မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနှင့် မွန်နိုင်ငံရေး အင်အားစုများ ပေါင်းစည်း တည်ထောင်သည့် မွန်ညီညွတ်ရေးပါတီ (Mon Unity Party) ဖွဲ့စည်းတည်ထောင်ခွင့်ရရှိ

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနှင့် မွန်နိုင်ငံရေး အင်အားစုများ ပေါင်းစည်း တည်ထောင်သည့် မွန်ညီညွတ်ရေးပါတီ (Mon Unity Party) ဖွဲ့စည်းတည်ထောင်ခွင့်ရရှိ
Published 18 May 2019
ဘိုဘိုမြင့် (မော်လမြိုင်)

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနှင့် မွန်နိုင်ငံရေး အင်အားစုများ ပေါင်းစည်း တည်ထောင်သည့် မွန်ညီညွတ်ရေးပါတီ (Mon Unity Party) အမည်ဖြင့် ပါတီဖွဲ့စည်း တည်ထောင်ခွင့်ကို မေ ၁၇ ရက်က ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

“မေ ၁၇  ရက်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကနေ ပါတီတည်ထောင်ခွင့်ပြုကြောင်း အကြောင်းကြားစာ ပေးပို့မယ်ဆိုလို့ မွန်းလွဲ ၂ နာရီလောက်ကတည်းက စောင့်နေကြတာ။ ညနေ ၅ နာရီမှ ကော်မရှင်ဥက္ကဋ္ဌက လက်မှတ်ထိုးပြီးတော့ Email နဲ့ ပို့ပေးလိုက်တယ်” ဟု မွန်ညီညွတ်ရေးပါတီ၏ တွဲဖက်အတွင်းရေးမှူး (၂) ဖြစ်သူ နိုင်စံတင်က Eleven Media သို့ပြောကြားသည်။

၎င်းကဆက်လက်ပြီး “လာမယ့်အပတ်အတွင်းမှာ နေပြည်တော်ကို ပါတီတည်ထောင်ခွင့် လျှောက်ထားတဲ့ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌနှစ်ဦး တက်သွားပြီးတော့ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားကြမှာ ဖြစ်ပါတယ်။ အခုလို ပါတီတည်ထောင်ခွင့် ကျလာပြီ ဖြစ်တဲ့အတွက် ကျွန်တော်တို့နဲ့အတူ မွန်ပြည်သူတွေ အားလုံးလည်း ဝမ်းသာ ဂုဏ်ယူနေကြမယ်လို့ ယုံကြည်ပါ” ဟု ပြောကြားသည်။

၂၀၁၉ ခုနှစ် မတ် ၁၆ ရက်တွင် ကျင်းပသော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် စုံညီအစည်းအဝေး အမှတ်စဉ် (၁၆/၂၀၁၉) က လိုအပ်သည်များကို စိစစ်ပြီးဖြစ်၍ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသား ပါတီတို့ ပူးပေါင်း၍ မွန်ညီညွတ်ရေးပါတီ (Mon Unity Party) အဖြစ် တည်ထောင်ခွင့်ပြုပါရန် လျှောက်ထားချက်ကို ခွင့်ပြုကြောင်းကို ဆုံးဖြတ်ခဲ့ကြောင်း၊ အထက်ပါ ဆုံးဖြတ်ချက်နှင့်အညီ မွန်ညီညွတ်ရေးပါတီ (Mon Unity Party) တည်ထောင်ခွင့် ရရှိသူများသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၆ နှင့်အညီ ခေါင်းဆောင် တစ်ဦးနှင့် ဒုတိယခေါင်းဆောင် တစ်ဦးတို့ကို အမြန်ဆုံးရွေးချယ်၍ ပုံစံ (ဃ) ဖြင့်လည်းကောင်း၊ နည်းဥပဒေ ၇ နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် ပုံစံ (င) ဖြင့် အပိုမိတ္တူ တစ်စုံကိုပါ ပူးတွဲ၍လည်းကောင်း၊ ကော်မရှင်သို့ ရက်ပေါင်း (၃၀) အတွင်း လျှောက်ထားရန် အကြောင်းကြားပါကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ မွန်ညီညွတ်ရေးပါတီထံ ပေးပို့လာသော အကြောင်းကြားစာအရ သိရသည်။

မွန်နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးအင်အားစု ပေါင်းစည်းရေး အခမ်းအနားနှင့် ပါတီအမည်သစ် မိတ်ဆက်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၁ ရက် မွန်းလွဲ ၁၂ နာရီက မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ Royal Hinthar ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ မွန်ဆရာတော် သံဃာတော်များ၊ မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူများ၊ မွန်နိုင်ငံရေး ပါတီများမှ ပါတီဝင်များ၊ မွန်နိုင်ငံရေး အင်အားစုများ၊ မွန်လူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်များနှင့် အခြားသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြကြောင်းနှင့် အဆိုပါ အခမ်းအနားတွင် အချက် ရှစ်ချက်ပါဝင်သည့် ပေါင်းစည်းရေး သဘောတူညီချက်အား မွန်နိုင်ငံရေးပါတီများ ဖြစ်ကြသည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ နိုင်လှအောင်၊ မွန်အမျိုးသားပါတီမှ နိုင်တင်အောင်နှင့် မွန်အမျိုးသား ကိုယ်စားပြု နိုင်ငံရေးပါတီ အကောင်အထည် ဖော်ဆောင်ရေးအဖွဲ့ နိုင်တလညီတို့က လက်မှတ်ရေးထိုးခဲ့ကြပြီး မွန်နိုင်ငံရေးပါတီ အသစ်အဖြစ် “မွန်ပါတီ” အား မိတ်ဆက် ကြေညာခဲ့ကြောင်း၊ သို့သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ “မွန်ပါတီ” အမည်အား ပြောင်းလဲပေးရန် ညှိနှိုင်းလာသည့် အတွက် “မွန်ညီညွတ်ရေးပါတီ” အမည်ဖြင့် ပါတီတည်ထောင်ခွင့် လျှောက်ထားကြောင်းနှင့် ၂၀၁၉ ခုနှစ် မေ ၁၇ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ မွန်ညီညွတ်ရေးပါတီ (Mon Unity Party) အမည်ဖြင့် ပါတီတည်ထောင် ခွင့်ပြုခဲ့ကြောင်း သိရှိရသည်။

အလားတူ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီနှင့် ချင်းဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ တို့ပူးပေါင်း၍ ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီအဖြစ် ပါတီတည်ထောင် ဖွဲ့စည်းခွင့်ကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ မေ ၁၇ ရက်က ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent