မိုးဦးလေဦးကျဆိုတော့

မိုးဦးလေဦးကျဆိုတော့
Photo : aliceandkevin
Photo : aliceandkevin
Published 24 May 2019
မင်းချောမြင့်



မိုးဦးလေဦးလေး ကျပြီဆိုတော့ သတိရ စရာတွေ အစီအရီပေါ်လာတော့တာပဲ။ ရွာ ဦးကျောင်းက လော်စပီကာကြီးနဲ့ သုမောင် သီချင်းတွေ ဖွင့်ပြီ။ ကိုရင်ကြီးက ဓာတ်စက် ဖွင့် သိပ်ကောင်းတာ။ သူ ဖွင့်ရင် တခြားသူ တွေထက် နားထောင်လို့ ကောင်းတယ်။ ဟက် ထိတယ်ဆိုတာမျိုးပေါ့။ ဂုဏ်ကြီးသူတို့၊ ဘာတို့ ဖွင့်ရင် ရင်ထဲမှာ ဆွေးဆွေးကြီးဖြစ်ရတယ်။ ဝတ္ထုတွေထဲက ကောင်မလေးတွေရော၊ အပြင်မှာရှိတဲ့ သူတွေရော အကုန်လုံး လွမ်းပစ် လိုက်တော့တာပဲ။ အညာမိုးက မြေရနံ့သင်း တယ်။ မိုးဦးလေဦးဆိုတော့ မိုးသားသိပ်မပါ ဘူး။ ဖုန်သိပ်အောင်ပဲ ရွာတာ။ ရင်ထဲတော့ အေးသွားတာပဲ။ ရွှေမန်းတင်မောင်ဇာတ်ထုပ် တွေဘာတွေ ဖွင့်ပြီဆိုရင်တော့ တောပဲထွက် ချင်တာလိုလို ဘာလိုလိုတွေတောင် ဖြစ်ရ တယ်။ အဆိုအငိုလည်း တယ်ကောင်းတာကိုး။ ငယ်ငယ်တုန်းကတော့ ကိုယ်လည်း ရော့ခ် သီချင်းတွေပဲ ကြိုက်တာ။ Heavy Metal ပေါ့။လူငယ်ဘဝကို ပေါက်ကွဲပစ်လိုက်ဖို့ပေါ့။ ခုတော့ မြန်မာသံစဉ်မိုနိုလေးတွေပဲ နားထောင်ချင်တော့တယ်။ မဟဲဗီးချင်တော့ဘူး။ မြန်မာ သံစဉ်ဆိုပေသိ တီးတာ မှုတ်တာတွေက အနောက်တိုင်း တူရိယာတွေပါ။ ဘာလို့ မြန်မာ သံစဉ်ခေါ်သလဲလို့တော့ စဉ်းစားမိတာ အများကြီးပဲ။

မိုးလေးနူးအောင်ရွာပြီဆိုရင်တော့ အရင်နှစ်က မြေပဲစိုက်တဲ့ အကွက်တွေက ပဲအ စို့လေးတွေ ထွက်ပြီ။ ပဲညှောင့်လေးတွေ တူး ဖို့ရော၊ ဖွတ်လေး၊ ပဒပ်လေးလိုက်ဖို့ရော ခွေးတစ်အုပ်နဲ့ တောထဲထွက်ပြီ။ ဖားရရင် ပျော်ပြီ။ ယာထဲက ခွေးတောက်ပင်က ခွေးတောက် ရွက်တွေတောင် နုနေလောက်ပြီ။ ပဲညှောင့်တွေ လွယ်အိတ်တစ်လုံးစာလောက် ရပြီဆိုရင် အရီးတို့လည်း ပေးရသေးတယ်။ များရင် ပဲအချဉ်လေး ဖောက်မယ်တဲ့။ ကြက်သွန်နီလေး ပါးပါးလှီးပြီး သုပ်စားရရင် ခံတွင်းက သိပ်မြိန်တာပဲ။ ကျားဘိုတစ်သိုက် ဖွတ်ကလေး ဘာကလေး မိပြီဆိုရင်တော့ ဘာပြောကောင်းမလဲ။ ဂွတ်ပြီပေါ့လေ။ ဖွတ်သားက ဟင်းချိုချက်ရင် သိပ်ချိုတာ။ ငရုတ်သီး ထောင်းလေးနဲ့ဆို အညာဟင်းက မိုက်ပြီ။ မောမောနဲ့ သရက်သီးအကြွေလေးကောက် ၀ါး။ တစ်အိုးတစ်ခွက်စာကတော့ တောထဲတစ်ပတ်ပတ်လိုက်ရရုံပါပဲ။

