တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး NCA အဆင့်သို့ တက်လှမ်း၍ စစ်မှန်ပြီး ရေရှည်တည်တံ့ ခိုင်မြဲသော ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သဝဏ်လွှာပေးပို့

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး NCA အဆင့်သို့ တက်လှမ်း၍ စစ်မှန်ပြီး ရေရှည်တည်တံ့ ခိုင်မြဲသော ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သဝဏ်လွှာပေးပို့
ရှမ်းပြည်နယ် (အရှေ့ပိုင်း) အထူးဒေသ (၄) ငြိမ်းချမ်းရေးနှစ် (၃၀) ပြည့် အထိမ်းအမှတ်ပွဲကို မိုင်းလားမြို့ ငြိမ်းချမ်းရေး ရင်ပြင်တွင် ဇွန် ၃၀ ရက်က ကျင်းပစဉ်  (ဓာတ်ပုံ-ဆန်းမိုးထွန်း)
ရှမ်းပြည်နယ် (အရှေ့ပိုင်း) အထူးဒေသ (၄) ငြိမ်းချမ်းရေးနှစ် (၃၀) ပြည့် အထိမ်းအမှတ်ပွဲကို မိုင်းလားမြို့ ငြိမ်းချမ်းရေး ရင်ပြင်တွင် ဇွန် ၃၀ ရက်က ကျင်းပစဉ် (ဓာတ်ပုံ-ဆန်းမိုးထွန်း)
Published 30 June 2019
မင်းနိုင်စိုး

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အဆင့်သို့ တက်လှမ်း၍ စစ်မှန်ပြီး ရေရှည်တည်တံ့ ခိုင်မြဲသော ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရန် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။

၂၀၁၉ ခုနှစ် ဇွန် ၃၀ ရက်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထူးဒေသ (၄)၊ မိုင်းလားတွင် ပြုလုပ်နေသည့် အထူးဒေသ (၄) နှစ် ၃၀ ပြည့် အထိမ်းအမှတ် ပွဲတော်သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာ ပေးပို့ခဲ့ပြီး အဆိုပါ သဝဏ်လွှာတွင် ထိုသို့ တိုက်တွန်းထားခြင်း ဖြစ်သည်။

အထူးဒေသ (၄)၊ မိုင်းလား အပါအဝင် NCA လက်မှတ် ရေးထိုးရန် ကျန်ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံး ငြိမ်းချမ်းရေး ညီလာခံ စားပွဲဝိုင်းတွင် ပါဝင်လာရေး နိုင်ငံတော်အစိုးရက တံခါး အမြဲတမ်း ဖွင့်လှစ်ထားကြောင်း၊ နှစ်ဦးနှစ်ဖက် အပြန်အလှန် စောင့်ထိန်းမှုဖြင့် လက်ရှိ တည်ဆောက်ထားသော ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်အဆင့်မှ NCA အဆင့်သို့ တက်လှမ်း၍ ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေး နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များ အပြည့်အဝ ရှိသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရာတွင် ရရှိထားသည့် တည်ငြိမ်အေးချမ်းမှုကို ရေရှည် ခိုင်ခိုင်မာမာ ထိန်းသိမ်းထားနိုင်ပြီး တိုင်းရင်းသားများ၏ အခွင့်အရေးများ၊ လိုလားချက်များကို ဖော်ဆောင် ပေးနိုင်မည့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရန် လိုအပ်နေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

ထိုသို့သော အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကျင်းပလျက် ရှိသဖြင့် အထူးဒေသ (၄)၊ မိုင်းလားအနေဖြင့် NCA တွင် ပါဝင် လက်မှတ်ရေးထိုးပြီး နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်များနှင့်အညီ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို အတူတကွ ဖော်ဆောင်ရန် ဖိတ်ခေါ်ပါသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အထူးဒေသ (၄)၊ မိုင်းလား ဒေသခံ တိုင်းရင်းသား ပြည်သူများ၏ ရင်တွင်းစကားသံများ၊ သဘောထား အမြင်များကို အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ မှတစ်ဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ အစည်းအဝေးများတွင် ဖက်ဒရယ် အခြေခံမူများအဖြစ် ရရှိအောင် ကြိုးပမ်းရန် အချိန်ရောက်ပြီ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် အထူးဒေသ (၄)၊ မိုင်းလား ခေါင်းဆောင်များနှင့်တကွ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အားလုံး စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးကြပါရန် အလေးအနက် ဆန္ဒပြု တိုက်တွန်းကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

လွန်ခဲ့သော နှစ် ၃၀ က စတင်၍ ယနေ့အချိန်အထိ အထူးဒေသ (၄) ၊ မိုင်းလား အနေဖြင့် နိုင်ငံတော်အစိုးရနှင့် လက်တွဲကာ ငြိမ်းချမ်းရေး လမ်းစဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲပြီး နှစ်ဦးနှစ်ဖက် အပြန်အလှန် လေးစား စောင့်ထိန်း၍ တည်ငြိမ်အေးချမ်းမှုကို ရရှိထားပြီ ဖြစ်ကြောင်း အဆိုပါ သဝဏ်လွှာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ယခုအခါ တည်ငြိမ်အေးချမ်းမှုကြောင့် ရရှိလာသည့် ဒေသ ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များကို အထူးဒေသ (၄)၊ မိုင်းလားအတွင်းရှိ တိုင်းရင်းသား ပြည်သူများ ခံစားနေရသည်ကို မြင်တွေ့ရ၍ ဝမ်းမြောက်ကြောင်း၊ အထူးဒေသ (၄)၊ မိုင်းလား ခေါင်းဆောင်များ နှင့် တိုင်းရင်းသား ပြည်သူတို့၏ ငြိမ်းချမ်းရေး နှင့် ဒေသဖွံ့ဖြိုးရေးအပေါ် ထားရှိသည့် စိတ်ရင်းစေတနာ အမှန်ကို မြင်တွေ့ရသည့် အတွက်လည်း ဝမ်းမြောက်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။                      

Most Read

Most Recent