NCA စာချုပ်တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ညီလာခံ လာမည့်စက်တင်ဘာတွင် ပြုလုပ်မည်

NCA စာချုပ်တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ညီလာခံ လာမည့်စက်တင်ဘာတွင် ပြုလုပ်မည်
Published 26 August 2018

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ညီလာခံကို လာမည့် စက်တင်ဘာတွင် ထိုင်းနိုင်ငံ ချင်းမိုင်တွင် ပြုလုပ်ရန် စီစဉ်နေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများ၊ နိုင်ငံရေးဆွေး နွေးမှုဆိုင်ရာ မူဘောင်ပြင်ဆင်ရေး စသည့် အကြောင်းအရာများကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

NCA တွင် ပါဝင်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ညီလာခံမတိုင်မီ NCA တွင် ပါဝင်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းအစည်းအဝေးတွင် NCA-SEAO ညီလာခံပြုလုပ်ရေးနှင့် မူဘောင်ဆွေးနွေးရေး ကိစ္စများကို ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အဓိကအားဖြင့်တော့ ကျွန်တော်တို့  PPST အစည်းအဝေးရှိတယ်။ လာမယ့်လမှာပေါ့။ အဲဒီမှာ မူဘောင်ပြင်ဆင်ရေး ဆွေးနွေးဖို့နဲ့ NCA-SEAO ညီလာခံ လုပ်ဖို့ကို အဲဒီမှာပဲ ဆုံးဖြတ်ကြလိမ့်မယ် ထင်ပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်နဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်မှုတွေ လုပ်ကြရအောင် ဆိုပြီးတော့ ဘက်သုံးဖက်က သဘောတူထားပြီးသားပါ” ဟု ချင်းအမျိုးသားတပ်ဦး (CNF) အ တွင်းရေးမှူး ဒေါက်တာရွှေခါးရ်က ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ကာလအတွင်း ပြုလုပ်ခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တွင် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်အား ပြန်လည်သုံးသပ်ရေးနှင့် ပတ်သက်၍ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား သဘောတူညီမှု ရရှိခဲ့သည်။