ကိုယ်တတွေ ငယ်ငယ်တုန်းက ရွာမှာ သွပ်မိုးအိမ်တွေ သိပ်မရှိသေးဘူး။ မှတ်မှတ် ရရဆိုလို့ ဘုန်းကြီးကျောင်းရယ် တစ်အိမ်စ နှစ်အိမ်စပဲရှိတာ။ အများစုက သက်ကယ်မိုးတာ များတယ်။ မိုးရိပ်လေရိပ်ကလေး မြင်ပြီဆိုရင် အဆောက်အအုံအသီးသီးအတွက် သက်ကယ်တွေ မိုးကြရပြီ။ ရွာဦးကျောင်းက ဇရပ်က အစပေါ့။ ဆရာတော်ကတော့ နှီးဖြာ နည်း၊ သက်ကယ်မိုးနည်းကအစ သင်ပေးခဲ့ရှာတယ်။ အိမ်အရွယ်အစားလိုက်ပြီး သက်ကယ်မိုးတဲ့လူ ခေါ်ရတာက ကွဲသွားတယ်။ ငယ်ရင်ငယ်သလို ကြီးရင်ကြီးသလိုပေါ့။ လူများတော့ မြန်မြန်လည်း ပြီး၊ ပိုလည်း ပျော်ဖို့ ကောင်းတယ်။ လူပျိုပေါက်လည်း ဖြစ်နေပြီ ဆိုတော့ သတ္တိရှိတာလည်း ပြချင်လာတယ်။ အိမ်မိုးပြီဆိုရင် ခေါ်ရင်လိုက်တာပဲ။ အိမ်မိုးလို့ ခေါင်ချုပ်ဖို့ ခေါင်ပေါ်တက်ရပြီဆိုရင်လည်း တက်တာပဲ။ အိမ်ခေါင်ချုပ်ရတာ မလွယ်ဘူး လေ။ တချို့အိမ်တွေက အမြင့်ကြီးရယ်။ ကြောက်ကြောက်နဲ့ တက်တာပဲ။ ဇရှိကြောင်း လည်း ပြချင်နေတာကိုး။ ခေါင်ပေါ်မှာ လေး ဖြူသီချင်းတွေ ဟဲလို့ပေါ့။ ကိုယ် ခရက်နေတဲ့ သူတို့အိမ်နားဆိုရင် ပိုဆိုးတယ်။ ဖိုသံပေးရ တာပေါ့လေ။

