ပရော်ဖက်ရှင်နှစ်ခု အပြိုင်ဖြစ်မှုနဲ့ နန်းမွေစံရဲ့ “ဆမ” ပြဿနာ

ပရော်ဖက်ရှင်နှစ်ခု အပြိုင်ဖြစ်မှုနဲ့ နန်းမွေစံရဲ့ “ဆမ” ပြဿနာ
ဓာတ်ပုံ - နန်းမွေစံ၏ Instagram အကောင့်
ဓာတ်ပုံ - နန်းမွေစံ၏ Instagram အကောင့်
Published 16 June 2019
နရီမင်း၊ အိသဥ္ဇာကျော်

ဇွန် ၄ ရက်မှာ အသက် ၂၈ နှစ် အရွယ်ရှိတဲ့ ဆရာဝန်နဲ့ မော်ဒယ်နန်းမွေစံ က Follower ၅၀၀,၀၀၀ လောက်ရှိတဲ့ သူ့ရဲ့ Facebook အကောင့်မှာ မြန်မာနိုင်ငံ ဆေးကောင်စီက သူ့ရဲ့မော်ဒယ်အဖြစ်နဲ့ လူမှုမီဒီယာတွေမှာ တင်ခဲ့တဲ့ ဓာတ်ပုံတွေကြောင့် သူ့ဆေးကုသခွင့် လိုင်စင်ကို ရုပ်သိမ်းလိုက်ကြောင်း ထုတ်ပြန်တဲ့စာကို ဖော်ပြခဲ့ပါတယ်။

ဆေးကောင်စီရဲ့ ထုတ်ပြန်ချက်မှာ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနဲ့သင့် လျော်မှုမရှိတဲ့ ဝတ်စားဆင်ယင်မှုတွေနဲ့ Facebook ပေါ် ဓာတ်ပုံတွေ တင်ထားတဲ့ ဒေါက်တာနန်းမွေစံဟာ အဲဒီဓာတ်ပုံတင်ခြင်း ကိစ္စတွေ ဆက်လက် ဆောင်ရွက်ခြင်း မပြုပါ ဆိုပြီး မြန်မာနိုင်ငံ ဆေးကောင်စီမှာ ဇန်နဝါရီ ၁၄ ရက်က ကတိကဝတ် ပြုခဲ့ပေမဲ့ ကတိကဝတ်ပြုခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နောက်ပိုင်း သုံးလကျော်တဲ့အထိ ထပ်ပြီး အဲဒီဓာတ်ပုံတွေအပြင် မြန်မာ့ယဉ်ကျေးမှုနဲ့ သင့်လျော်မှုမရှိတဲ့ ဝတ်စားဆင်ယင်မှုနဲ့ Facebook ပေါ် Video တွေပါ တင်တာကို ဆက်လက် လုပ်ဆောင်နေတာ တွေ့ရှိရတဲ့အတွက် မတ် ၃၁ ရက်မှာ ကျင်းပတဲ့ မြန်မာနိုင်ငံ  ဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့  ၅/၂၀၁၉ အစည်းအဝေး ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံ ဆေးကောင်စီဥပဒေ အခန်း (၁၂)၊ ပုဒ်မ(၄၅)၊ ပုဒ်မခွဲ(ဃ) နဲ့အညီ ဒေါက်တာနန်းမွေစံကို အမိန့်စာထုတ်ပြန်တဲ့ နေ့ကစပြီး သူ့ရဲ့အထွေထွေ ဆေးကုသခွင့် လိုင်စင်ကို ပိတ်သိမ်းလိုက်ကြောင်း ပါရှိပါတယ်။

