မိုင်းရှင်းလင်းရေးနှင့်ပတ်သက်ပြီး အစိုးရအနေဖြင့် National Mine Action Authority ကို ဖွဲ့စည်းသင့်ကြောင်း JMC-U ရုံးအဖွဲ့ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး အကြံပြု

မိုင်းရှင်းလင်းရေးနှင့်ပတ်သက်ပြီး အစိုးရအနေဖြင့် National Mine Action Authority ကို ဖွဲ့စည်းသင့်ကြောင်း JMC-U ရုံးအဖွဲ့ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး အကြံပြု
Published 8 April 2018

ဧပြီ ၄ ရက်က ရန်ကုန်မြို့ IBC ၌ပြုလုပ်သည့် အခမ်းအနားတွင် Norwegian People's Aid မှအဖွဲ့ဝင်တစ်ဦး မြေမြှုပ်မိုင်းရှင်းလင်းရေး သရုပ်ပြနေစဉ်

မိုင်းရှင်းလင်းရေးနှင့်ပတ်သက်ပြီး အစိုးရအနေဖြင့် National Mine Action Authority ကို ဖွဲ့စည်းသင့်ကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ ရုံးအဖွဲ့ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးက အကြံပြုပြောကြားသည်။

မိုင်းအသိပညာပေးနှင့် မိုင်းဆိုင်ရာလှုပ်ရှားမှုများအား အထောက်အပံ့ပေးရေး (၁၃) ကြိမ်မြောက် နိုင်ငံတကာနေ့အခမ်းအနားကို ရန်ကုန်မြို့ရှိ International Business Centre ၌ ဧပြီ ၄ ရက်ကပြုလုပ်ပြီး ဦးအောင်နိုင်ဦးက ၎င်း၏အမှာစကားတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားသည်။

“ဖြစ်နိုင်လို့ရှိရင် သက်ဆိုင်ရာအစိုးရ အထူးသဖြင့်တော့ တပ်မတော် သေသေချာချာတိုင်ပင်ဆွေးနွေးပြီးတော့ အစိုးရအနေနဲ့ ဒီလို National Mine Action Authority ဒါမျိုးဖွဲ့သင့်တယ်လို့ ကျွန်တော့်အနေနဲ့ ယူဆတယ်။ ကျွန်တော်တို့ ကြည့်လိုက်တဲ့အခါကျတော့ ဒီမိုင်းကိစ္စဆိုတာ ဖြေရှင်းဖို့ဆိုတာ နှစ် ၂၀၊ ၃၀ မကဘူး။ ကြာပြီးတော့ ဖြေရှင်းရမယ့်ကိစ္စဖြစ်တဲ့အတွက် အခုကတည်းကနေပြီးတော့ ပြင်ဆင်တဲ့ပြင်ဆင်ချက်တွေ၊ လိုအပ်တဲ့ Institution တွေ စပြီးလုပ်ဖို့သင့်တယ်လို့ ကျွန်တော်အနေနဲ့ထင်တယ်။ ဒီလိုကိစ္စမျိုးတွေ ဆောင်ရွက်မယ်ဆိုလို့ရှိရင်တော့ တပ်မတော်ရော၊ အထူးသဖြင့်တော့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကိုပါ စနစ်တကျဖိတ်ကြားပြီးတော့ ဒီအစည်းအဝေးမှာ ပါဝင်လာစေဖို့လိုတယ်လို့ ကျွန်တော့်အနေနဲ့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စတွေကလည်း အရမ်းအရေးကြီးတယ်။ ဒါ ကျွန်တော့်တစ်ယောက်တည်း အနေနဲ့ပြောတာ။ JMC မှာတော့ ဒါမျိုးတွေဆွေးနွေးထားတာ မဟုတ်ဘူး။ ကျွန်တော့်ရဲ့စဉ်းစားချက်ကို ပြောပြတာဖြစ်ပါတယ်။ အဲဒီတော့ National Mine Authority ဖွဲ့နိုင်ရင်ကောင်းမယ်။ ကျယ်ကျယ်ပြန့်ပြန့် ပိုပြီးဆောင်ရွက်နိုင်မယ်။ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကိုလည်း ကျွန်တော်တို့ ဖိတ်ကြားပြီးတော့ ဆောင်ရွက်နိုင်ရင်ကောင်းမယ်” ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။

တိုင်းရင်းသားလက်နက်ကိုင်ဟုဆိုရာတွင် အမျိုးအစားသုံးမျိုးရှိပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ Bilateral စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပစ်ခတ်ရပ်စဲရေး မလုပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဟူ၍ သုံးမျိုးဖြစ်ကြောင်း၊ မည်သို့ပင်ဆိုစေကာမူ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်တွင် အားလုံးပါဝင်နိုင်ရန် ဆောင်ရွက်ရေးသည် များစွာအရေးကြီးကြောင်း ဦးအောင်နိုင်ဦးက ဆိုသည်။

