၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဖြည့်စွက် တောင်းခံငွေမှာ ကျပ် ၂၆၅၃ ဒသမ ၉ရဘီလျံရှိပြီး နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများ (ဘဏ္ဍာရန်ပုံငွေပြင်ပ) နှှင့် ဗဟိုဘဏ်တို့မှ အများဆုံး တောင်းခံထား

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဖြည့်စွက် တောင်းခံငွေမှာ ကျပ် ၂၆၅၃ ဒသမ ၉ရဘီလျံရှိပြီး နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများ (ဘဏ္ဍာရန်ပုံငွေပြင်ပ) နှှင့် ဗဟိုဘဏ်တို့မှ အများဆုံး တောင်းခံထား
မေ ၂၃ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအား တွေ့ရစဉ် (ဓာတ်ပုံ- Pyidaungsu Hluttaw)
မေ ၂၃ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအား တွေ့ရစဉ် (ဓာတ်ပုံ- Pyidaungsu Hluttaw)
Published 24 May 2019
စိုးမင်းထိုက်၊ စည်သူ

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဖြည့်စွက် တောင်းခံငွေမှာ ကျပ် ၂၆၅၃ ဒသမ ၉၇ ဘီလျံရှိပြီး နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများ (ဘဏ္ဍာရန်ပုံငွေပြင်ပ)နှင့်  ဗဟိုဘဏ်တို့မှ အများဆုံး တောင်းခံထားကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအရ သိရသည်။

နေပြည်တော်၌ မေ ၂၃ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန် အစည်းအဝေး ဒသမနေ့တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေနှင့် စပ်လျဉ်း၍ ဥပဒေဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာနှင့် ငွေကြေးဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာများကို ဥပဒေကြမ်း ပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီတို့က ဖတ်ကြား တင်ပြခဲ့ခြင်း ဖြစ်သည်။

ယခု တင်ပြသည့် ဖြည့်စွက် အဖွဲ့အစည်းများအလိုက် တောင်းခံငွေများမှာ ဗဟို အဖွဲ့အစည်းများက မူလ ခွင့်ပြုသုံးငွေ ကျပ် ၁၁၇ ဒသမ ၇၀၀ ဘီလျံဖြစ်ပြီး ဖြည့်စွက် တောင်းခံငွေ ကျပ် ၀ ဒသမ ၄၆၈ ဘီလျံဖြစ်ရာ ၀ ဒသမ ၄၀ ရာခိုင်နှုန်း၊ ဝန်ကြီးဌာနနှင့် ဦးစီးဌာနများက မူလ ခွင့်ပြုသုံးငွေ ကျပ် ၁၅၀၅၁ ဒသမ ၀၉၁ ဘီလျံဖြစ်ပြီး ဖြည့်စွက် တောင်းခံငွေ ကျပ် ၁၀၈၀ ဒသမ ၂၈၈ ဘီလျံဖြစ်ရာ ၇ ဒသမ ၁၈ ရာခိုင်နှုန်း တို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ (ဘဏ္ဍာငွေ ရန်ပုံငွေအတွင်း) က မူလခွင့်ပြု သုံးငွေ ကျပ် ၇၅၈၁ ဒသမ ၉၄၇ ဘီလျံဖြစ်ပြီး ဖြည့်စွက် တောင်းခံငွေ ကျပ် ၁၁၅၆ ဒသမ ၇၆၆ ဘီလျံဖြစ်ရာ ၁၅ ဒသမ ၂၆ ရာခိုင်နှုန်း၊ နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများ (ဘဏ္ဍာငွေရန်ပုံငွေပြင်ပ) က မူလခွင့်ပြုသုံးငွေ ကျပ် ၁၂၉၇ ဒသမ ၇၅၉ ဘီလျံဖြစ်ပြီး ဖြည့်စွက် တောင်းခံငွေ ကျပ် ၂၇၇ ဒသမ ၆၁၆ ဘီလျံဖြစ်ရာ ၂၁ ဒသမ ၃၉ ရာခိုင်နှုန်း၊ တပ်မြို့စည်ပင်က မူလခွင့်ပြုသုံးငွေ ကျပ် ၁ ဒသမ ၃၄၁ ဘီလျံဖြစ်ပြီး ဖြည့်စွက် တောင်းခံငွေ ကျပ် ၀ ဒသမ ၀၄၁ ဘီလျံဖြစ်ရာ ၃ ဒသမ ၀၆ ရာခိုင်နှုန်း၊ နေပြည်တော် ကောင်စီက မူလခွင့်ပြုသုံးငွေ ကျပ် ၉၁ ဒသမ ၀၃၀ ဘီလျံဖြစ်ပြီး ဖြည့်စွက် တောင်းခံငွေ ကျပ် ၈ ဒသမ ၃၂၈ ဘီလျံဖြစ်ရာ ၉ ဒသမ ၁၅ ရာခိုင်နှုန်း၊ နေပြည်တော် စည်ပင်သာယာရေးကော် မတီက မူလခွင့်ပြုသုံးငွေ ကျပ် ၃၈ ဒသမ ၈၉၄ ဘီလျံဖြစ်ပြီး ဖြည့်စွက် တောင်းခံငွေ ကျပ် ၁ ဒသမ ၃၈၉ ဘီလျံဖြစ်ရာ ၃ ဒသမ ၅၇ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မူလခွင့်ပြု သုံးငွေ ကျပ် ၅၀၉ ဒသမ ၆၈၄ ဘီလျံဖြစ်ပြီး ဖြည့်စွက် တောင်းခံငွေ ကျပ်၁၁၀ ဒသမ ၃၀၁ ဘီလျံဖြစ်ရာ ၂၁ ဒသမ ၆၄ ရာ ခိုင်နှုန်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ ခွဲဝေသုံးစွဲခွင့်ပြုရန် ပြည်ထောင်စ ုအစိုးရအဖွဲ့၏ ဖြည့်စွက် တောင်းခံငွေ တင်ပြချက်ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မူလ ခန့်မှန်းခြေစာရင်းနှင့် နှိုင်းယှဉ်ပါက သာမန်သုံးငွေသည် မူလ ခန့်မှန်းခြေ ကျပ် ၁၃၅၆၄ ဒသမ ၅၅၉ ဘီလျံဖြစ်ပြီး ဖြည့်စွက် တောင်းခံငွေကျပ် ၁၁၆၈ ဒသမ ၀၇၅ ဘီလျံဖြစ်ရာ ၈ ဒသမ ၆၁ ရာခိုင်နှုန်း၊ ငွေလုံး ငွေရင်း သုံးငွေသည် မူလခန့်မှန်းခြေ ကျပ် ၆၁၄၄ ဒသမ ၄၅၀ ဘီလျံဖြစ်ပြီး ဖြည့်စွက် တောင်းခံငွေ ကျပ် ၅၂၉ ဒသမ ၇၁၂ ဘီလျံ ဖြစ်ရာ ၈ ဒသမ ၆၂ ရာခိုင်နှုန်း၊ ကြွေးမြီမှာ မူလ ခန့်မှန်းခြေကျပ် ၇၂၄ ဒသမ ၅၃၃ ဘီလျံ ဖြစ်ပြီး ဖြည့်စွက် တောင်းခံငွေကျပ် ၂၂၈ ဒသမ ၁၈၅ ဘီလျံံဖြစ်ရာ ၃၁ ဒသမ ၅၀ ရာခိုင်နှုန်း၊ လုပ်ငန်းသုံး ရင်းနှီးငွေမှာ မူလ ခန့်မှန်းခြေ ကျပ် ၄၂၉၀ ဒသမ ၄၄၁ ဘီလျံဖြစ်ပြီး ဖြည့်စွက် တောင်းခံငွေ ကျပ် ၇၀၉ ဒသမ ၁၈၅ ဘီလျံံဖြစ်ရာ ၁၆ ဒသမ ၅၃ ရာခိုင်နှုန်းဖြစ်ကာ ပြည်ထောင်စု၏ စုစုပေါင်း မူလခန့်မှန်းခြေ ကျပ် ၂၄၇၂၃ ဒသမ ၉၈၃ ဘီလျံံဖြစ်ပြီး ဖြည့်စွက် တောင်းခံငွေ ကျပ်၂၆၃၅ ဒသမ ၁၉၇ ဘီလျံဖြစ်ရာ ၁၀ ဒသမ ၆၆ ရာခိုင်နှုန်းဖြစ်ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

