလည်း ဖြစ်စေခဲ့သည်။ ၀ါဒဖြန့်ရန်အတွက် Facebook ဖွင့်လိုက်ရုံပင် ဖြစ်သည်။ မည်သူမည်ဝါ တိတိကျကျ ဖော်ပြထားခြင်း မရှိသည့် အကောင့်တု များစွာသည် အသုံးပြုသူကို တိတိကျကျ သိနိုင်သည့် အကောင့်စစ်များအကြားတွင် နေရာယူလာခဲ့သည်။ ယင်းအကောင့်တုများသည် ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေးစသည့် အကြောင်းတရားများ ကို ခုတုံးလုပ်၍ အမုန်းစကားများ ဖြန့်ဝေခြင်းကို ပြုလုပ်လာခဲ့ကြသည်။

၂၀၁၂ ခုနှစ်တွင် သတင်းစာ တစ်စောင်က မှုခင်းဖြစ်ရပ် တစ်ခုကို ဘာသာရေး ပဋိပက္ခ ဖြစ်စေနိုင်သည့် စာသား ဖော်ပြမှုများ အသုံးပြု၍ ရေးသား ဖော်ပြခဲ့သည်။ မည်သည့် ရည်ရွယ်ချက်ဖြင့် ဖြစ်မည်ကို မသိရှိသော်လည်း ယင်းသို့ ဖော်ပြခြင်းကို အခြေခံစတင်၍ ဘာသာရေး အဓိကရုဏ်းများသည် နိုင်ငံ၏ ဒေသအချို့၌ ထိုအချိန်က ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ထိုသို့ ပြင်ပလောကတွင် ပဋိပက္ခများ ဖြစ်နေချိန်တွင် လူအများ အသုံးပြုနေသည့် Facebook ၌လည်း အမုန်းစကား ဖြန့်ဝေမှုများစွာ ပေါ်ပေါက်လာခဲ့သည်။ များစွာသော အကောင့်တု များစွာတို့မှ များစွာသော အမုန်းစကား ဖြန့်ဝေမှုများသည် ပဋိပက္ခများ၏ အရှိန်ကို မြင့်တက်စေခဲ့ပြီး ဆိုးရွားသည့် အကြောင်းအရာများကို ဖန်တီးခဲ့၏။  Facebook အသုံးပြုနေသည့် ပြည်သူများ၏ စိတ်ကိုလည်း ဝေခွဲမရစေသည့် အကြောင်းအရာများကို ဖန်တီးခဲ့ပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် အကောင့်တု များစွာတို့၏ ၀ါဒဖြန့် အမုန်းစကား ဖြန့်ဝေမှုများကို အတိုင်းအတာ တစ်ခုအထိ ဖြေရှင်းနိုင်ခဲ့သည့် အကြောင်းအရာများလည်း ပေါ်ပေါက်လာခဲ့သည်။ လူအများကို မှန်ကန်သည့် သတင်းများ ဖြန့်ဝေပေးနေသည့် ခိုင်မာသည့် သတင်း မီဒီယာများသည် Facebook ပေါ်တွင် နေရာယူလာခဲ့သည်။ သတင်းမီဒီယာ Page များက တိကျမှန်ကန်သည့် သတင်း ဖော်ပြမှုများသည် အကောင့်တုများ၏ မဟုတ်မမှန် ဖြန့်ဝေမှုများကို ဆင်ခြင်ဆုံးဖြတ်နိုင်သည့် အကြောင်းအရာများလည်း ဖြစ်စေ ခဲ့သည်။ သို့သော် အကောင့်တုများသည် သတင်းမီဒီယာ Page များ တင်ရှိထားသည့် သတင်းဖော်ပြမှုများ၏ အောက်တွင်၌ပါ နေရာယူရင်း ၀ါဒများ၊ အမုန်းတရားများကို ရေးသားခဲ့ကြ၏။