ဒါနဲ့ပတ်သက်ပြီး နန်းမွေစံက “ဆမကိစ္စနဲ့ ပတ်သက်လို့ လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက သတိပေးတယ်ဆိုတဲ့  စာရွက်တွေရတယ်။ ခံဝန်ကတိ လက်မှတ်ထိုးခိုင်းတာတွေပေါ့။ တကယ်တော့ ကျွန်မကလည်း တကယ်အဲလိုလုပ်မယ်လို့ မထင်မိဘူးပေါ့။ သူကပုံတွေလည်း ပြန်ဖျက်ခိုင်းတယ်။ ဗီဒီယိုတွေလည်း ဖျက်ခိုင်းတယ်။ ကိုယ့်ရဲ့ Social Media က Personal သုံးတာဆိုတော့ ဖျက်ခိုင်းတာတွေကို မဖျက်ဘူး။ အသစ်လည်း ထပ်မတင်ပါဘူး။ ကျွန်မ ၀ါသနာပါတဲ့ Facebook အကောင့်တောင် မသုံးတော့ဘူး။ ဒါပေမဲ့ Instagram တို့ Page တို့မှာပဲ ပုံတွေ၊ ဗီဒီယိုတွေ တင်ပါတယ်။ သူတို့တွေက အဲဒါကို စောင့်ကြည့်နေတာပေါ့။ သူတို့ပြောတဲ့အတိုင်း ကတိကဝတ် ပေးခဲ့တဲ့အတိုင်း ဆက်မလုပ်လို့ဆိုပြီး ဆမ ပိတ်သိမ်းလိုက်ပါတယ်ဆိုပြီး အိမ်ကိုစာရောက်လာတယ်” လို့ ပြောပြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လူမှုမီဒီယာတွေ (အထူးသဖြင့် Facebook မှာ) ဝေဖန်သံတွေ ဆူညံခဲ့ပါတယ်။ တချို့က ဒီကိစ္စဟာ လူ့အခွင့်အရေး ချိုးဖောက်တာလို့ဆိုပြီး တချို့ကတော့ လုပ်ငန်းဆိုင်ရာ ကျင့်ဝတ်နဲ့ ကြည့်ရင် ဆေးကောင်စီရဲ့ ဆုံးဖြတ်ချက်က မှန်တယ်လို့ ဆိုကြပါတယ်။

အလုပ်သမား ဆေးရုံကြီးက အရိုးအထူးကုဆရာဝန်ကြီး ဒေါက်တာ တင်မင်းထွန်းက “ဆေးကောင်စီက သတ်မှတ်ထားတဲ့ ဥပဒေတွေရှိတယ်။ လိုင်စင်ကို ပြန်လည်ရုပ်သိမ်းပိုင်ခွင့်ရှိတယ်ဆိုတဲ့ အချက်တွေထဲမှာ ဆရာဝန်တစ်ဦး လိုက်နာရမယ့် ကျင့်ဝတ်သိက္ခာနဲ့အညီ လိုက်နာစောင့်ထိန်းမှု မရှိခြင်းဆိုတဲ့ အချက်ပါပါတယ်။ အဲဒီအချက်နဲ့ မညီဘူးဆိုပြီး သူ့ကိုဆမလိုင်စင် သိမ်းလိုက်တာပေါ့။ ဆရာဝန်တစ်ယောက် အမြင်အရဆိုရင် ဆေးကောင်စီက သူ့ရဲ့စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်တာမို့လို့ မှန်ကန်တယ်လို့ ပြောလို့ရပါတယ်။ လူပုဂ္ဂိုလ် အမြင်အရဆိုရင် သူ့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်အရ လုပ်တာကိုတော့ ဘာမှပြောစရာ အကြောင်းမရှိပါဘူး။ လတ်တလော ဆရာဝန် အသိုင်းအဝိုင်းမှာတော့ အမြင်အမျိုးမျိုးတော့ ရှိတာပေါ့။ များသောအားဖြင့် လူငယ်ဆရာဝန် တွေကတော့ နန်းမွေစံ လုပ်တာမှန်တယ်။ ဆေးကောင်စီက ဒါမျိုးမလုပ်သင့်ဘူး။ သူ့ရဲ့လွတ်လပ်ခွင့်ကို ထိပါးတယ်ဆိုပြီး ပြောကြတယ်။ ကျွန်တော်တို့ လူလတ်ပိုင်းနဲ့ လူကြီးပိုင်း အများစုကတော့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေ ဆရာ့ဆရာကြီးတွေရဲ့ သင်ကြားပြသမှုတွေနဲ့ ဆေးကောင်စီရဲ့ လုပ်ရပ်က မှန်တယ်လို့ မြင်ပါတယ်။ နောက်တစ်ခုက သူနားမလည်တာတစ်ခုက သူ့ကိုလူ့အခွင့်အရေး ပိတ်ပင်တာမျိုး မဟုတ်ဘူး။ သူ့ကို မလုပ်နဲ့လို့ တားတာမျိုး မဟုတ်ဘူး။ လူ့အခွင့်အရေးအရ သူ့မှာ လုပ်ပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ ဆရာဝန်တစ်ယောက်အနေနဲ့ မလုပ်သင့်တဲ့ အတွက်ကြောင့် မလုပ်ပါနဲ့၊ ဒီလို လုပ်ရင် ဆမပြန်သိမ်းရပါလိမ့်မယ်လို့ ဆေးကောင်စီက သူ့ကိုသတိပေးတာ။ သူကလည်း ခံဝန်ကတိထိုးထားတဲ့ ကြားထဲကမှ ထပ်လုပ်တဲ့အတွက်ကြောင့် သူ့ကို ဆေးကောင်စီက ဆမ သိမ်းလိုက်တာပါ။ လူ့အခွင့်အရေး ချိုးဖောက်တာ မပါပါဘူး။ သူ့ရဲ့အနေအထိုင် အပြုအမူတွေ ပြန်ထိန်းသိမ်းမယ်။ ဆရာဝန် တစ်ယောက်အနေနဲ့ ကျင့်ဝတ်သိက္ခာနဲ့အညီ ပြန်နေမယ်ဆိုရင်တော့ ဆမကို ဆေးကောင်စီက ပြန်ပေးသင့်ပါတယ်။ ဆရာဝန် အလုပ်ကိုလည်း မြတ်မြတ်နိုးနိုးနဲ့ လုပ်သွားမယ် ဆိုရင်ပေါ့။ ဆမပြန်အပ်ပြီး အနုပညာ အလုပ်တွေ လုပ်နေတဲ့ သူတွေလည်း အများကြီး ရှိတာပဲလေ” လို့ ဆိုပါတယ်။

ဒါပေမဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ မောင်ဆောင်းခကတော့ “ဒါက သူ့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြစ်တယ်။ ပြီးတော့ လုပ်ငန်းခွင်တို့ ဆေးရုံပရဝုဏ်တို့မှာ လုပ်တာလည်း မဟုတ်ဘူး။ သူ့ရဲ့ သီးခြားပြင်ပအချိန်မှာ လုပ်ကိုင်ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် အဲဒီအပေါ်မှာ ဆေးကုသခွင့်လိုင်စင်ကို သိမ်းတာမျိုး လုံးဝမဖြစ်သင့်ဘူး။ ကျွန်တော့်အနေနဲ့ဆိုရင် ဒီမှာက ယဉ်ကျေးမှုဆိုတဲ့ ဘောင်ထဲမှာ ပိတ်မိနေတယ်။ ယဉ်ကျေးမှုတွေကို အလေးထားရမှာ နားလည်ပါတယ်။ ဒါပေမဲ့ တချို့ကိစ္စတွေမှာ ခေတ်အလိုက် ပြောင်းလဲမှုတွေကို ဥပဒေနဲ့ တင်းကျပ်ပြီးတော့ အတင်းအကျပ်ပဲ ယဉ်ကျေးမှုကို ဆန့်ကျင်တဲ့သူတွေကို အရေးယူရမယ် ဆိုတာမျိုးကတော့ မဖြစ်သင့်တဲ့ ကိစ္စပါ။ ယဉ်ကျေးမှုလို့ပြောရင် ကျွန်တော်တို့ မေးခွန်းထုတ်စရာတွေ အများကြီးပဲ။ ဘယ်ယဉ်ကျေးမှုကို ပြောတာလဲ။ ပုဂံယဉ်ကျေးမှုကို ပြောတာလား ပင်းယခေတ်က ယဉ်ကျေးမှုကို ပြောတာလား။ ယဉ်ကျေးမှုဆိုတာ ပြောင်းလဲနေတာပဲလေ။ မြန်မာဝတ်စုံဝတ်ပြီး လုံလုံခြုံခြုံနေမှ ယဉ်ကျေးမှုလို့ ပြောမှာလား။ ယဉ်ကျေးမှုက နေ့စဉ်နဲ့အမျှ ပြောင်းလဲနေတာ။ ယဉ်ကျေးမှုဆိုတာ ဘယ်တော့မှ တရားသေ သတ်မှတ်လို့ မရပါဘူး။ ဒီလိုမျိုး ဓာတ်ပုံတွေ ရိုက်တင်တယ်ဆိုတာ နောက်ပိုင်းမှာ ယဉ်ကျေးမှုတစ်ခုအနေနဲ့ ဖြစ်လာမှာပဲ။ ဒီအပေါ်မှာ ဥပဒေနဲ့ဖြစ်ဖြစ် မူဝါဒတွေနဲ့ဖြစ်ဖြစ် ဒဏ်ခတ်တာ အပြစ်ပေးတာက လုံးဝမလုပ်သင့်တဲ့ ကိစ္စပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

နေပြည်တော် ခုတင် ၁၀၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးက အထွေထွေရောဂါကု သမားတော် ဒေါက်တာ အောင်ကျော်သူကတော့ “ဒီကိစ္စက ဆေးကောင်စီက ဥပဒေအတိုင်း သူ့အလုပ် သူလုပ်တယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့ကတော့ ဒီကိစ္စကို ကြိုဆိုပါတယ်။ ဒါက ဒီမိုကရေစီတို့ Human Rights တို့နဲ့ ကိုင်ပြီး စောဒကတက်စရာ၊ ကန့်ကွက်စရာ မဟုတ်ပါဘူး။ Professional Dignity နဲ့ပဲ ဆိုင်ပါတယ်။ ဆေးကောင်စီက သတိပေးတော့လည်း သူကဓာတ်ပုံတွေ ထပ်မတင်ဘူးလို့ ကတိကဝတ် ပြုခဲ့တယ်လို့ ပြောတယ်။ ဒါကို မလိုက်နာဘဲ ထပ်တင်တဲ့အတွက် ဆေးကုသခွင့်လိုင်စင်ကို ပိတ်သိမ်းလိုက်တယ်ပေါ့။ ဒီမှာ ပြောစရာရှိတာက မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေအခန်း (၁၂)၊ ပုဒ်မ(၄၅)၊ ပုဒ်မ ခွဲ(ဃ) ဖြစ်တဲ့ ‘ဆရာဝန်တစ်ဦး၏ လိုက်နာရမည့် ကျင့်ဝတ်သိက္ခာနှင့်အညီ လိုက်နာစောင့်ထိန်းမှု မရှိခြင်း’ ဆိုရာမှာ ကျင့်ဝတ်တွေကတော့ ဆေးကုသတဲ့နေရာမှာ ဘာတွေလုပ်ရမယ်ဆိုတာ ပြဋ္ဌာန်းထားတာရှိပေမဲ့ သိက္ခာဆိုတာကို တိတိကျကျ ပြဋ္ဌာန်းထားတာတော့ မရှိဘူးပေါ့။ ဒါကတော့ ဆင်ခြင်တုံတရားနဲ့ ဆိုင်ပါတယ်။ ဒီကိစ္စမှာတော့ ရှင်းပါတယ်။  လိင်ဆွဲဆောင်တဲ့ပုံတွေ၊ ဗီဒီယိုတွေ Social Media မှာ တင်တော့ သိက္ခာရှိတဲ့ အပြုအမူ ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာ တော်ရုံစဉ်းစားဉာဏ် ရှိတဲ့သူဆိုရင် သိနိုင်ပါတယ်” လို့ ဆိုပါတယ်။

ဒေါက်တာအောင်ကျော်သူက ဆက်လက်ပြီး “ဒါပေမဲ့ ဆေးကောင်စီကို ကျွန်တော်တို့က ဒီထက်အများကြီး မျှော်လင့်ပါတယ်။ ဆေးကောင်စီက တရားဝင် ဆေးကုသခွင့်လိုင်စင် ကိုင်ထားတဲ့ ဆရာဝန်တွေကို ကြီးကြပ်ကွပ်ကဲ ထိန်းချုပ်နေရုံ အပြစ်ပေး အရေးယူရုံ လိုင်စင်ကြေးကောက်ရုံနဲ့ ကျေနပ်မနေဘဲ ဒီဆရာဝန်တွေကို လုပ်ငန်းခွင်မှာ လုံခြုံစွာ ဘေးကင်းစွာ အလုပ်လုပ်နိုင်ဖို့ အကာအကွယ်ပေးတာတွေ ဆရာဝန်တွေ အမှားမလုပ်ဘဲ အသရေဖျက်ခံရတဲ့ အခါတွေမှာ ထိုက်သင့်တဲ့ စစ်ဆေးမှုတွေလုပ်ပြီး ဆရာဝန်ဘက်က အမှားအယွင်းမရှိရင် ပြတ်ပြတ်သားသား ရပ်တည်ပေးတာတွေ ပြည်သူတွေအတွက် အန္တရာယ်ရှိတဲ့၊ ဆေးကုသခွင့်လိုင်စင် မရှိဘဲ ဆေးကုနေတဲ့ အပ်ပုန်း၊ ရမ်းကုတွေကို အရေးယူတာတွေ စသဖြင့် ဒီထက်ပိုမို လုပ်ဆောင်ပေးဖို့ မျှော်လင့်ပါတယ်” လို့လည်း သုံးသပ်ပြောကြား ခဲ့ပါတယ်။ 

နန်းမွေစံက သူ့ရဲ့ Facebook အကောင့်မှာ ဆေးကောင်စီက အမိန့်ကြော်ငြာစာကို တင်ခဲ့ရာမှာ အပေ မှာ What is human right? Where is democracy??? ဆိုတဲ့ စာသားတွေရေးပြီး မေးခွန်းထုတ်ထားတာ တွေ့ရပါတယ်။