ထို့ပြင် တိုင်းဒေသကြီး/ပြည်နယ်များ၏ မူလခွင့်ပြုငွေ တောင်းခံမှုမှာ ကျပ် ၁၆၁ ဒသမ ၀၅၉ ဘီလျံဖြစ်ပြီး အခွန်ဝေစု ထပ်မံ ရရှိငွေ ကျပ် ၁၂ ဒသမ ၉၂၂ ဘီလျံ အပါအဝင်  စုစုပေါင်း ရငွေတွင် ကျပ် ၁၁၄၅ ဒသမ ၈၆၅ ဘီလျံအထိ တိုးတက် ရရှိလာခြင်းနှင့် ဖြည့်စွက် တောင်းခံငွေ စိစစ်လျှော့ချခြင်း တို့ကြောင့် ပြည်ထောင်စုမှ အသားတင် ဖြည့်ဆည်းပေးရမည့် လိုငွေမှာ ကျပ် ၇၈ ဒသမ ၉၅၄ ဘီလျံ ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ခွင့်ပြုပေးရန် တင်ပြလာသည့် ဖြည့်စွက် ခွင့်ပြုသုံးငွေ ပမာဏ ကျပ် ၂၆၃၅ ဘီလျံသည် ၂၀၁၁-၂၀၁၂  ဘဏ္ဍာရေးနှစ်မှစ၍ ရှစ်နှစ်အတွင်း အများဆုံး ပမာဏဖြစ်ပြီး ဖြည့်စွက် ခွင့်ပြုငွေကို သုံးစွဲနိုင်မည့် အချိန်ကာလသည် လေးလခန့်သာ ရှိခြင်းနှင့် ဘဏ္ဍာရေးနှစ်ကို နှစ်စဉ် အောက်တိုဘာလမှ စက်တင်ဘာလအထိ ပြောင်းလဲ သတ်မှတ်ပြီးဖြစ်၍ ဖြည့်စွက် ခွင့်ပြုငွေပါ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ကာလမှာ မိုးရာသီကာလနှင့် တိုက်ဆိုင်နေခြင်းတို့သည် ဖြည့်စွက် ခွင့်ပြုငွေ တင်ပြတောင်းခံထားသည့် ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများအတွက် တည်ဆဲ ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျ စီမံခန့်ခွဲ သုံးစွဲနိုင်ရေးအတွက် ကြီးမားသည့် ကန့်သတ်ချက် တစ်ရပ်ဖြစ်သည်ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အစီရင်ခံစာတွင် သုံးသပ် ပြောကြားထားသည်။

 

Most Read

Most Recent