၂၀၁၅ ခုနှစ်တွင် အရပ်သားအစိုးရ ဖြစ်လာမည့် လက်ရှိ အာဏာရပါတီသည် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။ ယင်းအခြေအနေ မတိုင်မီ ရွေးကောက်ပွဲ ကာလအတွင်းက Facebook များပေါ်တွင် အ ကောင့်တုများ၏ ဖြန့်ဝေ ရေးသားခဲ့သည့် အရာများဖြင့် ပြည့်နှက်နေခဲ့သည်။ ဆင်းကတ် စျေးနှုန်းများက ကျပ် ၁၅၀၀ သို့ ပြောင်းလဲခဲ့ပြီးနောက် ဆင်းမ်ကတ် နံပါတ်ဖြင့် လွယ်ကူစွာ အကောင့်ဖွင့်လာနိုင်ခြင်းက Facebook သည် အကောင့်တုများ၏ အမုန်းစကား ဖြန့်ဝေရာ နေရာကြီး ဖြစ်လာခဲ့ပြီ ဖြစ်သည်။ လူတိုင်းလိုလို ဖုန်းကိုင်လာနိုင်ခြင်းဖြင့် လူတိုင်းလိုလို Facebook အကောင့်များ ရှိလာကြပြီလည်း ဖြစ်သည်။ ၀ါဒဖြန့်ခြင်း သည် ရှေးယခင်ကလောက် ခက်ခက်ခဲခဲ ကြိုးစားရန် မလိုတော့ပေ။

အသုံးပြုသူ များလာခြင်းနှင့်အတူ အသုံးပြုသူများသည် Facebook ကို ကျွမ်းကျင်ပါးနပ်စွာ အသုံးပြုနိုင်သည့် အခြေအနေသို့ နှစ်အနည်းငယ်အတွင်း ရောက်ရှိခဲ့သည်။ ကျွမ်းကျင်စွာ အသုံးချလာနိုင်ခြင်းနှင့်အတူ အကောင့်တုများ၏ ၀ါဒဖြန့်ဝေမှုများကို ယုံကြည်ကြခြင်း မရှိတော့ပေ။ သို့သော် လောကကြီးသည် အမြဲ ဘက်နှစ်ဖက် ရှိနေကျ ဖြစ်သည်။ အကောင့်တုများ၏ ဖြန့်ဝေမှုများကို မယုံကြည်ကြသည့် အခြေအနေသည် အကောင့်စစ်များဖြင့် ဖြန့်ဝေသည့် အခြေအနေသို့ ကူးပြောင်းသွားစေသည်။ မိမိတို့ စွဲကိုင်ထားသည့် အယူဝါဒများကို  Facebook ပေါ်တွင် ရေးသားခြင်းဖြင့် ဗဟုသုတ မကြွယ်ဝသေးသည့်  Facebook အသုံး ပြုသူ ပြည်သူများ၏ စိတ်ကို ဆွဲဆောင်ကြသည်။ သို့မဟုတ် ဘက်နှစ်ဖက်အကြား ဝေခွဲမရမှုများကို ဖြစ်ပေါ်စေသည့် အခြေအနေများ ဖြစ်ပေါ်စေခဲ့သည်။

သို့ဖြင့် ၂၀၁၉ ခုနှစ်ဟု ခေါ်သည့် လက်ရှိကာလ မတိုင်မီ အချိန်အနည်းငယ်သို့ ရောက်ရှိလာခဲ့သည်။ များစွာသော မီဒီယာ အမည်ခံ အတုအယောင် အွန်လိုင်း Page များ၊ နာမည်မျိုးစုံဖြင့် Group များသည် Facebook တွင် ပြည့်နှက်လာခဲ့သည်။ အသုံးပြုသူများသည် ရပ်တည်ချက် ခိုင်မာပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသည့် သတင်းမီဒီယာများဆီမှ သတင်းများထက် Facebook ကို ပိုမို ယုံကြည်လိုသည့် အခြေအနေများဆီသို့ ရောက်ရှိလာခဲ့သည်။ ထို့ပြင် မိမိတို့ သိရှိလာသည့် အကြောင်းအရာများအပေါ် ကိုယ်တိုင်ဖြန့်ဝေခြင်း၊ သရော်ခြင်းများဖြင့်လည်း Facebook သည် အသက်ဝင် လှုပ်ရှားနေခဲ့သည်။ Facebook သည် ၂၀၀၉ ခုနှစ်က လို မဟုတ်တော့ပေ။

ဆယ်ကျော်သက်အရွယ် Facebook သည် သူ့အတွင်းသို့ ဝင်ကြည့်ပါက ဆယ်ကျော်သက်ကဲ့သို့ စိတ်ကစားမှုများ၊ မရင့်ကျက်မှုများကို တွေ့ရှိရမည် ဖြစ်သည်။ လိင်ပိုင်းဆိုင်ရာ ဖြန့်ဝေမှုများကို တွေ့ရှိနိုင်သည်။ ဆဲဆို ရမ်းကားနေသည်များကိုလည်း တွေ့ရှိနိုင်သည်။ မိမိတင်ရှိ ရေးသား သရော်လိုက်သည့် အရာသည် အခြားသူအား မည်မျှ သက်ရောက်သွားစေမည်ကို ဂရုမူခြင်းများလည်း ရှားပါးခဲ့ပြီ ဖြစ်သည်။ ထို့အတွက်လည်း ထောက်ခံသူများ ရှိသကဲ့သို့ ကန့်ကွက်သူများဖြင့်လည်း ဘက်နှစ်ဖက် အမြဲရှိနေမည် ဖြစ်သည်။ ထိုအရာသည် လက်ရှိ  Facebook ဖြစ်သည်။

Like များစွာ ရရှိခြင်းသည် လူများစွာတို့၏ အရေးတယူ ဆက်ဆံခံရသည်ဟု ထင်မြင်သူများစွာ ရှိလာခဲ့သည်။ လှူဒါန်းထားသည့် အရာများကို ယူဆောင်မိသည့် သူကိုလည်း အထင်အမြင် မှားစေနိုင်သည့် ဓာတ်ပုံများဖြင့် ဖော်ပြကြသည်။ နောက်ကွယ်က အမှန်တရားကို ဂရုစိုက်လိုခြင်း နည်းပါးလာကြသည်။ ပြင်ပလောကတွင် နာမည်ကျော်ကြား အောင်မြင်ရန် ခက်ခဲနိုင်သော်လည်း Facebook တွင် တစ်ခဏအတွင်း နာမည် ကျော်ကြား သွားစေနိုင်သည်။ သို့ဖြင့် ဆယ်ကျော်သက်အရွယ် Facebook သည် ပြင်ပလောကနှင့် ခပ်ဆင်ဆင် တူသည့် လောကတစ်ခုကို မြန်မာနိုင်ငံတွင် ဖန်တီးခဲ့ပြီ ဖြစ်သည်။

မြန်မာနိုင်ငံမှ Facebook လောကတွင် လူသားချင်း စာနာထောက်ထားမှုများ၊ လူသားဆန်မှုများကို ဂရုပြုခြင်းမရှိ။ မှုခင်းတစ်ခု မှ တရားခံအဖြစ် သံသယ အဝင်ခံရသူသည်လည်း နေ့ချင်းညချင်း အဆိုပါ ပြစ်မှု၏ တရားခံအဖြစ် နိုင်ငံကျော် ဖြစ်သွားစေနိုင်သည်။ ထိုသူ တရားခံအစစ် ဟုတ်ခြင်း မဟုတ် ခြင်းကိုလည်း စဉ်းစာကြခြင်း မရှိ။ လူတစ်ဦး၏ ဂုဏ်သိက္ခာ အဆင့်အတန်းများ ဒီနေရာတွင် လေးစားမှု ရှိချင်မှ ရှိမည် ဖြစ်သည်။ ထိုအရာသည် မြန်မာနိုင်ငံမှ  Facebook လောက ဖြစ်သည်။ သူသည် ဆယ်ကျော်သက်အရွယ် ရှိနေပြီး မြန်မာနိုင်ငံနှင့် ခင်မင်ခဲ့သည်မှာ ၁၀ နှစ် မကတော့ပေ။

