ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း၌ တရားသူကြီးများ အနေဖြင့် အမှုတစ်ခု စတင်ချိန်တွင် ကျမ်းကျိန်ပါက လုံလောက်သည့်အတွက် နေ့စဉ် ကျမ်းကျိန်ရန် မလိုအပ်ဟု NLD လွှတ်တော် ကိုယ်စားလှယ် ဆွေးနွေး

ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း၌ တရားသူကြီးများ အနေဖြင့် အမှုတစ်ခု စတင်ချိန်တွင် ကျမ်းကျိန်ပါက လုံလောက်သည့်အတွက် နေ့စဉ် ကျမ်းကျိန်ရန် မလိုအပ်ဟု NLD လွှတ်တော် ကိုယ်စားလှယ် ဆွေးနွေး
မေ ၂၁ ရက်က အမျိုးသားလွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်း (ခ) ဦးမောင်စိုး ဆွေးနွေးစဉ်
မေ ၂၁ ရက်က အမျိုးသားလွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်း (ခ) ဦးမောင်စိုး ဆွေးနွေးစဉ်
Published 23 May 2019
   စိုးမင်းထိုက်

ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း၌ တရားသူကြီးများ အနေဖြင့် အမှုတစ်ခု စတင်ချိန်တွင် ကျမ်းကျိန်ပါက လုံလောက်သည့်အတွက် နေ့စဉ် ကျမ်းကျိန်ရန် မလိုအပ်ဟု NLD  အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်း(ခ)ဦးမောင်စိုးက ဆွေးနွေးခဲ့သည်။

မေ ၂၁ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ယင်းဥပဒေကြမ်းနှင့် ပတ်သက်၍ တနင်္သာရီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀) မှ လွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်း(ခ)ဦးမောင်စိုးက ယင်းကဲ့သို့ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်း(ခ)ဦးမောင်စိုးက “ဥပဒေကြမ်း၏ ပုဒ်မ ၂၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ် (၁) အရ ရွေးချယ် ခန့်ထားခြင်း ခံရသည့် တရားသူကြီးများသည် အမှုတစ်ခု စတင် ဆောင်ရွက်သည့်အချိန်မှာ တရားခွင်၌ ကျမ်းသစ္စာပြုဖို့အတွက် စီမံ ဆောင်ရွက်ရမယ်လို့ ပြင်ဆင်လိုပါတယ်။ တရားသူကြီးတွေဟာ တရားခွင်မှာ နေ့စဉ် ကျမ်းသစ္စာ ကျိန်ဆိုဖို့ မလိုအပ်ဟု ဆိုလိုခြင်း ဖြစ်ပါတယ်။ အမှုတစ်ခုသည် တစ်ရက်တည်း မပြီးစီးပါဘူး။ အချို့အမှုတွေဟာ လ၊ နှစ်ချီကာ ကြာမြင့်တတ်ပါတယ်။ အဲဒီအတွက် အမှုတစ်ခုကို စတင်ပြီးတော့ တရားခွင်မှာ စတင် ဆောင်ရွက်တဲ့အချိန်မှာ ကျမ်းကျိန်ပါက လုံလောက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် နေ့စဉ်ဆိုတဲ့ စကားရပ်ဟာ မလိုအပ်တဲ့အတွက် ပြင်ဆင်ခြင်း ဖြစ်ပါတယ်၊၊ ခြွင်းချက်။ တရားသူကြီးတွေဟာ ဥပဒေတစ်ရပ်ရပ်အရ ကျမ်းသစ္စာပြုဖို့ ကင်းလွတ်ခွင့် ရှိသူဖြစ်ပါက ကတိသစ္စာပြုဖို့ စီမံဆောင်ရွက်ရမယ်လို့ ပြင်ဆင်လိုပါတယ်”ဟု ဆွေးနွေးခဲ့သည်။

ယင်းဥပဒေကြမ်းအား မေ ၁၅ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးက ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်သို့ တင်သွင်းခဲ့ပြီး ဥပဒေကြမ်း ကော်မတီကလည်း အစီရင်ခံစာ တင်သွင်းခဲ့သည်။

ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်ပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက တရားသူကြီးများသည် နေ့စဉ် တရားခွင်တက်ရန် စတင် ဆောင်ရွက်သည့် အချိန်တွင် တရားခွင်၌ ကျမ်းသစ္စာ ပြုရန်အတွက် စီစဉ် ဆောင်ရွက်ရမည်ဟု ပြင်ဆင်ထားသည်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို လေ့လာ စိစစ်ရာတွင် တရားသူကြီးများ တရားခွင်တွင် ကျမ်းသစ္စာကို တိကျလေးနက်စွာ ပြုနိုင်ရန်အတွက် အဆိုပြု ဥပဒေကြမ်း အပိုဒ် ၂၊ ပုဒ်မ ၂၃၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၂) တွင် ဖော်ပြထားသည့် စကားရပ်များကို ပြင်ဆင် သင့်ကြောင်း၊ ပုဒ်မခွဲငယ်(၂) ၏ အောက်တွင် ခြွင်းချက်အဖြစ် အသစ် ဖြည့်စွက်သင့်ကြောင်း ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့သည်။

ဥပဒေကြမ်း ကော်မတီက ပုဒ်မ၂၃(ဂ) (၂) ပုဒ်မခွဲငယ် (ဂ) ပုဒ်မခွဲငယ်(၁) အရ ရွေးချယ် ခန့်ထားခြင်း ခံရသည့် တရားသူကြီးများသည် နေ့စဉ် တရားခွင်တက်ရန် စတင် ဆောင်ရွက်သည့် အချိန်တွင် တရားခွင်၌ ကျမ်းသစ္စာ ပြုရန်အတွက် စီစဉ် ဆောင်ရွက်ရမည်။ ခြွင်းချက်အဖြစ် တရားသူကြီးများသည် ဥပဒေ တစ်ရပ်ရပ်အရ ကျမး်သစ္စာပြုရန် ကင်းလွတ်ခွင့် ရှိသူဖြစ်ပါက ကတိသစ္စာပြုရန် စီစဉ်ဆောင်ရွက် ရမည်ဟု ပြင်ဆင် ဖြည့်စွက် သင့်ကြောင်း အစီရင်ခံစာ တင်သွင်းခဲ့သည်။

ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း ပုဒ်မ ၂၃ တွင် (က) နိုင်ငံတော်သမ္မတက ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ရွေးချယ် ခန့်ထားခြင်း ခံရသူများသည် စတင် တာဝန်မထမ်းဆောင်မီ ပြည်ထောင်စု လွှတ်တော်နာယက ရှေ့၌ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာ ပြုရမည်။ (ခ) နိုင်ငံတော်သမ္မတက တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးများအဖြစ် ရွေးချယ် ခန့်ထားခြင်း ခံရသူများသည် စတင် တာဝန် မထမ်းဆောင်မီ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌရှေ့၌ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရမည်။ (ဂ) ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် (၁) တရားသူကြီးအဖြစ် ရွေးချယ် ခန့်ထားခြင်း ခံရသူများအား တရားသူကြီးအဖြစ် စတင် တာဝန်ပေးသည့်အချိန်တွင် ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရန်အတွက် စီစဉ် ဆောင်ရွက်ရမည်။ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုခြင်း မဆောင်ရွက်ရသေးသော တရားသူကြီးများအတွက်လည်း ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရန်အတွက် စီစဉ် ဆောင်ရွက်ရမည် ဆိုသည့် အဆိုပြု ပြဋ္ဌာန်းချက်အတိုင်း ထားရှိသင့်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက မှတ်ချက်ပြုခဲ့သည်။

ပုဒ်မ၂၃ ပုဒ်မခွဲ (ဂ) (၂) တွင် ပုဒ်မခွဲ (ဂ) ပုဒ်မခွဲငယ်(၁)အရ ရွေးချယ် ခန့်ထားခြင်းခံရသည့် တရားသူကြီးများသည် နေ့စဉ် တရားခွင်တက်ရန် စတင် ဆောင်ရွက်သည့် အချိန်တွင် ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာ ပြုရန်အတွက် စီစဉ်ဆောင်ရွက်ရမည် ဆိုသည့် အဆိုပြု ပြဋ္ဌာန်းထားချက်အား ဥပဒေကြမ်း ကော်မတီက (၂)ပုဒ်မခွဲ (ဂ) ပုဒ်မခွဲငယ် (၁) အရ ရွေးချယ် ခန့်ထားခြင်း ခံရသည့် တရားသူကြီးများသည် နေ့စဉ် တရားခွင်တက်ရန် စတင် ဆောင်ရွက်သည့်အချိန်တွင် တရားခွင်၌ ကျမ်းသစ္စာ ပြုရန်အတွက် စီစဉ် ဆောင်ရွက်ရမည်ဟု ပြင်ဆင်ထားသည်။ ထို့ပြင် ခြွင်းချက်အနေဖြင့် တရားသူကြီးများသည် ဥပဒေ တစ်ရပ်ရပ်အရ ကျမ်းသစ္စာပြုရန် ကင်းလွတ်ခွင့် ရှိသူဖြစ်ပါက ကတိသစ္စာပြုရန် စီစဉ် ဆောင်ရွက်ရမည်ဟု အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက အသစ်ဖြည့်စွက်ထားသည်။

ထို့ပြင် အပိုဒ် ၃ တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် နိုင်ငံတော်အတွင်းရှိ တရားရုံး အားလုံးကို ကြီးကြပ် ကွပ်ကဲရမည်။ (၄) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တရားရုံးနှင့် ခရိုင် တရားရုံးများတွင ရှိသော အရေးကြီးသော အမှုများကို တရားသူကြီး တစ်ဦးထက်ပိုသော ခုံရုံးဖြင့် စစ်ဆေး စီရင်ရန် ညွှန်ကြားနိုင်သည်ဟု အဆိုပြု ပြဋ္ဌာန်းချက်အတိုင်း ထားရှိသင့်ကြောင်း ဥပဒေကြမ်းကော်မတီက မှတ်ချက်ပြုခဲ့သည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်း (ခ) ဦးမောင်စိုး၏ ဆွေးနွေးချက်နှင့် ပတ်သက်၍ ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ညွှန်ကြားခဲ့သည်။   

Most Read

Most Recent