ဒါနဲ့ပတ်သက်ပြီး Human Resources Manager အဖြစ် ဆယ်စုနှစ် တစ်ခုကျော် လုပ်ကိုင်ခဲ့ပြီး လက်ရှိမှာ Organization Development Consultant အဖြစ် ဆောင်ရွက်နေသူ ဦးအောင်ဖြိုးက “ကာယကံရှင် ကိုယ်တိုင်က သူ့စိတ်ကြိုက် မော်ဒယ်အလုပ်ကို အခြေပြု လူစုထားတဲ့ Page မှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဆိုတဲ့ ဝေါဟာရနှစ်ခုသုံး၊ မေးခွန်းထုတ်သွားတာက သူ့ရဲ့သိမှုနယ်ပယ် အဝန်းအဝိုင်းကို လှစ်ပြလိုက်တာပါပဲ။ မြန်မာ့လူမှုနယ်ပယ်မှာ ဆေးကုသပေးသူတွေကို သမားအရာ ထားကြတာပါ။ သမားတစ်ဦးမှာ ရှိသင့်ရှိထိုက်တဲ့ Technical Inputs ကို စာတွေ့၊ လက်တွေ့တွေနဲ့ ဖြည့်ဆည်းရသလို၊ Social Community Skills မှာလည်း ရှောင်ကြဉ်ရမယ့် Don’t (s) တွေ ရှိပါတယ်။ အဲဒါကိုက Professional Ethic ပါပဲ။ နယ်ပယ်အလိုက် ရှိနေ၊ ကျင့်ဆောင် နေကြတဲ့ သမားကျင့်ဝတ်၊ ဆရာကျင့်ဝတ်၊ စစ်သည်ကျင့်ဝတ် တွေကို Human right ဆိုတဲ့ ပေတံနဲ့ နေရာတကာ လိုက်ထောက်လို့ မရပါဘူး။ ဒါကို တစ်ကမ္ဘာလုံးက Professional တွေ သိပြီး၊ လက်ခံပြီးသားပါ။ ကျွန်တော်တို့ဆီက ဆိုရှယ်မီဒီယာရေချိန်က အားလုံးသတိပြုမိတဲ့အတိုင်း like က သတ်သတ်၊ အမှန်က သတ်သတ်ဆိုတာ သတိပြုမိမှာပါ။ တစ်ခါနယ်ပယ် တစ်ခုမှာ Pro အဖြစ် သွားချင်ပြီဆိုရင် သက်ဆိုင်ရာပုဂ္ဂိုလ် တစ်ဦးချင်းစီရဲ့ ဉာဏ်ရည်ပြကိန်း (Intelligent Quotient)၊ ခံစားမှုပြကိန်း (Emotional Quotient) သာမက ဓလေ့အညွှန်းကိန်း (Cultural Quotient) ကိုပါ ကြည့်ပြီး ခန့်အပ်စီမံကြတဲ့ခေတ်ပါ။ M.B; B.S ဘွဲ့ယူနိုင်ခဲ့တာ IQ အညွှန်း အဓိကပဲ။ တစ်ခါ ဒီနယ်ပယ်မှာ ဆရာဝန် တစ်ယောက်အဖြစ် အောင်မြင်ချင်ရင်တော့ EQ ပါလာပြီ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပေါင်းစပ်နိုင်တာ၊ လူမမာအပေါ် ကိုယ်ချင်းစာ ခံစားတတ်တာတွေ ပါလာပြီ။ ခုရုပ်သိမ်းခံရတဲ့ ဆမကိစ္စ CQ ပါပဲ။ ဟောဒီအဝန်းအဝိုင်းက ဟောဒီသမားတာဝန်ထမ်းသူဟာ ဘယ်လိုဓလေ့၊ ဘယ်လိုအကျင့်၊ ဘယ်ကဲ့သို့ နေထိုင်ပုံမျိုး ဖြစ်ရမယ်လို့ ပြဋ္ဌာန်းတာ ဖြစ်ပါတယ်။ ဒါကို မလိုက်နာနိုင်ရင် ဒီအဝန်းအဝိုင်းမှာ မနေရုံပါပဲ။ ခုလို ရှင်းရှင်းပြတ်ပြတ် မမြင်ဘဲ အင်္ဂလိပ်စာလုံးအသစ် တွေ့တိုင်း တတွတ်တွတ် ထရွတ်၊ Import လုပ်နေသမျှတော့ Talented Citizen ပေါများလာဖို့ အဝေးကြီး၊ Institution တွေ ခိုင်မာဖို့ အဝေးကြီး၊ ဒီမိုကရေစီက အညှောင့်တောင် မပေါက်နိုင် ဖြစ်သွားမှာပေါ့ဗျာ” လို့ ဆိုပါတယ်။

နန်းမွေစံကတော့ သူ့ရဲ့ပရော်ဖက်ရှင်နယ်နှစ်ခု အပြိုင်ဖြစ်နေတာနဲ့ ပတ်သက်ပြီး “Personal ကို ထိခိုက်သလို  ခံစားရလို့ ကျွန်မ စိတ်မကောင်း ဖြစ်သွားတယ်။ ဆေးကောင်စီကို ကိုယ်တိုင်သွားပြီး ဆရာကြီးတွေကို တောင်းပန်မယ်။ အသနားခံစာတင်လို့ ရမယ်ဆိုရင် တင်ပါမယ်။ ဒါပေမဲ့ ကျွန်မအနုပညာ အလုပ်ကတော့ ဆက်လုပ်မှာလေ။ မလုပ်နဲ့လို့ ပြောရင်တော့ အဆင်မပြေတော့ဘူးပေါ့။ အဲဒီအခါကျရင် ယာယီ အပ်ထားရမှာပေါ့။ ယာယီအပ်ပြီး တစ်ချိန်ကျရင် ပြန်လည်အသုံးပြုခွင့်ပေးဖို့ လျှောက်ကြည့်မယ်လို့ စဉ်းစားထားပါတယ်။ အချိန်ကာလ တစ်ခုအထိပေါ့။ လက်ရှိကတော့ ဆေးမကုပါဘူး။ ၂၀၁၇ ခုနှစ်အထိတော့ INGO အဖွဲ့တစ်ခုက ငှက်ဖျားစီမံကိန်းမှာ တစ်နှစ်ခွဲလောက် လုပ်ခဲ့ပါတယ်။ အိမ်မှာတော့ ဆေးခန်းရှိပေမဲ့ ကျွန်မ မထိုင်ပါဘူး။ အခုလက်ရှိ သူတို့ မပေးချင်လို့ ပြန်အပ်ထား ဆိုရင်လည်း အပ်ထားမယ်။ လုံးဝ ပိတ်သိမ်းလိုက်တာမျိုး မဟုတ်ဘဲ ယာယီအပ်ထားတာမျိုးလေး ဖြစ်စေချင်ပါတယ်။ လက်ရှိ အနုပညာ အလုပ်ကို လုပ်တယ်။ ဆရာဝန် အလုပ်တော့ မလုပ်ဘူး။ ဆရာဝန် အလုပ်နဲ့လည်း စီးပွားရှာနေတာ မဟုတ်ဘူး။ အစိုးရဝန်ထမ်းလည်း မလုပ်တဲ့အတွက် ဆရာဝန်တွေရဲ့ Image ကို ဘာမှထိခိုက်မှု မရှိဘူးလို့လည်း မြင်ပါတယ်” လို့ ဆိုပါတယ်။