နည်းပညာ အသုံးပြု၍ လူသားများသည် ပိုမို၍ ရင်းနှီး ကျွမ်းဝင်လာကြသလို ပိုမို၍လည်း သူစိမ်းဆန်သွားကြ၏။ ကုန်ဆုံးခဲ့ပြီးသည့် ဆယ်စုနှစ်များစွာက မိုင်များစွာ ကွာဝေးသည့် နေရာ နှစ်ခုမှ လူနှစ်ဦး အပြန်အလှန် ဆက်သွယ်ရန်အတွက်  စာတိုက်မှ စာပို့ခြင်းသည် အရေးပါသည့် အကြောင်းအရာ တစ်ခုဖြစ်ခဲ့သည်။  လက်ရှိ ကာလတွင်တော့ အင်တာနက်ကိုဖွင့်၍ မိမိနှစ်သက်သည့် လူမှုကွန်ရက် သို့မဟုတ် ဆက်သွယ်ရေး Application တစ်ခုမှ တစ်ဆင့် Video Call ခေါ်၍ ဖြစ်စေ၊ Voice Mail ပို့၍ ဖြစ်စေ၊ စာချည်း သက်သက်ဖြစ်စေ လွန်စွာမှပင် လွယ်လင့်တကူ ဆက်သွယ်လာနိုင်ပြီလည်း ဖြစ်သည်။ သို့သော် အနီးအနားတွင် ရှိနေသည့် သူများနှင့်တော့ စကားပင် များများစားစား မပြောဖြစ်တော့သည့် အခြေအနေတစ်ခုဆီသို့ ရောက်ရှိလာလျက်ရှိ၏။ သို့တည်းမဟုတ် ရောက်ရှိသွားခဲ့ပြီးလည်း ဖြစ်သည်ဟု ဆိုနိုင်မည်လည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြုသူတိုင်းနီးပါး၌ Facebook အကောင့် ကိုယ်စီ ရှိကြသည်။ မိမိတို့၏ ရင်းနှီးသူများနှင့် ဆက်သွယ်ရန်၊ မိမိတို့၏ ခံစားမှုများ၊ ဖြစ်ပျက်နေသည့် အကြောင်းအရာများကို ရေးသား တင်ရှိရန် စသည်ဖြင့် အမျိုးမျိုးသော အသုံးချမှု ပုံစံများဖြင့်  Facebook ကို အသုံးပြုကြသည်။ Facebook ပေါ်၌လည်း ပြင်ပလောကနှင့် ခပ်ဆင်ဆင်တူသည့် လောကကြီးတစ်ခု ရှိနေ၏။ ထိုလောကသည် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုကျော် ကြာခဲ့ပြီ ဖြစ်ပြီး အမေရိကန်နိုင်ငံတွင် စတင် မွေးဖွားခဲ့သည့်  သူသည် ၁၅ နှစ်သားအရွယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဆယ်ကျော်သက်အရွယ် Facebook နှင့် မြန်မာနိုင်ငံသည် ခင်မင်မှုသက်တမ်း ဆယ်နှစ်ကျော်အတွင်း အမှတ်တရ အဖြစ်အပျက်များစွာကို ဖန်တီးခဲ့ပြီး အခြေအနေများစွာကို ဆက်လက် ဖန်တီးလျက် ရှိနေပေသည်။        

Most Read

Most Recent