တပ်မတော်အနေဖြင့် လက်ရှိအစိုးရ လက်ထက်၌ပင် ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိလိုပြီး လက်နက်ကိုင် လမ်းစဉ်ဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်၍ မရဟု JMC-U ဥက္ကဋ္ဌ ပြောကြား

တပ်မတော်အနေဖြင့် လက်ရှိအစိုးရ လက်ထက်၌ပင် ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိလိုပြီး လက်နက်ကိုင် လမ်းစဉ်ဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်၍ မရဟု JMC-U ဥက္ကဋ္ဌ ပြောကြား
Published 4 July 2018

ဇူလိုင် ၃ ရက်က ပြုလုပ်သည့် JMC-U ၏ (၁၇) ကြိမ်မြောက် အစည်းအဝေးတွင် JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် အမှာစကား ပြောကြားနေစဉ်

တပ်မတော်အနေဖြင့် လက်ရှိအစိုးရ လက်ထက်တွင်ပင် ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိလိုပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဆန္ဒမှာလည်း ထိုအတိုင်းပင်ဖြစ်ကာ လက်နက်ကိုင်လမ်းစဉ်ဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို တည်ဆောက်၍မရဟု ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ၏ (၁၇) ကြိမ်မြောက် အစည်းအဝေးတွင် JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။

JMC-U ၏ (၁၇) ကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ ကျင်းပနေပြီး အဆိုပါ အစည်းအဝေး အဖွင့်အမှာစကား ပြောကြားရာတွင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“လက်နက်ကိုင်လမ်းစဉ်နဲ့ ကျွန်တော်တို့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုကို ကျွန်တော်တို့ တည်ဆောက်လို့ရမှာ မဟုတ်ပါဘူး။ တိုင်းရင်းသားပြည်သူ အားလုံးကလည်း လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းပြီးတော့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ကျွန်တော်တို့ အမှန်တကယ် လိုလားလျက် ရှိပါတယ်။ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရရှိဖို့အတွက် NCA ဟာ ကျွန်တော်တို့ ငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသော ကျွန်တော်တို့ မဟာဗျူဟာတစ်ခု ဖြစ်သလို NCA မှာ ပါဝင်တဲ့ ကတိကဝတ်များကိုလည်း လိုက်နာစောင့်ထိန်းဖို့ လိုအပ်ပါတယ်” ဟု JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသော လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်းများအကြား ပစ်ခတ်တိုက်ခိုက်မှုများ လျော့နည်းသွားစေရေး အလေးအနက်ထား ဆောင်ရွက်ရန် လိုအပ်နေပြီး ရေရှည်တည်တံ့သော ထာဝရငြိမ်းချမ်းရေးရရှိရေး အတွက် NCA သည် မဟာဗျူဟာတစ်ခု ဖြစ်သကဲ့သို့ NCA စာချုပ်တွင် ပါဝင်သည့် ကတိကဝတ် များကိုလည်း စောင့်ထိန်းလိုက်နာရန် လိုအပ်နေသည်ဟု ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။

“ကျွန်တော်တို့ တပ်မတော်အနေနဲ့ လက်ရှိကျွန်တော်တို့အစိုးရ ကာလမှာပဲ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး၊ ထာဝရ ငြိမ်းချမ်းရေးကို ရရှိလိုတဲ့ ဆန္ဒရှိပါတယ်။ ဒါကျွန်တော်တို့ တပ်မတော်အပြင် တပ်မတော် အကြီးအကဲကလည်း ဒီအတိုင်းပဲ ဆန္ဒရှိတာ ဖြစ်ပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။

JMC-U ၏ (၁၇) ကြိမ်မြောက် အစည်းအဝေးတွင် (၁၆) ကြိမ်မြောက် အစည်းအဝေးနှင့် (၁၇) ကြိမ်မြောက် အစည်းအဝေး ကြားကာလအတွင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ အကောင်အထည်ဖော်မှုများ၊ JMC အဆင့်ဆင့်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ပဋိပက္ခများ ဖြေရှင်းနိုင်ရေးအတွက် NCA တွင် ဝိဝါဒ ကွဲပြားနေသော ဝေါဟာရအချို့နှင့် ပတ်သက်၍ အဓိပ္ပါယ် ဖွင့်ဆိုချက်များကို နှစ်ဖက်အပြန်အလှန် ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း သိရသည်။

JMC မှ အဆင့်ဆင့်သော ကော်မတီဝင်များ အနေဖြင့် JMC လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒို့တာဝန် အရေးသုံးပါးကို ရှေးရှု၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားနိုင်ရေးအတွက် JMC ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ တိတိကျကျ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ယခုအစည်းအဝေးတွင် JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က တိုက်တွန်းခဲ့သည်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ ရေတိုရေရှည် ဆောင်ရွက်ရမယ့် လုပ်ငန်းများကို ခွဲခြားသိမြင်ပြီးတော့မှ ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ညှိနှိုင်းဆောင်ရွက်ပြီးတော့မှ လိုအပ်တဲ့ အကောင်အထည် ဖော်မှုတွေကိုလည်း ဆက်လက် ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ ကြားကာလ အတွင်းမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ တိုးတက်အောင်မြင်မှု ရရှိအောင်လို့ ကျွန်တော်တို့ နောက်ကြောင်းပြန် စဉ်းစားတာမျိုးတွေ မပြုလုပ်ဘဲ ရှေ့ဆက်သွားရမယ့် လမ်းကြောင်းကိုပဲ စဉ်းစားဆောင်ရွက်မှသာလျှင် ကျွန်တော်တို့ ထာဝရငြိမ်းချမ်းရေးရရှိ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်” ဟု  JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။

ယုံကြည်မှု တည်ဆောက်ရာတွင် ပုဂ္ဂိုလ်ရေး ရင်းနှီးမှုကို အခြေခံ၍ အပြန်အလှန် ယုံကြည်မှု တည်ဆောက်သွားနိုင်ပါက ပိုမိုလွယ်ကူနိုင်သည်ဟု ယူဆရသည့်အတွက် အောက်ခြေတပ်မှူး အချင်းချင်း ခင်မင်ရင်းနှီးမှုရှိအောင် ဆောင်ရွက်ရန် အစည်းအဝေး ပြီးဆုံးချိန်တိုင်းတွင် တွေ့ဆုံမှု ပြုလုပ်ရန် လိုအပ်နေသည်ဟုလည်း ၎င်းက ပြောကြားသည်။

JMC ဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုနှင့် ပတ်သက်၍ အားနည်းချက်၊ အားသာချက်များ၊ အကြံပြုချက်များကို ယခုအစည်းအဝေးတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန် JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က တိုက်တွန်းခဲ့သည်။

 

Most Read

Most Recent