ချစ်သူကိုအစွဲအလန်းကြီးသည့် မိန်းကလေးတစ်ဦးကို အခြေခံပုံဖော်ထားသော လိပ်ပြာနှောင်ကြိုး ရုပ်သံဇာတ်လမ်းတွဲ ဘားအံတွင် ရိုက်ကူးလျက်ရှိ

ချစ်သူကိုအစွဲအလန်းကြီးသည့် မိန်းကလေးတစ်ဦးကို အခြေခံပုံဖော်ထားသော လိပ်ပြာနှောင်ကြိုး ရုပ်သံဇာတ်လမ်းတွဲ ဘားအံတွင် ရိုက်ကူးလျက်ရှိ
Published 29 April 2019

ချစ်သူကိုအစွဲအလန်းကြီးသည့် မိန်းကလေးတစ်ဦးကို အခြေခံပုံဖော်ထားသည့် လိပ်ပြာနှောင်ကြိုး ၀ိညာဉ်နောက်ခံ ရုပ်သံဇာတ်လမ်းတွဲအား ဘားအံမြို့တွင် သွားရောက်ရိုက်ကူးလျက်ရှိသည်ဟု သိရသည်။ ယင်းရုပ်သံဇာတ်လမ်းတွဲတွင် သရုပ်ဆောင်ဟိန်းထက်၊ မုဏ်း၊ မေမီကိုကိုနှင့် သရုပ်ဆောင်များစွာ ပါဝင်နေခြင်းဖြစ်သည်။ ‘လိပ်ပြာနှောင်ကြိုး’ ရုပ်သံဇာတ်လမ်းတွဲကို ယခုနှစ်အတွင်းပြသနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

“အခုက မေမီဇာတ်လမ်းတွဲသစ်လေးကို ဘားအံမှာသွားရိုက်နေပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ မေမီကို နောက်ထပ်ပုံစံအသစ်တစ်ခုနဲ့ ထပ်မြင်ရမှာပါ။ ချစ်သူကိုအစွဲအလန်း အရမ်းကြီးတယ်။ မတော်တဆမှုတစ်ခုနဲ့ သေဆုံးသွားတဲ့အခါမှာ ချစ်သူနားကနေ ဘယ်မှမသွားနိုင်ဘဲဖြစ်နေတဲ့ ဇာတ်လမ်းမျိုးပေါ့။ သနားစရာလည်းကောင်းသလို ဝမ်းနည်းစရာလည်းကောင်းတဲ့ ဇာတ်လမ်းမျိုးပါ။ မေမီရဲ့ ဇာတ်ကားအသစ်လေးကို ထပ်ကြည့်ချင်တဲ့ ပရိသတ်တွေအတွက် ကြိုးစားနေပါတယ်။ ဒီနှစ်ထဲမှာတော့ ပြသနိုင်မယ်ထင်ပါတယ်” ဟု သရုပ်ဆောင်မေမီကိုကိုက ဆိုသည်။

လိပ်ပြာနှောင်ကြိုး ရုပ်သံဇာတ်လမ်းတွဲမှာ ချစ်မေတ္တာဖွဲ့ ၀ိညာဉ်လောကနောက်ခံ ဇာတ်ကားဖြစ်ပြီး ရုတ်တရက်သေဆုံးသွားပြီးနောက် မိမိချစ်သူကောင်လေးအား စိတ်မချဖြစ်ကာ အနားတွင်နေနေသည့် ၀ိညာဉ်မိန်းကလေးတစ်ဦး၊ ချစ်သူကောင်လေးနားတွင် ကောင်မလေးတစ်ဦး ရောက်လာသည့်အခါ ဖြစ်ပေါ်လာသည်များကို စိတ်ဝင်စားဖွယ်ပုံ ဖော်ထားခြင်း ဖြစ်သည်။ ယင်းဇာတ်လမ်းတွဲအား ဘားအံမြို့တွင် အချိန်ယူရိုက်ကူးနေခြင်းဖြစ်ပြီး ကရင်ပြည်နယ်အနီးတစ်ဝိုက်ရှိလှပသည့် နေရာဒေသရှုခင်းများကိုလည်း ထည့် သွင်းရိုက်ကူးလျက်ရှိကြောင်း သိရသည်။ မြန်မာရုပ်သံဇာတ်လမ်းတွဲများအား ဆက်တိုက် ထုတ်လွှင့်ပြသလျက်ရှိရာတွင် ယခုဇာတ်လမ်းတွဲကိုလည်း ၂၀၁၉ ခုနှစ်အတွင်းပြသနိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာရုပ်သံဇာတ်လမ်းတွဲသစ်များကိုလည်း ထပ်မံရိုက်ကူးပုံဖော်နေခြင်း ဖြစ်သည်။

Most Read

Most Recent