အစိုးရနှင့် မြောက်ပိုင်း မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တွေ့ဆုံဆွေးနွေးနိုင်ရေး နေရာအတည်ပြုပြီးမှသာ တွေ့ဆုံဆွေးနွေးမည့်ရက် ပြန်လည်ညှိနှိုင်းမည်

အစိုးရနှင့် မြောက်ပိုင်း မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တွေ့ဆုံဆွေးနွေးနိုင်ရေး နေရာအတည်ပြုပြီးမှသာ တွေ့ဆုံဆွေးနွေးမည့်ရက် ပြန်လည်ညှိနှိုင်းမည်
Published 29 May 2019

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ လေးဖွဲ့တို့ တွေ့ဆုံဆွေးနွေးနိုင်ရေး လက်ရှိအချိန်အထိ နေရာညှိနှိုင်း မရသေးဘဲ နေရာအတည်ပြုပြီးမှသာ တွေ့ဆုံဆွေးနွေးမည့်ရက်ကို ပြန်လည်ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးဆန်းအောင်က ပြောကြားသည်။

မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ လေးဖွဲ့ဖြစ်သည့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)၊ တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့သည် အစိုးရနှင့် ပဏာမ အပစ်အခတ်ရပ်စဲရေး နှစ်ဖက်သဘောတူစာချုပ် (Bilateral Casefire Agreement) ချုပ်ဆိုနိုင်ရေး ဆွေးနွေးရန် မူလက မေ ၂၄ ရက်နှင့် ၂၅ ရက်ကို နှစ်ဖက်သဘောတူထား ခြင်းဖြစ်သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးမည့်ရက်ကို နှစ်ဖက်သဘောတူ ခဲ့သော်လည်း တွေ့ဆုံဆွေးနွေးကြမည့် နေရာနှင့် ပတ်သက်၍ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ညှိနှိုင်းမရ ဖြစ်ခဲ့သည့်အတွက် ယခုအချိန်အထိ တွေ့ဆုံဆွေးနွေးနိုင်ခြင်း မရှိသေးဘဲ ဖြစ်နေသည်။

“ကျွန်တော်တို့ ညှိနှိုင်းနေပါတယ်။ အခုချိန်အထိတော့ ညှိနှိုင်းလို့မရသေးဘူး။ အခုတော့ နေရာကို အရင်ညှိနှိုင်း နေကြပါတယ်။ နေရာညှိနှိုင်းလို့ အတည်ပြုပြီးသွားမှပဲ တွေ့ ဆုံဆွေးနွေးမယ့်ရက်ကို ပြန်ညှိနှိုင်းမှာပေါ့” ဟု PCG မှ ဦးဆန်းအောင်က ပြောကြားသည်။

အစိုးရ၏ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ လေးဖွဲ့တို့ ပြီးခဲ့သည့် ဧပြီ ၃၀ ရက်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ လေးဖွဲ့က ပဏာမ အပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်းများကို အစိုးရထံ ပေးပို့ခဲ့သည်။

ထို့ကြောင့် အစိုးရနှင့် မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ လေးဖွဲ့တို့ ညှိနှိုင်းမှုများ ပြေလည်ပြီး တွေ့ဆုံဆွေးနွေးဖြစ်ပါက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက တင်ပြထားသော ပဏာမ အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းများအား ဆွေးနွေးခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း PCG ထံမှ သိရသည်။

၎င်းတို့ တင်ပြထားသည့် ပဏာမ အပစ်အခတ်ရပ်စဲရေး အဆိုပြုမူကြမ်းတွင် အပစ်အခတ်ရပ်စဲရေးကို လက်တွေ့ကျကျ ဆောင်ရွက်နိုင်မည့် အခြေခံ အကြောင်းအရာများ ဖြစ်သော တပ်နေရာချထားရေး၊ နယ်မြေအပိုင်းအခြား၊ နိုင်ငံရေး ဆွေးနွေးနိုင်မည့် ပုံစံနှင့် အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ချိန်တွင် ကြားဝင်စောင့်ကြပ် ကြည့်ရှုပေးမည့် အဖွဲ့ကို မည်သို့ ဖွဲ့စည်းမည် စသည့်အကြောင်းအရာများကို ထည့်သွင်း အဆိုပြုထားကြောင်း TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်က The Daily Eleven သို့ ပြောကြားထားသည်။

Most Read

Most Recent