မိုးဦးလေဦးကျဆိုပေမဲ့ မိုးက ရေရ အောင်  ရွာတာမဟုတ်ဘူး။ ပါးပါးလေးပဲ ပုတ် တာ။ ဆည်တွေ ဘာတွေ မအောင်သေးတော့ ရွာက ရေရှားတယ်။ ရွာဦးကန်ထဲမှာ ရေက မရှိတော့ဘူး။ တခြားရွာတွေမှာလည်း ရေက မရှိတော့ဘူး။ ကိုယ်တတွေရွာက တစ်ခုတော့ ကံကောင်းသေးတယ်။ မဆလခေတ်က စက် ရေတွင်းတစ်တွင်းစီ ရတယ်။ စက်ကလည်း ဂျပန်ကူဘိုတာအစစ်ပဲ။ အဲဒီခေတ်က လူတွေ က ဒီလောက် မဘုံးတတ်ကြသေးတော့ ရွာ တွေမှာရတဲ့ စက်တွေက အမှန်အကန်တွေ။ မိတ်အင် ဂျပန်ချည်းပဲ။ ဒီထက် ကောင်းတာက ကျုပ်တို့ရွာက လူကြီးတွေက စည်းကမ်းရှိ တယ်။ သေချာထိန်းသိမ်းတယ်။ စောင့်ရှောက် တယ်ပေါ့။ တခြားရွာတွေလည်း အဲဒီစက်တွေ ရတာပဲ။ တချို့က ပတ္တာကြိုး ခိုးတာလိုလို မူလီခိုးတာလိုလိုနဲ့ သုံးမရကြဘူး။ ရွာကို ရေ စည်လှည်းတွေနဲ့ ရေလာတိုက်ကြရတယ်။ လူကြီးတွေကလည်း ဒီဇယ်ဖိုးရအောင် ပိုက် ဆံတော့ ကောက်တယ်။ ရေစက်ကြီးနှိုးလို့ ရေပိုက်က ရေ စထွက်ပြီဆိုရင် ရေမှုတ်အား က ပြင်းတော့ အုတ်ကန်ထဲ သွားတဲ့ ရေပိုက်ကို လူနှစ်ယောက်သုံးယောက် ခိုရတယ်။ ကိုယ် တတွေက အဲဒီအချိန်ကို စောင့်နေတာ။ ပိုက် ကို ခိုချင်လို့လေ။ အရသာက ခုထိ တွေးရင် ပျော်စရာကြီး။ ဆော့ချင်နေတာလည်း ပါမှာ။

မိုးဦးလေဦးကျဆိုရင် ရွာတွေမှာက စားဝတ်နေရေး ကျပ်တည်းတာများတယ်။ တစ်နှစ်လုံးစာ ဆန်အိတ် ဝယ်ထားနိုင်တဲ့သူက တစ်ဦးစ နှစ်ဦးစပဲ ရှိတယ်။ တချို့လည်း နွားရောင်း လယ်ရောင်းပေါ့။ မိုးကလည်း ခေါင် တော့ စပါးက မရတဲ့နှစ်ဆို ပိုဆိုးတယ်။ချွေ ချွေတာတာ စားကြရရှာတယ်။ ထမင်းထဲ ပြောင်းတို့ လူးတို့ ရောချက်ကြတယ်။ သူဌေး ဆိုတဲ့အိမ်လည်း ဒီလိုချက်တာပဲ။ ဧည့်သည် ဆောင်သည်လာမှ ဆန်ကောင်း ဟင်းကောင်း ချက်ကျွေးတာ။ ယာထဲက ချဉ်ပေါင် အာနီသီး လေးတွေ အခြောက်လှန်းပြီး တစ်မိုးစာစု ထားရတယ်။ တောထဲတောင်ထဲကလည်း ခု ခေတ်လို ပိုးသတ်ဆေးတွေ ဘာတွေမသုံးကြ သေးတော့ ဖားငါးက ပေါတယ်။ သန့်တယ်။ ဟင်းတစ်အိုးစာများ လုပ်တတ်တဲ့သူဆိုရင် ဒူးမညောင်းဘူး ခဏလေးနဲ့ ရတယ်။ ကိုယ်တတွေက ကိုယ်ရင်ဘဝဆိုတော့ ရွာထဲမှာ ဆွမ်းခံရတယ်။ သပိတ်ထဲ ပြောင်းထမင်း လောင်းတဲ့ အရီးကို စတယ်။ ဘာလို့ ပြောင်း ထမင်း လောင်းတာလဲပေါ့။ လူတွေ ကျပ်ကြ တယ်တဲ့။ ပြောင်းဆန်ပဲ ခုကြရတယ်တဲ့။ ကိုယ် က နောက်ချင်တော့ ဂလောက်ကျပ်နေတာ ဘာလို့ ခုနေလဲပေါ့။ အရီးကတော့ ပြုံးပြုံးပဲ။ ခုတယ်ဆိုတာ ဆန်ထဲ ပြောင်းဆန်ကို ရော ချက်ရတာပါ။

