မိုးတွင်းကာလ၌ ဆန်စပါးတင်ပို့ရာတွင် အရည်အသွေးထိန်းသိမ်းမှု အခက်အခဲများရှိနေသည့်အတွက် ဆိပ်ကမ်းဆိုင်ရာ အခြေခံအဆောက်အအုံ အားနည်းချက်များကို အဆင့်မြှင့်တင်ရန်လိုအပ်ဟု ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ပြောကြား

မိုးတွင်းကာလ၌ ဆန်စပါးတင်ပို့ရာတွင် အရည်အသွေးထိန်းသိမ်းမှု အခက်အခဲများရှိနေသည့်အတွက် ဆိပ်ကမ်းဆိုင်ရာ အခြေခံအဆောက်အအုံ အားနည်းချက်များကို အဆင့်မြှင့်တင်ရန်လိုအပ်ဟု ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ပြောကြား
ရန်ကုန်မြို့ ၀ါးတန်းဆိပ်ကမ်း၌ ဆန်အတင်အချပြုလုပ်နေသူများကို ဧပြီ ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်မြို့ ၀ါးတန်းဆိပ်ကမ်း၌ ဆန်အတင်အချပြုလုပ်နေသူများကို ဧပြီ ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 25 April 2019
ဇေယျာငြိမ်း

မိုးတွင်းကာလ၌ ဆန်စပါးတင်ပို့ရာတွင် အရည်အသွေးထိန်းသိမ်းမှု အခက်အခဲများရှိနေသည့်အတွက် ဆိပ်ကမ်းဆိုင်ရာ အခြေခံအဆောက်အအုံများ၊ အားနည်းချက်များကို အဆင့်မြှင့်တင်ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားသည်။

“ဆန်တင်နေတဲ့အချိန်မှာ မိုးရွာတဲ့ကိစ္စ  ကျွန်တော်တို့နိုင်ငံမှာ အခြေခံအဆောက်အအုံပိုင်းတွေမှာ ဆိပ်ကမ်းပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာမှာ အားနည်းချက်တွေ အများကြီးရှိပါတယ်။ လယ်ယာစိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး မိုးရွာတဲ့အချိန်မှာ မိုးတွင်းမှာ သင်္ဘောတင်နိုင်တဲ့ အနေအထားကို လုပ်နိုင်တဲ့အနေအထား တော်တော်ခက်ခဲပါတယ်။ ဒါတွေကလည်း ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံမှုတွေ မဟုတ်ပါဘူး။ လက်ရှိ ဆိပ်ကမ်းတွေမှာပဲ ကုန်တင်နေရာတွေမှာ အမိုးလေးတပ်လိုက်ရင် လုပ်လို့ရတဲ့အနေအထားတွေ ရှိပါတယ်”ဟု ဦးရဲမင်းအောင်က ပြောကြားသည်။

အဆိုပါကိစ္စရပ်များအား ဖြေရှင်းနိုင်ရန် နိုင်ငံတော်အစိုးရထံသို့ တင်ပြထားပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ တာဝန်ရှိသူများမှလည်း ဗီယက်နမ်နိုင်ငံသို့ နည်းပညာပိုင်းဆိုင်ရာများ သွားရောက်လေ့လာကာ ပြည်တွင်း၌ အကောင်ထည်ဖော်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒါလေးတွေအားလုံးကိုလည်း နိုင်ငံတော်အစိုးရကို တင်ပြထားပါတယ်။ ကျွန်တော်တို့ကိုယ်၌လည်း ဗီယက်နမ်ကိုသွားပြီးတော့ ဆန်စပါးအသင်း ဒုတိယဥက္ကဋ္ဌဦးဆောင်တဲ့အဖွဲ့ ဗီယက်နမ်ကိုသွားရောက် လေ့လာပြီးတော့ လုပ်ဆောင်ဖို့လည်းရှိပါတယ်” ဟု ဦးရဲမင်းအောင်က ပြောကြားသည်။

ပြီးခဲ့သည့် ရက်တစ်ပတ်အတွင်းမှာလည်း အာဖရိက အနောက်နိုင်ငံတစ်နိုင်ငံဖြစ်သော အိုင်ဗရီကို့စ်သို့ ဆန်တင်ပို့ခဲ့သည့် မြန်မာ့ဆန်များမှာ အရည်သွေးပိုင်းဆိုင်ရာ ထိန်းသိမ်းမှု လျှော့ကျခဲ့သောကြောင့် ဖျက်ဆီးခံခဲ့ကြောင်း သိရသည်။

“မြန်မာ့ဆန် ဖျက်ဆီးခံရတယ်ဆိုတဲ့ သတင်းခေါင်းစဉ်ကြောင့် တော်တော်ကြီး စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ သက်ရောက်မှုလည်း ရှိပါတယ်။ တချို့ကျွန်တော်တို့ ဝယ်လက်တွေကလည်း မေးမြန်းတာတွေရှိတယ်၊ စားသုံးသူပြည်သူတွေကလည်း မေးမြန်းတာတွေရှိတယ်” ဟု ဦးရဲမင်းအောင်က ပြောကြားသည်။

အိုင်ဗရီကို့စ်သို့ ဆန်တင်ပို့ခဲ့သည့်ဆန်များမှာ Olam International Co.,Ltd က အာဖရိကတိုက်ရှိ ဂီနီသို့ ဆန်တင်ပို့ရန် မြန်မာကုမ္ပဏီသုံးခုဖြစ်သော ရွှေဝါရောင်ကုမ္ပဏီမှ တန် ၁၃၅၀၀၊ Myanmar Economic Corporation Co.,Ltd  မှ တန် ၈၀၀၀ နှင့် ဧရာဟင်္သာကုမ္ပဏီမှ တန် ၅၀၀ စသည်ဖြင့် ဆိပ်ကမ်းအရောက်စျေးနှုန်း (FOB) ဖြင့် ဝယ်ယူခဲ့သည့် ဆန်များဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းဖြစ်စဉ်ဖြစ်ပေါ်ခဲ့သော်လည်း မြန်မာ့ဆန်များတင်ပို့သည့်စျေးကွက်ကို ထိခိုက်မှုမရှိဘဲ ၂၀၁၉ ခုနှစ် ဧပြီ ၁ ရက်မှ ၁၉ ရက်အထိ ပို့ကုန်လိုင်စင်ခွင့်ပြုထားသည့် အာဖရိကနိုင်ငံများသို့ ဆန်တန်ချိန် ၂၇၉၉၅ တန်၊ အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၁၁၉၀၊ ဆန်ကွဲ တန် ၁၁၅၀၊ ဥရောပနိုင်ငံများသို့ ဆန်တန်ချိန် ၁၅၂၇၁ တန်၊ ဆန်ကွဲ ၁၉၀၁၀ တန်တို့ကို ပုံမှန်အတိုင်း ဆက်လက်တင်ပို့လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent