ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ သို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးခိုင်မောင်ရည်နှင့် ပြည်ခိုင်ဖြိုး ပါတီဝင်အချို့ ဝင်ရောက်

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ သို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးခိုင်မောင်ရည်နှင့် ပြည်ခိုင်ဖြိုး ပါတီဝင်အချို့ ဝင်ရောက်
Published 17 May 2019
  ဉာဏ်လင်းထွန်း

သူရဦးရွှေမန်း ဦးဆောင်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးခိုင်မောင်ရည် ဝင်ရောက်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် အချို့လည်း ဝင်ရောက်မှုများ ရှိသည်ဟု သိရသည်။

“အလုံးအရင်းနဲ့ အဲလိုကြီးတော့ မဟုတ်ပါဘူး။ ရှိနိုင်ပါတယ်။ အဲဒီ ပါတီတွေကတော့ ရှိနိုင်တယ်။ တချို့က ပါတီသာ ဝင်ခဲ့ကြတာ လက်ရှိအချိန်မှာ အဲဒီပါတီနဲ့ ကင်းကွာနေတဲ့ လူတွေ အများကြီးပါ” ဟု ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း တာဝန်ခံ ဦးကျော်စန်းက ပြောကြားသည်။

ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီသို့ ဝင်ရောက်ခဲ့သည့် အလုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးခိုင်မောင်ရည်သည် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီမှ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ပါတီတွင်လည်း ဗဟိုအလုပ်အမှုဆောင် တာဝန်ထမ်းဆောင်ခဲ့သည်။

၎င်းအနေဖြင့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် တရားဝင် စာတင် နှုတ်ထွက်ခဲ့ပြီး ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ထံ ယခု လဆန်းပိုင်းတွင် စတင် ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“၂၀၁၇၊ ၂၀၁၈ ကာလ တစ်လျှောက်လုံး သူရဦးရွှေမန်းနဲ့ ကျွန်တော်နဲ့ အကြိမ်ကြိမ် တွေ့ဖြစ်ခဲ့ပါတယ်။ နောက်ပြီးတော့ သူရဦးရွှေမန်းကို နိုင်ငံရေးမှာ ပါလာစေချင်တဲ့ ဆန္ဒလည်း ရှိခဲ့ပါတယ်။ သူက ဒီမိုကရေစီဘက်ကို အရင်ဆုံး ကူးပြောင်းလာတဲ့ ဗိုလ်ချုပ်ကြီးတွေထဲက တစ်ယောက် ဖြစ်တယ်။ အဲဒီအတွက် သူ့ကို ဒီမိုကရေစီ တိုက်ပွဲတွေ စကတည်းက ဘဝတွေရင်းပြီး ထောင်တွေကျပြီး လုပ်ခဲ့ရတဲ့သူ တစ်ယောက်အနေနဲ့ ဒီလို ပုဂ္ဂိုလ်မျိုးအနေ နဲ့ ဒီမိုကရေစီဘက်ကို ဝင်လာတာကို ကြိုဆိုရမယ် ဆိုတဲ့အသိ ရှိပါတယ်။ အဲဒီအတွက်လည်း သူ့ကို တတ်နိုင်သမျှ ဝန်းရံပေးမယ်ဆိုတဲ့ စိတ်ကူး ရှိခဲ့ပါတယ်။ နောက် သူတကယ် ပါတီထောင်တဲ့ အခါကျတော့ ထဲထဲဝင်ဝင် ပါဝင်ဖြစ်တာပါ” ဟု ဦးခိုင်မောင်ရည်က ပြောကြားသည်။

ဆက်လက်၍ ဦးခိုင်မောင်ရည်က “ NDF ပါတီနဲ့ ဘာပြသနာမှ မရှိပါဘူး။ ပုဂ္ဂိုလ်ရေး ပြဿနာလည်း မရှိပါဘူး။ အဓိက ကတော့ ကိုယ်လုပ်ရမယ့် နိုင်ငံရေးကို ပိုပြီး လုပ်နိုင်တဲ့ အခြေအနေရှိမယ့် နေရာကနေ ဝင်ပြီး လုပ်ခြင်းပါပဲ” ဟု ပြောကြားသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှ ပါတီမှတ်ပုံတင်ခွင့် ရရှိပြီးဖြစ်ပြီး လက်ရှိတွင် ပါတီဝင် လက်ခံခြင်းနှင့် တိုင်းဒေသကြီးနှင့်  ပြည်နယ်အချို့တွင် ပါတီရုံးခန်း ဖွင့်လှစ်ခြင်းများကို ပါတီခေါင်းဆောင် သူရဦးရွှေမန်း ကိုယ်တိုင် လိုက်လံ လုပ်ဆောင်လျက် ရှိနေသည်။

သူရဦးရွှေမန်းသည် တပ်မတော်အစိုးရ လက်ထက်တွင် ဗိုလ်ချုပ်ကြီး တာဝန်ထမ်းအထိ ထမ်းဆောင်ခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရလက်ထက်တွင်  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌလည်းဖြစ်ပြီး လက်ရှိအစိုးရ လက်ထက်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌဟောင်းလည်း ဖြစ်သည်။                  

Most Read

Most Recent