ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ် တစ်ရပ်ကို စနစ်တကျ ရေးဆွဲချမှတ်ပြီး အစိုးရ၊ တပ်မတော် ခေါင်းဆောင်များနှင့် ဆွေးနွေးသဘောတူညီမှု ရရှိရန် NCA-SEAO ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးက သဘောတူ

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ် တစ်ရပ်ကို စနစ်တကျ ရေးဆွဲချမှတ်ပြီး အစိုးရ၊ တပ်မတော် ခေါင်းဆောင်များနှင့် ဆွေးနွေးသဘောတူညီမှု ရရှိရန် NCA-SEAO ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးက သဘောတူ
မေ ၁၅ ရက် NCA-SEAO အစည်းအဝေး မြင်ကွင်း (ဓာတ်ပုံ- NCA-SEAO)
မေ ၁၅ ရက် NCA-SEAO အစည်းအဝေး မြင်ကွင်း (ဓာတ်ပုံ- NCA-SEAO)
Published 18 May 2019
မင်းနိုင်စိုး

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှု အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ကြုံတွေ့နေရသည့် တစ်ဆို့မှုများ ဖြေရှင်းကျော်လွှားနိုင်ရေးအတွက် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်တစ်ရပ် စနစ်တကျရေးဆွဲ ချမှတ်ပြီး အစိုးရ၊ တပ်မတော် ခေါင်းဆောင်များနှင့် ဆွေးနွေးသဘောတူညီမှုရယူရန် NCA-SEAO ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးက သဘောတူခဲ့ကြောင်း NCA-SEAO က သတင်းထုတ်ပြန်သည်။

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ စတုတ္ထအကြိမ် အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်တွင် မေ ၁၄ ရက်မှ ၁၈ ရက်အထိ ငါးရက်ကြာ ပြုလုပ်ခဲ့ပြီးနောက် ထိုသို့သဘောတူညီခဲ့ကြခြင်း ဖြစ်ကြောင်း NCA-SEAO က သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်ရာတွင် NCA-SEAO များ ကိုင်စွဲထားသည့် မည်သည့်သက်ဆိုင်သူများကိုမျှ ချန်လှပ်မထားရေး အခြေခံမူ (Non-Exculusive Principle) အရ အခြားသော ညီနောင်တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများအားလုံး ပါဝင်ဆွေးနွေးနိုင်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်မှုဆိုင်ရာ စုဖွဲ့မှုတစ်ခု ဖွဲ့စည်းနိုင်ရေးအတွက် အလုပ်အဖွဲ့တစ်ရပ် ဖွဲ့စည်းခဲ့ကြောင်း NCA-SEAO ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့၏ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လွှတ်တော်က ပြဋ္ဌာန်းလိုက်သော ဥပဒေများသည် ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူများနှင့် သဟဇာတဖြစ်ရန် လိုအပ်ကြောင်း အလေးထား ဆွေးနွေးခဲ့ကြပြီး အကောင်အထည်ဖော် လုပ်ဆောင်သွားရန် ဆွေးနွေးခဲ့ကြကြောင်းလည်း NCA-SEAO က သတင်းထုတ်ပြန်ခဲ့သည်။

NCA-SEAO ၏ စတုတ္ထအကြိမ်မြောက် ထိပ်သီးအစည်းအဝေး (ပထမပိုင်း) တွင် ဆွေးနွေးရန် ကျန်ရှိနေသော အကြောင်းအရာများကို ဆက်လက် ဆွေးနွေးနိုင်ရေးအတွက် ထိပ်သီးအစည်းအဝေး စတုတ္ထအကြိမ် (ဒုတိယပိုင်း) ကို အမြန်ဆုံး ခေါ်ယူကျင်းပသွားရန် NCA-SEAO ခေါင်းဆောင်များက တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြကြောင်း NCA-SEAO က သတင်းထုတ်ပြန်ခဲ့သည်။

ငါးရက်ကြာ ပြုလုပ်ခဲ့သော ယခုအစည်းအဝေးသိုု့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း အသီးသီးမှ ထိပ်သီးခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ လေ့လာသူများ၊ နည်းပညာ အထောက်အကူပြုများ စုစုပေါင်း လူ ၈၀ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

Most Read

Most Recent