ကျောင်းပြန်ရောက်တော့ ဆွမ်းဇလုံထဲ မှာ ပြောင်းထမင်းတွေချည်း။ ဆရာတော် လည်း မငြင်းနိုင်ရှာဘူး။ လွေးရတာပဲ။ ဆွမ်း ဟင်းကတော့ ရာသီအလိုက်ပေါ့။ မန်ကျည်း ရွက်ပေါ်ချိန်ဆို မန်ကျည်းရွက်တွေချည်း။ ချဉ်ပေါင်ရွက်ပေါ်ချိန်ဆို ချဉ်ပေါင်ရွက်တွေ ချည်း။ မိုးဦးလေဦးကျဆိုတော့ ပိုဆိုးပေါ့။ ဆွမ်းဟင်းက နည်းပြီ။ ဆရာတော်ကတော့ ကြက်သွန်နီဥလေး ဆီဆမ်းပြီး ဆွမ်းတစ်နပ် ပြီးကြရရှာတယ်။ ဦးပÍ္ဇင်းငယ်ကတော့ တွယ် ရတော့တာပဲ။ ဆရာတော်တောင် ဘုဉ်းပေး တာဆိုတော့ မျက်နှာမပျက်ရဲဘူး။ အာရုံဆွမ်း ဆိုရင် ပိုဆိုးတယ်။ ဆွမ်းက မလောက်ချင်ဘူး။ ကိုရင်တွေ၊ ကျောင်းသားတွေအတွက်တော့ ဆွမ်းကို ဇလုံကြီးထဲ နယ်ပြီး နည်းနည်းစီ ဝေရ တော့တာပဲ။