အဲ့ဒီလို ပရော်ဖက်ရှင်နယ်နှစ်ခု အပြိုင်ဖြစ်မှုကို ဦးအောင်ဖြိုးကတော့ “ပထမဆုံး ကျွန်တော်တို့ မမေ့မလျော့ စဉ်းစားထိုက်တာ ပရိုတွေရဲ့ ရွှေစည်းမျဉ်းပါ၊ အဲဒီမှာ ကိုးချက်၊ ဆယ်ချက် အစရှိသဖြင့် ကွဲလွဲမှုနည်းနည်းရှိပေမဲ့ မိမိအဖွဲ့အစည်း အတွင်းနဲ့ ပြင်ပဖောက်သည်အတွက် ယုံကြည်ထိုက်သူ (Be trustworthy) နဲ့ ဆိုင်ရာအသက်မွေးမှု နယ်ပယ်အတွက် နမူနာကောင်း (Set good examples) ဆိုတဲ့ အဓိက နှစ်ချက်ကတော့  မလွဲမသွေ ကျင့်ကြံရမှာပါ။ ဒီတော့ ဆမအသိမ်းခံရသောသူနဲ့ ဓာတ်ပုံမော်ဒယ် လုပ်သောသူ ကျွန်တော် ခွဲမြင်ပြပါ့မယ်။ ဆေးကုသခွင့် တရားဝင် ခွင့်ပြုခံထားရတဲ့ ဆရာဝန်မတစ်ဦး အနေနဲ့ နန်းမွေစံဟာ ခုကျွန်တော် ညွှန်းခဲ့တဲ့ အခြေခံအကျဆုံး Professional Ethic နှစ်ခုနဲ့ ငြိစွန်းနေတာကို တွေ့ရပါလိမ့်မယ်။ တစ်ခါ ကျွန်တော်သာ ရုပ်ရှင်ကုမ္ပဏီတစ်ခု ဒါမှမဟုတ် မော်ဒယ်အေဂျင်စီ တစ်ခုရဲ့ H.R. Manager ဆိုရင်တော့ သူ ဆမရှိခြင်း၊ မရှိခြင်းဟာ ကျွန်တော်တို့ သူ့ကိုသုံးမယ့် အပြ၊ အလှ၊ အရွယ်တည်းဟူသော Performance Criteria မှာ ထည့်တောင် စဉ်းစားဖြစ်မယ် မဟုတ်ပါဘူး။ ဆေးကောင်စီဟာ တိုင်းပြည်တစ်ခုမှာ ရှိကိုရှိရမယ့် Institution တစ်ရပ်ပါ။ သူတို့ ဒီဆမရုပ်သိမ်းပုံ ပြန်ကြည့်တဲ့ အခါမှာလည်း အဆင့်အလိုက် Relax လုပ်သွားတာမျိုး မြင်ရပါတယ်။ ရုပ်သိမ်းခံ ကာယကံရှင်အနေနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ဒီရုံးစာတင်ပြီး ဒီမိုကရေစီလားလို့ မေးခွန်း မေးတာကိုက အမှားထပ်ဖြစ်တဲ့အပြင် ယူထားတဲ့ဘွဲ့နဲ့ လျော်ညီတဲ့ ဆင်ခြင်တုံတရား အရှိအတွက် ဝေဖန်ခံရတော့တာပါ။ နောက်ဆုံးချုပ်ရရင်တော့ဗျာ၊ ခုအချိန်မှာသူ့ကို ကျွန်တော်သာ ဆေးလောကရဲ့ H.R. ဆိုရင် ဆရာဝန် တစ်ယောက်အဖြစ် အလုပ်မခန့်နိုင်ဘဲ ကျွန်တော်သာ မော်ဒယ်နဲ့ သရုပ်ဆောင်လောကရဲ့ R.R. ဆိုရင် ဘွဲ့နဲ့တကွ ပေးလျော်စရာများ (ရှိခဲ့ရင် ရှင်းအောင် Clearance) လုပ်စေပြီး အဲဒီအေဂျင်စီထဲ ကြိုဆိုမှာပါ။ ဒါဟာ ပရော်ဖက်ရှင်နယ် သဘောတရား စစ်စစ်ပါပဲ” လို့ ရှင်းပြပါတယ်။

နောက်ဆုံးအနေနဲ့ နန်းမွေစံက “ကျွန်မရဲ့ ဖေ့စ်ဘုတ်အကောင့်တွေမှာ ကျွန်မအနုပညာလုပ်တဲ့ သက်တမ်းတစ်လျှောက် ကိုယ့်ကိုယ်ကိုယ် ဆရာဝန်ဆိုပြီး တစ်ခါမှ မပြောဘူး။ ဒေါက်တာနန်းမွေစံ ဆိုပြီးလည်း နာမည်မတပ်ဘူး။ ကျွန်မနာမည် နန်းမွေစံလို့ပဲ တပ်ထားတာပါ။ ကျွန်မအနေနဲ့ ကျွန်မဘက်က နေပေးတဲ့ ပရိသတ် အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မကို နားလည်ပေးပါလို့ပဲ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။

 

Most Read

Most Recent