“ကျွန်တော့် တစ်ယောက်တည်းအနေနဲ့ စဉ်းစားချက်ကတော့ ဒီမိုင်းကိစ္စကို တစ်နိုင်ငံလုံးက ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်သိအောင်လုပ်နိုင်ဖို့ လိုတယ်လို့ထင်တယ်။ ဒါကြောင့်မို့လို့ ပြီးခဲ့တဲ့အစည်းအဝေးမှာလည်း ပြောခဲ့တာကတော့ ဖြစ်နိုင်လို့ရှိရင်တော့ ကျွန်တော်တို့ဒေသအတွင်းက Mine Action Authority ဟုတ်လား ထိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်ဆိုလည်း အများကြီးရှိတယ်။ ခေါ်ပြီးတော့မှ ကျွန်တော်တို့က သေသေချာချာ Regional Confrence တွေ၊ ဘာတွေလုပ်။ လုပ်ပြီးတော့မှ အစိုးရကနေပြီးတော့ နောက်ထပ်ဒီလိုကိစ္စမျိုးတွေမှာ ဘယ်လိုရှေ့လျှောက်ဆောင်ရွက်သွားမလဲဆိုတဲ့ စဉ်းစားချက်တွေကို ထပ်ပြီးတော့ တိုးပြီးတော့မှ ကျွန်တော်တို့လုပ်နိုင်မယ် ဆို့လို့ရှိရင်တော့ တဖြည်းဖြည်းနဲ့ ရှေ့တိုးသွားမယ်လို့ ကျွန်တော်အနေနဲ့ ထင်ပါတယ်” ဦးအောင်နိုင်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်ကျန်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးမှုပေါင်း ၃၃၇ မှုအထိရှိခဲ့ပြီး အဆိုပါထိခိုက်မှုများတွင် ပဋိပက္ခဖြစ်ပွားနေသည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် ထိခိုက်မှုအများဆုံးဖြစ်ပွားနေကြောင်း Unicef Myanmar က ဧပြီ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ၂၀၁၈ ခုနှစ် ပထမသုံးလအတွင်း မြန်မာနိုင်ငံတွင် မြေမြုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်ပစ္စည်းများကြောင့် ၄၂ ဦးထိခိုက်မှုဖြစ်ပွားခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှရရှိသည့် အချက်အလက်အရ သိရသည်။

မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုအနက် ကိုးခုတွင် မြေမြှုပ်မိုင်းနှင့် စစ်ပွဲလက်ကျန် ပေါက်ကွဲစေတတ်သည့်ပစ္စည်းများ ကျန်ရှိနေသေးသည်ဟု ယူဆကြောင်း ဥရောပသမဂ္ဂက ဧပြီ ၄ ရက်က သတင်းထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံသည် တစ်ကမ္ဘာလုံးတွင် မြေမြုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရမှု တတိယအမြင့်ဆုံးနေရာတွင် တည်ရှိနေကြောင်း မြေမြုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့၏ အစီရင်ခံစာ (၂၀၁၇ ခုနှစ်) တွင် ဖော်ပြထားသည်။

ငြိမ်းချမ်းရေးတိုးတက်ဖြစ်ပေါ်မှုနှင့်အညီ နှစ်ဖက်တပ်များ ခင်းကျင်းထားသော မိုင်းများကိုရှင်းလင်းရန်နှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များကို နိုင်ငံတော်အစိုးရနှင့် တစ်ဆင့်ချင်းညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်သွားရန် ဟူ၍ NCA စာချုပ်တွင် ဖော်ပြထားသည်။

မိုင်းရှင်းလင်းရေးနှင့်ပတ်သက်၍ နှစ်ဖက်ယုံကြည်မှု တည်ဆောက်နေသောအချိန် ဖြစ်သည့်အတွက် အချိန်တစ်ခုကို စောင့်ဆိုင်းရမည်ဖြစ်ကြောင်း JMC-U အတွင်းရေးမှူး (၂) တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောကြားထားသည်။

မြန်မာနိုင်ငံသည် မြေမြုပ်မိုင်းအသုံးပြုမှု တားမြစ်ပိတ်ပင်ခြင်း သဘောတူစာချုပ် (Mine Ban Treaty) တွင် လက်မှတ်ရေးထိုးထားခြင်းမရှိသလို ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ အသုံးပြုမှုတားမြစ်ပိတ်ပင်ခြင်း သဘောတူစာချုပ်တွင်လည်း လက်မှတ်ရေးထိုးထားခြင်းမရှိကြောင်း သိရသည်။

Most Read

Most Recent