ဒီလို မိုးလေးတစ်ပေါက် နှစ်ပေါက်ကျ ပြီဆိုရင် ကျောင်းဝင်းထဲက သရက်သီးတွေ ခူးဖို့ ဆရာတော်က အမိန့်ပေးပြီ။ ဇီဝကမ္မ သဘောတရားလား ဘာလားတော့မသိဘူး။ ဆရာတော်က ဒီအချိန်ခူးတဲ့ သရက်သီးက တအားချိုတယ်တဲ့။ သရက်ပင်သာ စိုက်တာ ဘာမြေသြဇာမှ မသုံးဘူး။ ခူးပြီဆိုတော့ ပြင် ဆင်ရတယ်။ ခါချဉ်ကောင်တွေက အများ သား။ သရက်ပင်ပေါ် စတက်ပြီဆိုတာနဲ့ တစ် အုပ်ကြီး ဝိုင်းတွယ်ကြတော့တာ။ ဆွမ်းချက် မီးဖိုဆောင်ထဲက ပြာတစ်အိတ်ကြီး ထမ်းလာ ရတယ်။ စတက်ပြီဆိုတာနဲ့ အပင်ကို ပြာတွေ နဲ့ ပက်ရတာပဲ။ ဆွတ်မယ့်သူကိုလည်း ပြာတွေ သုတ်ထားရတာ။ ခါချဉ် မကိုက်အောင်လို့ ပေါ့။ ဒါပေမဲ့ ကိုက်တာပါပဲ။ သရက်သီးခူး တော့ ထိုးဝါးလည်း ယူရသေးတယ်။ ဒါကိုကျ တော့ ကိုရင်က သွပ်နန်းကြိုးတွေ ဘာတွေနဲ့ သေချာယက်ပြီး လုပ်ထားတာ။ စနစ်တကျပဲ။ ရလာတဲ့ သရက်သီးတွေကို ကိုရင်ငယ်တွေက တောင်းတွေနဲ့ ထည့်ပြီး သိမ်ထဲ ပို့ရတယ်။ မှည့်ဖို့အတွက် ခုခေတ်လို အန္တရာယ်များတဲ့ ဆေးဝါးတွေ သုံးနေတာမျိုး မဟုတ်ဘူး။ ကုက္ကို ရွက်တွေ ခူးပြီးတော့ ပုတ်ထဲမှာ တစ်လွှာချင်း ထည့်ရတာ။ သေချာမှည့်ပြီဆိုရင်တော့ ရနံ့က သိမ်ထဲမှာ မွှေးနေတော့တာပဲ။ ဆရာတော်က မှည့်တဲ့သရက်သီးတွေကို သပ်သပ်စီ ပုံတယ်။ ပြီးတော့ အိတ်မှာ ထည့်ပြီး လေဘယ်တွေ ထိုးတယ်။ သူ့သူငယ်ချင်း ဘယ်ကျောင်းတိုက် က ဘယ်ဆရာတော်ဆီကိုပေါ့၊ ကိုရင်ကြီး မှာ တယ်။ အလှည့်ကျတဲ့ ကျောင်းသားက သွားပို့ ပေးရတာပဲ။ ကျောင်းမှာ စားဖို့တော့ သပ်သပ် ချန်ထားသေးတာပေါ့။ ပိုတာကတော့ ဆွမ်း ချက်ကပ်တဲ့ ဒါယကာ ဒါယိကာမတွေအ တွက်ပဲ။ အလုံးအသင့်အတင့် ရွေးပြီးတော့ ဆွမ်းအိုးတွေထဲ ထည့်တယ်။ ဘုန်းကြီးကျောင်း သားတွေ ဆွမ်းဝတ်ပို့ရင် တစ်ခါတည်း လက် ဆောင်ပေးပြီးသား ဖြစ်တော့တာပေါ့။ ဆွမ်း အိုးဆိုတာကတော့ မြေအိုးပဲ။ ဆိုင်းထမ်းသေး သေးလေးနဲ့ ထည့်ရတာ။ တစ်ဖက်မှာ ဆွမ်း ထည့်ရပြီး တစ်ဖက်မှာ ဆွမ်းဟင်းထည့်ရတာ။ မြေအိုးဆိုတော့ မည်းတောင်မည်းနေတာ။ ဒါပေမဲ့ နံစော်မနေဘူး။ မီးကင်လိုက်ရင် နံ တာတွေ ပျောက်သွားတယ်။ ဟင်း မသိုးတော့ ဘူးပေါ့။ ရှေးကလူတွေလည်း စနစ်အရမ်း ကျတယ်။ ခုခေတ်တော့ စတီးချိုင့်တွေနဲ့။ လှလို့ ပလို့ပေါ့။ ဆွမ်းအိုးတွေလို မကွဲတော့ ဘူး။ ကိုယ်တတွေတုန်းက ဆွမ်းဝတ်ပို့ရင်း ရွာထဲရောက်ရင် ဆော့တော့တာကိုး။ ဆွမ်း အိုးကွဲရင်တော့ နာပြီသာမှတ်ပေတော့။ ခု ခေတ်ကလေးတွေတော့ ရိုက်ခံမထိလောက် တော့ပါဘူး။ စတီးချိုင့်တွေနဲ့ ဖြစ်သွားကြပြီ။ အရိုက်ခံရတယ်ဆိုပေမဲ့ ရက်ရက်စက်စက် ကြီးတော့လည်း မဟုတ်ဘူး။ တာဝန်ယူတတ်ရုံပဲ။ ဘယ်လောက်ရိုက်ရိုက် ရွာထဲ ရောက်ရင် အဆော့မပျက်ဘူး။ ကိုယ်တတွေ ကလေး တုန်းက လွတ်လွတ်လပ်လပ်ကို ဆော့ခွင့်ရ ခဲ့တာပါ။ ခုခေတ်ကလေးတွေကတော့ သွား တော့ ကျောင်းကားနဲ့။ ကျောင်းက ဘုန်းကြီး ကျောင်းက ဇရပ်လောက်တောင် ကျယ်တာ မဟုတ်ဘူး။

ကျောင်းတွေ ဖွင့်တော့မှာဆိုတော့ ကျောင်းထားရတော့မယ့် သားသမီးရှိတဲ့ မိဘတွေ စိတ်ပူရပြီ။ မိုးဦးကျဆိုတော့ ငွေစက ရှားတယ်။ ကျောင်းအပ်ခ ဘာညာကွိကွနဲ့ဆို တော်တော်ကုန်တယ်။ တတ်နိုင်တဲ့ မိဘက တော့ အကြောင်းမဟုတ်ပေဘူး။ မပြေလည် တဲ့ မိဘတွေကတော့ တော်တော်လုံးပန်းရ တယ်။ လယ်ပြုတ်ယာပြုတ်ခံပြီး ထားရတာ။ ဘွဲ့ရထိ ထားကြရရင် ပိုဒဏ်ခံရတယ်။ တချို့ လည်း ကျောင်းစာ စိတ်ဝင်စားပေမဲ့ မိဘက မတတ်နိုင်တော့လို့ ကျောင်းထွက်လိုက်ရတဲ့

