NLD ပါတီတံဆိပ်ဖြင့် ကချင်စစ်ဘေးရှောင်များနှင့် ပတ်သက်၍ ကြေညာချက်အတုတစ်စောင် ထွက်ပေါ်ခဲ့ပြီး ထုတ်ပြန်ချက်အတုများနှင့် စပ်လျဉ်း၍ ဖြစ်စဉ်အပေါ်မူတည်ကာ ဥပဒေကြောင်းအရ ဆောင်ရွက်မည်ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ပြောကြား

NLD ပါတီတံဆိပ်ဖြင့် ကချင်စစ်ဘေးရှောင်များနှင့် ပတ်သက်၍ ကြေညာချက်အတုတစ်စောင် ထွက်ပေါ်ခဲ့ပြီး ထုတ်ပြန်ချက်အတုများနှင့် စပ်လျဉ်း၍ ဖြစ်စဉ်အပေါ်မူတည်ကာ ဥပဒေကြောင်းအရ ဆောင်ရွက်မည်ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 6 May 2018

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အမှတ်တံဆိပ်ဖြင့် ကချင်စစ်ဘေးရှောင်များနှင့် ပတ်သက်၍ ကြေညာချက်အတုတစ်စောင် ထွက်ပေါ်ခဲ့ပြီး ထုတ်ပြန်ချက်အတုများနှင့် စပ်လျဉ်း၍ ဖြစ်စဉ်အပေါ်မူတည်ကာ ဥပဒေကြောင်းအရ ဆောင်ရွက်မည်ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က မေ ၅ ရက်တွင် ပြောကြားသည်။

ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) တို့ကြား ဧပြီလအတွင်းက ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူများ နေရပ်မပြန်နိုင်သေးသည့် ကိစ္စနှင့်ပတ်သက်ပြီး NLD အမှတ်တံဆိပ်ပါသော ကြေညာချက်အတုတစ်စောင် မေ ၅ ရက်က Facebook လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။

ထိုကဲ့သို့ ကြေညာချက်အတု ထွက်ပေါ်ခြင်းနှင့်စပ်လျဉ်း၍ NLD ပါတီက သတင်းထုတ်ပြန်ရာတွင် အွန်လိုင်းတွင် တွေ့ရှိရသော မေ ၄ ရက်ပါရက်စွဲဖြင့် ထုတ်ပြန်ထားသည့် ကြေညာချက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တရားဝင်ထုတ်ပြန်ချက် မဟုတ်ကြောင်း၊ အတုသာဖြစ်ကြောင်း၊ ယင်းသို့ ကြေညာချက်အတုထုတ်ခြင်း၊ ဖြန့်ဝေခြင်းများကို တားဆီးနိုင်ရေးအတွက် ဥပဒနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်သည်ဟု ဖော်ပြထားသည်။

ယင်းကဲ့သို့ ကြေညာချက်အတုများ ထွက်ပေါ်ခြင်းနှင့်ပတ်သက်ပြီး ကြေညာချက်အတုများ၏ အကျိုးသက်ရောက်မှုအပေါ် မူတည်၍ ဥပဒေကြောင်းအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

“ကျွန်တော်တို့က Issue (အကြောင်းအရာ) တစ်ခုချင်းအပေါ် စဉ်းစားပါတယ်ခင်ဗျား။ အဲဒီဟာက ကျွန်တော်တို့အဖွဲ့ချုပ်ကို ဘယ်လောက်ထိခိုက်လဲဆိုတဲ့ အချက်ကိုလည်း ကျွန်တော်တို့က အမြဲတမ်းစဉ်းစားပါတယ်။ ဟုတ်ကဲ့ အကယ်၍ ကျွန်တော်တို့အဖွဲ့ချုပ်ကို တမင်ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်လာတယ်ဆိုရင်တော့ ကျွန်တော်တို့က တရားစွဲတာပေါ့လေ။ ဥပဒေကြောင်းအရ တရားစွဲဖို့ရှိပါတယ်။ ကျွန်တော်တို့က အဲလောက်ထိမဖြစ်ဘူးဆိုရင်တော့ မှားယွင်းကြောင်းပေါ့။ သတင်းပြန်လည်ထုတ်ပြန် ဖြေရှင်းတာလောက်ပဲ သဘောဖြစ်တော့။ ဖြစ်စဉ်အပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ ဆုံးဖြတ်ချက်ချမှာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

သတင်းအမှားများ၊ ကြေညာချက်အတုများ ထွက်ပေါ်ခြင်းနှင့်ပတ်သက်၍ လူထုအနေဖြင့် သတင်အမှားထုတ်ပြန်ချက်များ၏ ရည်ရွက်ချက်ကို သတိထားပြီး သတင်းအမှားများ၏ ဆွဲဆောင်သည့်နောက်ကို ပါမသွားဘဲ သတိရှိကြရန် မိမိအနေဖြင့် တိုက်တွန်းပါကြောင်း ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ကြေညာချက်အတုတွင် မေ ၃ ရက်က ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့နှင့် သပိတ်စခန်း ဦးဆောင်ကော်မတီဝင်များ ဆွေးနွေးပွဲတွင် ရလဒ်မထွက်ဘဲ ပြီးဆုံးခဲ့ရသည်ဟု သိရှိရ၍ မိမိတို့ပါတီအနေဖြင့် များစွာစိတ်မကောင်းဖြစ်ရပါကြောင်း ဖော်ပြထားသည်။

သို့ဖြစ်၍ ပြည်နယ်အစိုးရအနေဖြင့် ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးချင်၍ ဆွေးနွေးပွဲတွင် နှစ်ဦးနှစ်ဖက် တိုင်တိုင်ပင်ပင် ညှိနှိုင်းဆွေးနွေးခဲ့သော်လည်း သပိတ်စခန်း ဦးဆောင်ကော်မတီဝင်များဘက်မှ သဘောမတူဘဲ သပိတ်စခန်း ဆက်ဖွင့်မည်ဆိုသည့်အပေါ် မိမိတို့ပါတီမှ ပြင်းထန်စွာကန့်ကွက်ကြောင်းနှင့် အဆိုပါသပိတ်စခန်းဖွင့်ခွင့် ဆက်လက်တောင်းဆိုနေမှုများအား ပြည်နယ်အစိုးရအနေဖြင့် ဥပဒေနှင့်အညီ အရေးယူပေးနိုင်ရန် တိုက်တွန်းထားရှိပြီးဖြစ်ကြောင်း ကြေညာအပ်သည်ဟု ကြေညာချက်အတုတွင် ပါရှိသည်။

ဖြစ်စဉ်အမှန်မှာ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဆန္ဒပြလူငယ်ခေါင်းဆောင်များ၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) အဖွဲ့တို့သည် တိုက်ပွဲအတွင်း ပိတ်မိနေသည့် ပြည်သူများ ကယ်ထုတ်ရေးနှင့်ပတ်သက်ပြီး အစိုးရအဖွဲ့ရုံးတွင် မေ ၃ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ဆွေးနွေးရာတွင် ဖားကန့်မြို့နယ် ကာမိုင်းမြို့ရှိ မန်ဝယ်ကျေးရွာတွင် တိုက်ပွဲကြောင့် ပိတ်မိနေသည့်ပြည်သူများကို ကယ်ထုတ်ရန် အစိုးရဘက်က သဘောတူခဲ့သဖြင့် အဆိုပါအဖွဲ့များက မေ ၄ ရက်တွင် သွားရောက်ကယ်ထုတ်ခဲ့သည်။

သို့ရာတွင် လီဒိုလမ်းမပေါ်ရှိ မရန်းက ထောင်းဂိတ်အရောက်တွင် ပိတ်မိပြည်သူများကို ခေါ်ဆောင်ခွင့်မပြုခဲ့သော်လည်း အဆိုပါပြည်သူများအား စားနပ်ရိက္ခာများပေးရန်အတွက်သာ ခွင့်ပြုခဲ့သည်ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးက ဒုတိယစကခ (စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) မှူးမှတစ်ဆင့် သွားရောက်ကယ်ထုတ်သည့် အဖွဲ့များကို ပြောကြားခဲ့ကြောင်း သိရသည်။

Most Read

Most Recent