သူတွေရှိတယ်။ စာသင်ခန်းနဲ့ဝေးရာ ထွက်ခွာ သွားကြပြီး မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်ပေးရတော့တာပဲ။ ကံလေး ကောင်း တာက မောင်ချောမိဘတွေက ကျောင်းမ ထုတ်ခဲ့ဘူး။ ကျောင်းထုတ်ပြီး ကျွဲကျောင်း နွားကျောင်း မခိုင်းခဲ့ဘူး။ သူတို့ ကျောင်းမ ထုတ်ခဲ့လို့သာ စာလေးဘာလေး မတောက်တ ခေါက်ရေးတဲ့ စာရေးဆရာလိုလို ဘာလို ဖြစ်လာခဲ့တာပေါ့။ မောင်ချောတို့ငယ်စဉ်က ရွာမှာ မူလတန်းကျောင်းတောင် မရှိဘူး။ အမေ့ဘက်က ဘဘုန်းကြီးဆီမှာ တည်းပြီး မောင်ချောတို့ရွာ နဲ့ သိပ်မဝေးတဲ့ရွာမှာ ကျောင်းနေရတယ်။ ခု ကေဂျီတန်းပေါ့။ ဘကြီးနဲ့ အမေနဲ့က လှည်းနဲ့ လိုက်ပို့တယ်။ သတိရသလောက်က မောင်ချော မပျော်ဘူး။ ကျောင်းမတက်ချင်ဘူး။ အမေတို့ ဘဘုန်းကြီး အပ်ပြီး လှည်းနဲ့ ပြန် တော့ မောင်ချော လှိမ့်ငို တော့တာ။ ဘဘုန်းကြီးလည်း ကြောက်ရသေး တယ်။ ဘဘုန်းက စည်းကမ်းကြီးပေမဲ့ မောင် ချောတော့ အလိုလိုက်တယ်။ ခုတော့ ဘဘုန်း လည်း ပျံလွန်တော်မူသွားပြီ။ မောင်ချောတို့ တော့ ဘွဲ့သာ ရခဲ့တာ ဟုတ်တိပတ်တိ ကန် တော့နိုင်ခဲ့တဲ့ အခြေအနေ မရှိခဲ့ဘူး။ မောင် ချောက ကလေးပဲ ရှိသေးတာလေ။ အမေ့ကို လွမ်းတာပေါ့။ မိုးတွေ ရွာလာပြီဆိုရင် တခြား ရွာက ဘုန်းကြီးကျောင်းပေါ်ကနေ လွမ်းလွမ်း ကြီးနဲ့ ဖြစ်နေတော့တာ။ အမောင်ကျောင်း သားတို့ ညနေ သူတို့အိမ်တွေ သူတို့ ပြန်ကြ တော့ ကိုယ်က ပြန်စရာမရှိဘူး။ ရွာဘက်ကို သွားတဲ့ လှည်းလမ်းမဘက်ကို ကြည့်ပြီး ညနေ တွေဆို ငိုမိတယ်။ ပညာတတ်ဖို့တဲ့။ ပညာ တတ်ရင်ရော အာမခံချက်ရှိပြီလား။ အသက် ကလေး နည်းနည်းရလာမှ သိလာတာက ဘွဲ့ရရင်လည်း မရေမရာဖြစ်ရတယ်ဆိုတာ ဘဘုန်းကို မလျှောက်ဖြစ်တော့ဘူး။ သူက ပျံလွန်တော်မူတာတောင် ကြာသွားပြီ။

မိုးဦးလေဦးကျဆိုတော့ ဇာတ်တွေ ကြီး ကြီးငယ်ငယ် ဒီအချိန်ကွဲကြပြီပေါ့။ ခေတ်ကာ လတွေက ရုပ်ဝတ္ထုတွေလိုပဲ တိုးတက်လာကြ တာဆိုတော့ တကယ့်အနုသုခုမပညာရှင် တွေဟာ ပညာရပ်နယ်ပယ်အသီးအသီးမှာ ပျောက်ကွယ်ကြပြီပေါ့။ ခေတ်ကို ယှဉ်နိုင်ဖို့ ကလည်း ကြည့်ရှုသူတွေကမှ အားမပေးကြ တော့တာ။ နယ်ပယ်အသီးအသီးက ပညာရှင် တွေ မဟန်နိုင်တော့ဘူး။ မျိုးဆက်တွေ ပညာ လက်ဆင့်မကမ်းနိုင်တော့ဘူး။ ပညာရပ်အ သီးသီးဟာ ပျောက်ဆုံးကုန်ပြီ။ သူတို့ မပျော် တော့ဘူး။ မရှင်သန်နိုင်တော့ဘူး။ ခေတ်က ငပေါတွေပဲ ကောင်းစားကြတော့တာ။

ဘဘုန်းကြီး ကျောင်းထိုင်တဲ့ရွာမှာတော့ ဆိုင်းဆရာ ကိုထွန်းပေါဆိုတာ ကိုယ့်တို့နယ် တစ်ဝိုက်တော့ နာမည်ကြီးပဲလေ။ ထိုက်သင့် တဲ့ အခကြေးငွေနဲ့ သာရေးနာရေးတွေ အကုန် လိုက်တီးရတာ။ နိုင်ငံမကျော်ခဲ့ပေမဲ့ သူတို့ရဲ့ အနုပညာစွမ်းအားက ကြီး တယ်။ အဆိုလည်း အဆို။ အငိုလည်း အငိုပေါ့။ တယ်ပိုင်ကြတယ်။ ရေးကြစတမ်းဆိုရင် ငယ်ဘဝတွေက ဇာတ်ကောင်တွေချည်းပဲ။ ခုစာထဲတောင် သုံးဘဝပဲ ရေးထားတာ။ မိုးဦး လေဦးကျဆို တော့ သူတို့ဇာတ်ဆိုင်းလေး နားပြီ။ အဆို တော်က တစ်အိမ်။ နှဲဆရာက ရွာအစွန်။ ပတ်မတီးက ရွာအဖျား။ မောင်းဆရာက ဆရာတော့်ကျောင်းနား။ သူတို့က တစ်ရွာ တည်းကပဲ။ မိုးဦးလေဦးကျဆို သူတို့နားပြီ။

ညကလေး နက်လာပြီဆိုရင် နှဲဆရာက သူတစ်ယောက်တည်း ခပ်ဆွေးဆွေးလေးနဲ့ နှဲမှုတ်တယ်။ သူတစ်ယောက်တည်းပဲ။ ရက် ခြားရက်ခြား ပတ်မကြီးစမ်းသံလည်း ကြားရ တယ်။ တစ်ခါတလေပဲ။ မောင်းဆိုင်းဆရာ ကတော့ နည်းနည်းထွေလာရင် သီချင်းအပုဒ် ပေါင်းများစွာ တီးတယ်။ တစ်ခုတစ်ခုက သီး ခြားစီပါပဲ။ မိုးဦးလေးဦးကျဆိုတော့ ပိုကြားရ တယ်။ မောင်ချော ဘုန်းကြီးကျောင်းသားပဲ။ သီးခြားပဲ။ အနုပညာဆိုတာ တိုက် ခိုက်နေဖို့မှ မလိုတာ။ မရှင်သန်နိုင်ရင်တော့ သေဆုံးလိုက် ရုံပါပဲ။ ဘာကိုမှ ငြင်းခုံနေစရာ မလိုတော့ဘူး။ ငြိမ်းချမ်းတယ်။ မိုးဦးလေဦးကျပဲ။ မုန်တိုင်းရှိ တယ်လို့တော့ ဦးထွန်းလွင်က ငယ်ငယ်လေး ကတည်းက ကြေညာခဲ့တာ။

Most Read

Most Recent